Breaking News

ဒီမိုကရက် ဒုသမတလောင်းအဖြစ် ကင်မလာဟဲရစ် ပြိုင်မည်


ဒီမိုကရက် ဒုသမတလောင်းအဖြစ် ကင်မလာဟဲရစ် ပြိုင်မည်

(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၀

ယမန်နေ့က ဒီမိုကရက်ပါတီ၏ သမတလောင်း ဂျိူးဘိုင်ဒင် (၇၈နှစ်)က ၂၀၂၀အမေရိကန်သမတရွေးကောက်ပွဲအတွက် ဒုသမတလောင်းအဖြစ် အတူတကွဝင်ပြိုင်ရန် အထက်လွှတ်တော်အမတ် ကင်မလာဟဲရစ် (၅၅နှစ်) ကို ရွေးချယ်ကြောင်း ကြေညာလိုက်ပါတယ်။ ကင်မလာဟဲရစ်ဟာ ဒုသမတလောင်းအဖြစ် ပထမဦးဆုံး ဝင်ပြိုင်မည့် လူမည်း အမျိုးသမီး ဖြစ်သလို အိန္ဒိယသူမိခင်၊ ဂျာမကန်ဘွားဘခင်တို့ကနေ ဆင်းသက်တာကြောင့် လူမည်း၊ အာရှနွယ်အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဟဲရစ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာကနေ နိုင်ငံရေးနယ်ပယ်ထဲကို မြို့နယ်၊ ပြည်နယ်၊ ပြည်ထောင်စုအဆင့် တလှမ်းချင်း ခိုင်ခိုင်မာမာ တက်ရောက်လာတဲ့ ဥပဒေကျွမ်းကျင်သူ နိုင်ငံရေးသမားလည်း ဖြစ်ပါတယ်။ လစ်ဘရယ်ဖြစ်တယ်လို့ (လက်ဝဲဆန်တယ်) သတ်မှတ်ခံထားရတဲ့ အထက်လွှတ်တော်အမတ် ၄ ဦးထဲမှာ တဦးအပါအဝင်ဖြစ်ပါတယ်။ သူမနောက်ကမှ သမတလောင်းဝင်ပြိုင်ဖူးသူ အဲလစ်ဇဘက်ဝါရင်နဲ့ ဘာနီဆင်းဒါးတို့ ရှိပါသတဲ့။



လစ်ဘရယ်ဖြစ်တဲ့ ဒီမိုကရက်တွေကြားမှာ သူက အလယ်အလတ်ကျတယ်လို့ သတ်မှတ်ခံရပါတယ်။ အရမ်းလက်ဝဲမစွန်းဘူးလို့ ဆိုပါတယ်။ left center လို့ ပြောပါတယ်။ သူမက ရှေ့နေချုပ်အဖြစ် ဆန်ဖရန်မြို့နယ် ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆောင်ရွက်ခဲ့ဖူးတာကြောင့် ဥပဒေကျွမ်းကျင်ပြီး တရားမျှတမှုကို ဆောင်ရွက်ရာမှာ ပြတ်သားတယ်လို့ သတ်မှတ်ခံရပါတယ်။ အခု အရေးအခင်းတွေဖြစ်တဲ့ ပုလိပ်အကြမ်းဖက်မှုများ၊ မတရား နှစ်ရှည်ထောင်ချခံရမှုများ၊ လူမည်းများအရေး၊ ထရန့်၏ အာဏာရှင်ဆန်မှုကို တန်ပြန်ခြင်းများ၊ လူတန်းစားမညီမျှခြင်းနဲ့ ကိုဗစ်၁၉ ကပ်အတွင်း ကာကွယ်စောင့်ရှောက်မှု ပြဌာန်းရေး စတဲ့ လူအများအာရုံစိုက်ခံရတဲ့ တိုင်းပြည်အရေးတွေမှာ ဟဲရစ်က ရှေ့တန်းကနေ ရပ်တည် ပြောဆိုသူအဖြစ်လည်း အသိအမှတ်ပြုခံရပါတယ်။

သူ့ကို သမတလောင်း ဘိုင်ဒင်က ဒုသမတလောင်းအဖြစ် ယှဉ်တွဲအရွေးခံရန် ဆုံးဖြတ်လိုက်တာကို ဒီမိုကရက်မဲသမားတွေက ထောက်ခံကြိုဆိုကြပြီး လက်ဝဲဆန်သူတွေ ၊ အသားအရောင်ရှိသူတွေ (လူဖြူမဟုတ်သူတွေ) ကလည်း ကန့်ကွက်စရာ သိပ်မရှိဘူးလို့ ဆိုကြပါတယ်။ ပြိုင်ဖက် ထရန့်ပါတီကတော့ ဟဲရစ်ကို ရွေးချယ်တာ အန္တရယ်ရှိကြောင်း ဘိုင်ဒင်ဆိုတဲ့ အဖိုးကြီးကို ဒီမိန်းမက နောက်ကွယ်ကနေ ကြိုးကိုင်တော့မှာ ဖြစ်ကြောင်း၊ တကယ်သမတဟာ ကင်မလာဟဲရစ်ဖြစ်ကြောင်း ပုတ်ခတ်ထုတ်ပြန်ပါတယ်။

၂၀၀၈ အိုဘားမားသမတဝင်ပြိုင်ခဲ့ကတည်းက လက်ယာစွဲ ရီပတ်ဘလစ်ကန်တွေက သူတို့သမတလောင်း အဖိုးကြီး ဂျွန်မက်ကိန်းအတွက် ဒုသမတလောင်းအဖြစ် အမျိုးသမီး ဆာရာပေလင်ကို ရွေးပေးခဲ့ဖူးပါတယ်။ ဆာရာပေလင်ကတော့ ဒေါ်နယ်ထရန့်လို ဟော့ရမ်းတာကြောင့် လူအများကြား အငြင်းပွားစရာ ဖြစ်ခဲ့ရပါတယ်။ ၂၀၁၆မှာ ရီပတ်ဘလစ်ကန်တွေက နိုင်ငံရေးဝါမရှိတဲ့ စီးပွားရေးသမား တီဗီဖျော်ဖြေရေးကျွမ်းကျင်သူတဦးဖြစ်တဲ့ ထရန့်ကို ပွဲထုတ်ပြီး သမတဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိသမတထရန့်လက်ထက်မှာ နိုင်ငံရေး စီးပွားရေး လူမှုရေး အငြင်းပွားစရာ မျိုးစုံအပြင် နောက်ဆုံး ကိုဗစ်၁၉ကပ်အောက်မှာ သမတကြီးထရန့် ဦးဆောင်မှု ညံ့ဖျင်းမှုတွေကြောင့် လူ ၁သိန်း၆သောင်း သေဆုံးပြီး ၅ သန်းကျော် ကူးစက်ကာ စီးပွားရေး တောက်လျောက် ကျဆင်းလာပြီ ဖြစ်ပါတယ်။

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲကတော့ စိတ်ဝင်စားစရာ ဖြစ်လာပါပြီ။