Breaking News

မြဇင်ယော် - တောင်တန်းကြီးတွေ...

တောင်တန်းကြီးတွေ...

မြဇင်ယော်

(မိုးမခ) သြဂုတ် ၁၄၊ ၂၀၂၀

မနက်ခင်းတိုင်း လမ်းလျှောက်နေကျ စိုက်ခြံထဲရောက်ရင် ကိုယ့်စိတ်အာရုံက ခပ်ဝေးဝေးမှာ လှမ်းမြင်နေရတဲ့ တောင်တန်းကြီးတွေဆီ ရောက်သွားတယ်။ တောင်တန်းကြီးတွေရှိရာအရပ်ကို မျက်နှာမူမိပြီဆိုတာနဲ့ လမ်းဘေးကြည့်မနေတော့ဘူး။ လမ်းဘေးဝဲယာက စိုက်ပျိုးဖို့ပြင်ဆင်ထားတဲ့ ကွင်းပြင်ကြီး၊ ရိတ်သိမ်းနေဆဲ ပဲတီစိမ်းခင်းကြီး၊ အစွမ်းကုန်ပွင့်လန်းနေကြတဲ့ နေကြာပန်းခင်းကြီးတွေကိုကျော်ပြီး တောင်တန်းကြီးတွေရဲ့အနေ အထားကိုပဲ ကြည့်ချင်မိတယ်။ ဘေးဘီရှုခင်းတွေက အငြိမ်၊ ဆွဲဆောင်မှုမရှိ။ တောင်တန်းကြီးက အလှုပ်၊ ကိုယ်ကြည့်နေတုန်းမှာ ဘယ်လိုပြောင်းသွားမလဲ၊ ဘယ်လို မျက်လှည့်ပြမလဲဆိုတာ ပဟေဠိပါပဲ။ တခါတခါ မှိုင်းပြာပြာ။ တောင်တန်းပြာအရောင်ကို စုတ်ချက်တင်နိုင်ဖို့ လွယ်ပါ့မလား။ ပန်းချီပညာရှင်တွေကို မေးကြည့်ချင်လိုက်တာ။ ကောင်းကင်ပြာပြာ တောင်တန်းပြာပြာ။ ဘယ်လောက်တောင် ပနံရလိုက်ပါသလဲ။ 

တခါတရံ စိမ်းညို့ညို့နဲ့ လွမ်းစရာ။ ရာသီဥတုကြည်လင်တဲ့နေ့တွေမှာ၊ နေသာပြီး တိမ်ကင်းစင်တဲ့ရက်တွေမှာ စိမ်းမြနေတတ်ပါသေးတယ်။ တခါတလေ မြူခိုးတွေဆိုင်းနေလို့ ဖြူဆွတ်ဆွတ်။ ဖြူဆွတ်ဆွတ်ရဲ့နောက်ကွယ်က တောင်တန်းပြာကြီးက ပုန်းလျှိုးကွယ်လျှိုး၊ ပေါ်တလှည့် ကွယ်တလှည့်။ မျက်စိရှေ့တင် မြူခိုးတွေရွေ့လျားနေတာကို ငေးကြည့်ရင်း တဖြည်းဖြည်းရုပ်လုံးကြွလာမယ့် တောင်တန်းကြီးကိုမျှော်လင့်ရတာ စိတ်လှုပ်ရှားစရာ။ ကိုယ်လျှောက်နေတဲ့လမ်းနဲ့ လမ်းတဖက်တချက်ကကွင်းပြင်ကျယ်ကြီးကို အနားသပ်ပေးထားတာက အဲ့ဒီတောင်တန်းကြီးတွေပါပဲ။ 

ကွင်းပြင်ကျယ်ကျယ်ကြောင့် လွတ်လပ်လာတဲ့ စိတ်ခံစားချက်က တောင်တန်းကြီးတွေဆီ လွင့်ပါးသွားချင်အောင် မြှောက်ပင့်ပေးလိုက်တော့တာပဲ ။ ကိုယ်ရပ်နေတဲ့နေရာနဲ့ အနီးကလေးလို့ထင်ရတယ်။ ကိုယ်လျှောက်ရင်းလျှောက်ရင်း တောင်တန်းကြီးတွေနဲ့ နီးနီးလာသလို ခံစားရတယ်။ ကိုယ်ဟာ ကလေး ကလား အဲ့ဒီနေရာကို တောင်ပံလေးနဲ့ အရောက်ပျံသွားချင်စိတ် ပေါ်လာမိတာပါပဲ။ 

