Breaking News

မြင့်ကျော် - သတင်းမှား၊ သတင်းတုနဲ့ ရွေးကောက်ပွဲ



မြင့်ကျော် - သတင်းမှား၊ သတင်းတုနဲ့ ရွေးကောက်ပွဲ

(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၀

သတင်းမှား ၊ သတင်းတု၊ လုပ်ကြံသတင်း လို့ အဓိပ္ပါယ်ခပ်ဆင်ဆင် အခေါ်အဝေါ်တွေ အမျိုးမျိုးရှိကြပါတယ်။ မြန်မာဘာသာမှာတော့ ဒီစကားလုံးသုံးလုံးက အဓိပ္ပါယ်အားဖြင့် သိပ်မကွာကြပါဘူး။

သို့ပေမယ့် မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှု ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆို သုံးနှုန်းကြရာမှာ သတင်းမှား ဆိုတဲ့အရာကို တကယ့်သတင်းဌာနတွေက ထုတ်လုပ် မှားယွင်းဖေါ်ပြမိတဲ့ သတင်းမျိုးကို ရည်ညွှန်းကြပြီး သတင်းတု/လုပ်ကြံသတင်း ဆိုတာကတော့ တကယ့်သတင်းဌာနတွေက ထုတ်လုပ်တာမဟုတ်ပဲ နိုင်ငံရေး၊ ငွေကြေး သို့မဟုတ် တခြားသော အကျိုးအမြတ်အတွက် တမင်တကာ ရည်ရွယ်ပြီး သတင်းဌာနသဖွယ် အယောင်ဆောင်သတင်းဆိုက်၊ သတင်းပေ့ချ်တွေက ထုတ်လုပ်တာမျိုးကို ရည်းညွှန်းကြတာဖြစ်ပါတယ်။

အဲဒီလုပ်ကြံသတင်းဆိုတာတွေကတော့ မှန်ကန်ခြင်းမရှိတဲ့ အချက်အလက်တွေနဲ့ လုံးလုံးလျားလျား ဖန်တီးတာ၊ မှန်တဲ့အချက်အလက်တချို့ပေါ် အခြေတည်ပြီး မှားယွင်းတဲ့ သတင်းတပုဒ်ကို ဖန်တီးထားတဲ့ သတင်းတွေကို ခေါ်ကြတဲ့ စကားလုံးတွေဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ Fake News လို့ခေါ်ကြပါတယ်။ တချို့သော နိုင်ငံရေးသမားတွေကလည်း သူတို့မကြိုက်တဲ့ သတင်း၊ သူတို့ကို ဝေဖန်ပြောဆိုထားတဲ့ သတင်းတွေကို Fake News လို့ရောချခေါ်ဆိုတာမျိုးလည်း ရှိပါတယ်။

သတင်းတုတွေ ဘာလို့ခေတ်စားလာသလဲလို့ စောကြောကြည့်ရင် သတင်းတုဆိုတာတွေက ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။ ပုံနှိပ်မီဒီယာခေတ်ကတည်းက တဦးမှတဦး နှုတ်စကားနဲ့ လက်ဆင့်ကမ်းတဲ့ ပုံစံတမျိုးနဲ့ ရှိကြပါတယ်။ ပုံနှိပ်မီဒီယာပေါ်မှာ သတင်းတုကို တင်ဖို့က သိပ်မလွယ်ပါဘူး။ သတင်းမှား၊ သတင်းတု အတွက် တာဝန်ခံရတာကြောင့် အဲဒီခေတ်က သတင်းတု/သတင်းမှားတွေက ကောလဟလ အသွင်နဲ့ ပျံ့နှံ့ခဲ့ကြတာ တွေ့ရမှာပါ။

ခုလို အွန်လိုင်းမှာ ဆိုရှယ်မီဒီယာ မှာတော့မဟုတ်ဘဲ လူများအကြားမှာ ပျံ့နှံ့ဖို့ အတွက် တယောက်စကား တယောက်နားရောက်အောင် ကောလဟလပုံစံနဲ့ ပျံ့နှံ့အောင် လုပ်ခဲ့ကြတာပါ၊ ကောလဟလက လူတွေဆီရောက်ဖို့ အချိန်လည်းစောင့်ရသလို အဲဒီသတင်းရဲ့ သက်တမ်းကလည်း ခုခေတ်နဲ့စာရင် ပိုရှည်ကြာပါတယ်။

ဒီလို သတင်းတုတွေကို နိုင်ငံရေး အကျိုးအမြတ်အတွက် တဖက်နဲ့ တဖက် ဖန်တီးပြီး လူထုကို စည်းရုံးကြတယ်လို့ ပြောရင်လည်းမမှားပါဘူး။
ဒီလုပ်ငန်းတွေလုပ်ဖို့ "စိတ်ဓါတ်စစ်ဆင်ရေး" လို့ လူထုဆက်ဆံရေး နည်းပညာအခေါ်အဝေါ်နဲ့ ခေါ်ကြတဲ့ ဝါဒဖြန့်ချိရေးစစ်ပွဲကို ဆင်နွှဲကြတဲ့ သဘောလည်း ပြောလို့ရပါတယ်။ မြေပြင်မှာ ရုပ်ဝတ္ထုနဲ့ စစ်ပွဲဆင်နွှဲကြတာလည်း အရေးပါသလို စိတ်ဓါတ်စစ်ဆင်ရေး တနည်းအားဖြင့် ဝါဒဖြန့်ချိရေးစစ်ပွဲတွေကလည်း ရုပ်ဝတ္ထု စစ်ပွဲတွေအတွက် အထောက်အကူရနိုင်ပြီး စိတ်ဓါတ်စစ်ဆင်ရေးကြောင့် ပြင်ပစစ်ပွဲမှာ အနိုင်ရစေနိုင်တဲ့ အခြေအနေမျိုးလည်း ရှိတာတွေ့ရမှာပါ။

ဟို ပါးစပ်ပြော သတင်းတုဖြန့်ကြတဲ့ ခေတ်ကလည်း သတင်းကို ဖန်တီးသူက ဘယ်သူလဲဆိုတာ ခြေရာကောက်ဖို့ ခက်ခဲသလို ခု အွန်လိုင်းခေတ် ဆိုရှယ်မီဒီယာခေတ်မှာလည်း ခက်ခဲပါတယ်။ အိုင်တီနည်းပညာက လူ၊ အကောင့်၊ အင်တာနက် စတင်ချိတ်ဆက်ရာ နေရာ၊ သုံးတဲ့ ကိရိယာ၊ ဘရောက်ဆာ အချိန်ကာလ စက္ကန့် မိနစ်အထိ မှတ်တမ်းတင်ထားနိုင်သည့်တိုင် အချို့သော နည်းပညာတွေနဲ့ ခြေရာဖျောက်နိုင်တဲ့ အနေအထားတွေလည်း ရှိပါတယ်။

သတင်းတုတွေကို ဘယ်လိုသိနိုင်မလဲ၊

သတင်းတုဆိုတာကို သိနိုင်ဖို့က တဦးချင်း ‘’သတင်းဝါးဝမှု“ တနည်း သတင်းသိနားလည်မှု အပေါ်မှာလည်း မူတည်ပါတယ်၊ News Literacy လို့ အင်္ဂလိပ်ဘာသာနဲ့ သုံးနှုန်းပြီး မြန်မာဘာသာနဲ့ သတင်းဝါးဝမှု ဆိုတာက သတင်းတုကို တွေ့တဲ့အခါ သတင်းအသွားအလာ၊ ဖေါ်ပြတဲ့ လိပ်စာ ၊ အသုံးအနှုန်း ခေါင်းစဥ်ပေးပုံက အစ စိစစ်ပြီး ယုံသင့်မယုံသင့် ဆုံးဖြတ်တတ်တဲ့ အသိဉာဏ်ဗဟုသုတ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ လေ့လာသုတေသနလုပ်တဲ့အဖွဲ့တခု က သတင်းတုနဲ့ပတ်သက်လို့ စိစစ်နည်းလမ်း ၆ သွယ်ကို ဖေါ်ပြထားတာကို လေ့လာကြည့်မယ်ဆိုရင်

(၁) ဝေဖန်ဆန်းစစ်တဲ့ စိတ်မွေးရမယ်လို့ ဆိုပါတယ်။ မသင်္ကာဖွယ်ရာသတင်းကိုတွေ့တဲ့အခါမှာ ဒီသတင်းကိုရေးရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်နိုင်သလဲ၊ ပစ္စည်းရောင်းရအောင်လား၊ အယူအဆတခုကို သွတ်သွင်းယုံကြည်စေချင်လို့လား၊ ကြောက်လန့်အောင် လုပ်တာလား၊ စိတ်ဆိုးဒေါသထွက်အောင် လုပ်တာလား အစရှိတဲ့ဖြစ်နိုင်ခြေတွေကို တွေးဆကြည့်ခြင်းအား ဖြင့် အဖြေရှာတွေ့နိုင်တယ်ဆိုတာပါ။