တကယ်တော့ ကိုယ်ဟာ တောင်တန်းကြီးတွေနဲ့ စိမ်းသူမဟုတ်ပါ။ မစိမ်းဆို ဇာတိရွာက တောင်ခြေမှာ‌လေ ။ အခု ကိုယ့်မျက်စိရှေ့က ဒီတောင်တန်းကြီးတွေကိုမြင်ရရင် မွေးရပ်ရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ တောင်တန်းကြီးတွေကို သတိရစေတယ်။ လွမ်းဆွတ်စေတယ်။ ဇာတိရပ်ရွာ မပြန်သာတဲ့အခါ တောင်တန်းချင်းအတူတူပဲဆိုတဲ့စိတ်နဲ့ ဖြေသိမ့်နေရတယ်။ မွေးရပ်ဌာနေက တောင်တန်းကြီးတွေဟာ ကိုယ့်ရဲ့ ငယ်ပေါင်းကြီးဖော်တွေပါ ။ မနက်ခင်းမိုးလင်းကနေ ညအိပ်ရာ ဝင်ချိန်အထိ မခွဲအတူတူ ရှိခဲ့ရတယ်။ နေထွက်ရင် နေလုံးကြီးဟာ တောင်တန်းကြီးကို မေးတင်ပြီးထွက်လာတယ်။ တဖြည်းဖြည်းချင်း မြင့်တက်လာတဲ့နေလုံးကြီးကိုငေးရတာ မျက်စိကျိန်းတယ်ဆိုပေမယ့် တကယ့်‌ကိုပျော်စရာကြီးပါ။ တနေ့တာအတွက် အားမာန်ဆိုလည်းဟုတ်ခဲ့တယ်။ ရာသီပြောင်းသွားရင် နေလုံးကြီးက နေရာပြောင်းတယ်။ ဟိုဘက်တောင်ထိပ်က ထွက်လာလိုက်၊ ဒီဘက်တောင်ထိပ်က ထွက်လာလိုက်။ လာနေကျလမ်းက ရိုးနေလို့ လမ်းကြောင်းပြောင်းပြီး ခရီးထွက်လာသလိုပါပဲ။ လမ်းကြောင်းတွေပြောင်းလည်း ရှုခင်းက မဟောင်းပါ ဆွဲဆောင်နေဆဲ ဖြစ်ခဲ့တယ်။ 

ညညရောက်ပြီဆိုလည်း တောင်တန်းကြီးနောက်ကွယ်က ပြူတစ်ပြူတစ်လုပ်ရာကနေ တဖြည်းဖြည်းချင်းမြင့်တက်လာတဲ့လကို ငေးကြည့်ရတာ တကယ့်အရသာ။ ကိုယ့်အိမ်က အရှေ့ဘက်လှည့်ဆိုတော့ ကိုယ် စာကျက်ပြဖို့ နေရာယူလိုက်ရင် တောင်တန်းကြီးနဲ့ ကိုယ်ဟာမျက်နှာချင်းဆိုင်ဖြစ်သွားတယ်။ တောင်တန်းကြီးအကွယ်ကနေ လထွက်လာတဲ့ရှုခင်းက စာကျက်ရမှာပျင်းနေတဲ့စိတ်တွေကို မိန်း‌မောစေတာပဲ။ စာအုပ်ကြီးကိုင်ပြီး ငေးနေရလားလို့ ကြိမ်း မောင်းခံရရင် စာတလုံးစ နှစ်လုံးစ ဝါးလားဝါးလား ပြန်အော်ပြီး လကိုပြန်ကြည့်တယ်။ လက တောင်တန်းကြီးနဲ့ ဘယ်လောက်ကွာလာပြီလဲ။ ဘယ်လောက်မြင့်တက်လာပြီလဲ။ လပြည့်ကျော်သွားရင် တောင်တန်းကိုကျော်ပြီး လကိုမျှော်တယ်။ မျှော်နေတဲ့လ မတွေ့ရရင် ကြားက နှစ်သိမ့်ပေးသူက တောင်တန်းကြီးပါ။ မှိုင်းမှောင်ပြီးတော့ သူလည်းပဲ စိတ်မကြည်လင်ကြောင်းပြပေးရှာတယ်။ 