(၂) အချက်ကတော့ သတင်းရင်းမြစ်ကို စစ်ဆေးဖို့ပါ။ သတင်းရင်းမြစ်ရဲ့နာမည်၊ သိပြီးသားလား အသစ်လား တကယ်ရော အပြင်မှာရှိရဲ့လား၊ ဝက်ဆိုက်ကို ကိုးကားထားတယ်ဆိုရင် အဲဒီဝက်ဆိုက်က တကယ်ရှိတာလား၊ သတင်းရေးသူက ဘယ်သူလဲ၊ သတင်းထဲပါတဲ့ ကျွမ်းကျင်သူဆိုတာက ဘယ်ကလဲ စတာတွေကို မေးခွန်းထုတ်ဖို့ဖြစ်ပါတယ်။

(၃) ဒီသတင်းနဲ့ပတ်သက်လို့တခြားဘယ်သတင်းဌာနတွေက ဖေါ်ြပသလဲ၊ သူတို့က ဘာပြောလဲ၊ ဘာကွဲလွဲသလဲ၊ ဘယ်အချက်က တူသလဲ စတာတွေ စိစစ်ဖို့ဖြစ်ပါတယ်။

(၄) သတင်းမှာပါတဲ့ သက်သေအထောက်အထားတွေကို စစ်ဆေးပါ။ သတင်းထဲပါတဲ့ ကျွမ်းကျင်သူ၊ သုတေသန အချက်အလက်ဆိုတဲ့ဟာတွေ၊ တရားဝင်ကိန်းဂဏန်းတွေ စတဲ့ဟာတွေက မှန်မမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။

အချက်(၅) ကတော့ သတင်းဓါတ်ပုံပါတိုင်း သတင်းမှန်တယ်လို့ မယူဆဖို့ပါ၊ သတင်းဓါတ်ပုံက သတင်းနဲ့ တကယ်သက်ဆိုင်တဲ့ပုံ ဟုတ်မဟုတ် စိစစ်ဖို့လည်း အကြံပေးထားပါတယ်။

နောက်ဆုံးအချက် (၆) ကတော့ မှန်လိမ့်မယ်လို့ထင်တိုင်း မယုံပါနဲ့ ဆိုတာပါ။ common scenes ကိုသုံးဖို့ဖြစ်ပါတယ်။ လူအများက သတင်းမှားတွေကို ယုံကြတဲ့အကြောင်းတချက်က မိမိရဲ့ အယူအဆနဲ့ ကိုက်ညီလို့ မစိစစ်တော့ဘဲ ယုံလိုက်ကြတာအများအပြားရှိပါတယ်။

အခုဖေါ်ပြခဲ့တဲ့ စိစစ်နည်းနာ ၆ ခုက သတင်းတုတွေကို ခွဲခြားနိုင်ဖို့ရာ အထောက်အကူဖြစ်စေမှာပါ။

ဒီလို သတင်းတုတွေကို စိစစ်တဲ့နည်းနာတွေနဲ့ ပညာပေးတာတွေ လုပ်ဖို့လိုပါတယ်။ လက်ရှိ မီဒီယာပလက်ဖောင်းပေါ်ကနေပဲ ပရိသတ်ကို သတင်းတုနဲ့ပတ်သက်တဲ့ ပညာပေးတာတွေ လုပ်ဆောင်သင့်ပါတယ်။ အဓိက တာဝန်ရှိတာကတော့ အစိုးရဖြစ်ပါတယ်။ နိုင်ငံသားတွေ သတင်းတုနဲ့ပတ်သက်လို့ ဗဟုသုတရှိလာအောင် အစိုးရအနေနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။

သတင်းတုက ပရိသတ်အပေါ် သက်ရောက်မှု မရှိဖို့ဆိုရင် ပရိသတ်က အသိဉာဏ်ဗဟုသုတ မြင့်မားလျင်သော်လည်းကောင်း အဲဒီသတင်းမျိုးတွေ ရှင်သန် ပျံ့နှံ့ခြင်းမရှိရအောင် သင့်လျှော်တဲ့ ဥပဒေစည်းမျဥ်းတွေထုတ်ပြန်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပလက်ဖောင်းပိုင်ရှင်တွေက ဖယ်ရှားလျင်သော်လည်းကောင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

လုပ်ဆောင်ရာမှာလည်း အစိုးရရဲ့အကျိုး၊ အဖွဲ့အစည်းတခုခုရဲ့ အကျိုးကာကွယ်ဖို့ ဆိုတာထက် အများပရိသတ်အကျိုးကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မီဒီယာနဲ့ ရွေးကောက်ပွဲ

ပါတီစုံစနစ်နဲ့ အုပ်ချုပ်ကြတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲကာလဟာ နိုင်ငံရေးအားပြိုင်မှုအပြင်းထန်ဆုံး ကာလတခုဖြစ်ပြီး အဲဒီကာလမှာ အနိုင်ရဖို့ရာ နည်းလမ်းမျိုးစုံသုံးကြတာသဘာဝပဲ ဖြစ်ပါတယ်။ ငွေချေးပေးပြီး မဲဆွယ်တာ၊ ကတိကဝတ်တွေပေး မဲဆွယ်တာ အစရှိတဲ့နည်းနာတွေရှိသလို မဲဆန္ဒရှင်တွေရဲ့ အတွေးအမြင်အယူအဆတွေ တွေဝေသွားအောင် လုပ်ပြီး ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ခတ်က ရုပ်ဝတ္တုပေးတာထက် အတွေးအမြင် ဝေဝါးအောင် ပြီးနောက်မိမိတို့လမ်းကြောင်းပေးတဲ့ အတွေးအမြင်အတိုင်း ယုံကြည်လာအောင် လုပ်ကြတာက ပိုများပြားလာပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲနဲ့ ကိမ်းဘရစ်ချ် အနာလစ်တစ် ဆိုတဲ့ လူထုဆက်ဆံရေးသုတေသနကုမ္ပဏီ အမျိုးအစားကုမ္ပဏီက အမေရိကန်မဲဆန္ဒရှင်တွေရဲ့ ဆိုရှယ်မီဒီယာက အချက်အလက်တွေကို သရုပ်ခွဲပြီး မဲဆန္ဒရှင်တွေဆုံးဖြတ်ချက် ဝေဝါးအောင် သတင်းအချက်အလက်မှားတွေ ပေးပို့ပြီး ရီပတ်ဗလစ်ကင် သမ္မတလောင်း ထရမ့်အနိုင်ရအောင် လုပ်ဆောင်ခဲ့တာကို ၂၀၁၈ ခုနှစ်မှာမှ ဖော်ထုတ်သိရှိရပါတယ်။

မြန်မာနိုင်ငံမှာတော့ အဲဒီလောက်ထိ နည်းပညာအားဖြင့် ရှုပ်ထွေးတဲ့ ငွေကုန်ကြေးကျများတဲ့ နည်းလမ်းတွေ သုံးချင်မှသုံးကြမှာပါ။ တခြားသော နည်းလမ်းတွေဖြစ်တဲ့ သတင်းဌာနအမည်ခံပြီး သတင်းတုတွေ ဖြန့်ဝေတာမျိုးနဲ့ လုပ်ဆောင်ကြတာကိုသာ လေ့လာတွေ့ရှိရပါတယ်။

အခြားတနည်းကတော့ သတင်းတု ထုတ်လုပ်တာမဟုတ်ပဲ ငွေကြေးတတ်နိုင်တဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေက မိမိတို့ပါတီ၊ လူပုဂ္ဂိုလ် အနိုင်ရစေဖို့ သတင်းမီဒီယာတိုက်၊ သတင်းထောက်တွေကို ငွေကြေးထောက်ပံ့ပြီး ၎င်းတို့ဘက်လိုက်ရေးသားခိုင်းတာမျိုး၊ တဖက်ကို အပုပ်ချ တိုက်ခိုက်တဲ့ သတင်းတွေရေးခိုင်းတာမျိုး လုပ်ဆောင်ကြတာမျိုးလည်း ရှိပါတယ်။ ဒီအတွက်လည်း ရွေးကောက်ပွဲမတိုင်မီ ငွေကြေးအများအပြားသုံးကြပြီး ခါးပိုက်ဆောင် သတင်းဌာနထောင်တာတွေ လက်ရှိမီဒီယာတွေထဲက သတင်းသမားအချို့ကို ငွေနဲ့ဝယ်တာတွေ လုပ်ကြလေ့ရှိပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့ကာလ၊ မဲဆွယ်တဲ့ကာလ တင်မကပဲ ရွေးကာက်ပွဲ ရက်နီးကပ်လာသည်နဲ့အမျှ မဲပေးမယ့်သူတွေကို တွေဝေအောင် ဝေဝါးအောင် လုပ်ဖို့ သတင်းတုတွေကို ထုတ်လုပ်ဖြန့်ဝေကြလိမ့်မယ်လို့ မှန်းဆရပါတယ်။

ဒါကြောင့် အမှန်တကယ် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ဖြစ်ဖို့အတွက် သတင်းတုတွေကို ကာကွယ်ဖို့ ၊ တုံ့ပြန်ခြေဖျက်ကြဖို့ ဆိုတာက အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။