မူလတန်းနဲ့အလယ်တန်းကျောင်းသူဘဝတလျှောက်လုံး ကျောင်းတက်ချိန် ဆရာ မလာသေးခင်နဲ့ ကျောင်းဆင်းချိန်တွေမှာ သူငယ်ချင်းတွေစုပြီး တောင်ပေါ်တက်ကြတယ်။ သစ်ခွပန်းရှာကြတယ်။ သပြေပန်းခူးကြတယ်။ ဆီးဖြူသီး တည်သီးဆွတ်ကြတယ်။ ရာသီချိန်ရောက်ရင် မှိုနှုတ်တယ်။ တောင်ကျချောင်းရိုးတလျှောက်မှာ မျှစ်ချိုးတယ်။ အင်ဥရှာတယ်။ ကိုယ်ကတော့ ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ သူငယ်ချင်းတွေရဲ့ နောက်လိုက်ဘိတ်ချေးသက်သက်ပါ။ သူတို့သွားရာနောက် တကောက်ကောက်လိုက်ရင်း တောင်တန်းကြီးကို အနီးကပ်ကြည့်ရရုံနဲ့ ကျေနပ်နေပြီး အဝေးကတောင်ရိုးတလျှောက်ကို ငေးနေရရင် ပျော်နေတယ်။ တောင်တန်းကြီးပေါ်က သစ်ပင်အကြီးကြီးတွေတွေ့ရင် ဖက်ကြည့်တယ်။ ခါချဉ်အတွယ်ခံရပြီးနောက်မှ မဖက်ရဲတော့တာ။ ကိုယ့်ကံက တောင် တန်းကြီးနဲ့ သူငယ်ချင်းဖြစ်ရမယ့်ဇာတာပါလို့သာ တောင်ခြေကို ရွာတွေရွှေ့ပြောင်းပြီးမှ လူလားမြောက်တယ်။ 

မိဘတွေ အရင်နေတဲ့နေရာက တောင်တန်းကြီးနဲ့ဝေးတယ်။ လူကြီးတွေက အဲ့ဒီ အရင်နေတဲ့ရွာဟောင်းကနေ တောင်တန်းကြီးကို ဖြတ်ပြီး တပ်ကုန်းမြို့ကို စျေးလိုက်ရတဲ့ခရီးအကြောင်းပြောပြတဲ့အခါ အံ့ဖွယ်သရဲ ပါပဲ။ တောကြီးလွန်းလို့ စျေးလိုက်တဲ့လှည်းတွေစုပြီး အနည်းဆုံး လေးငါးစီးရှိမှ ထွက်ကြရသတဲ့။ ဆင်သေဆည်တုပ်တော့မှ တောင်တန်းကြီးပေါ်မှာ လမ်းဖောက်တာတဲ့။ မိဘဘိုးဘေးလက်ထက်က တောကြီးတယ်ဆိုပေမယ့် ကိုယ်တွေတောင်ပေါ်တက်တော့ တောင်တန်းကြီးဟာ သစ်ပင်ကြီးတွေအစား မီးသွေးကျင်းကြီးတွေကို လွယ်ပိုးထားရရှာတယ်။ ဟိုတကျင်း ဒီတကျင်းနဲ့အနှံ့ပါပဲ။ မီးမတင်ရသေးတဲ့ မီးသွေးကျင်းအကြီးကြီးကို ပထမဆုံးတွေ့ဖူးတုန်းက ကိုယ်ဟာ လန့်ပြီး ကြောက်ဒူးတွေတုန်လာတယ်။ လူသေတွေ မြှုပ်ထားတဲ့ကျင်းကြီးမှတ်နေတာ။ သူငယ်ချင်းတွေက ကိုယ့်ကိုကြည့်ပြီး ဝိုင်းရယ်ကြတာ ပက်လက်ကိုလန်ကုန်ရော။ သူတို့ပြောမှ မီးသွေးကျင်းဆိုတာ သိရတာ။ နောက် တွေ့ရဖန်များလာတော့ ကျင်းဘယ်လောက်ကြီးကြီး မထူးဆန်းတော့ပါဘူး။ ဒီ မီး‌သွေးဖိုတဖိုရဖို့ မီးသွေးဖုတ်တဲ့ကျင်းကြီးတကျင်းပြည့်ဖို့ သစ်ပင်ကြီးကြီး ဘယ်လောက်များများခုတ်လိုက်ရသလဲ ကိုယ်မသိပါ။ မေးလည်းမမေးဖူးပါ။ သစ်ပင်သေးရင် မီးသွေးမဖြစ်ဘဲ ပြာဖြစ်သွားတတ်တယ်လို့တော့ ကြားဖူးတယ်။ မီးသွေးသုံးပြီး ထမင်းချက်တတ်တဲ့အရွယ်ရောက်ချိန်မှာ တောင်တန်းကြီးဟာ ကတုံးကြီးဖြစ်နေပါပြီ။ 

မိုးတွင်း မိုးရွာချိန်ဆို အရိုင်းဆန်ဆန် တဝေါဝေါနဲ့ တရှိန်ထိုးစီးဆင်းတတ်ပြီး ဆောင်းရာသီမှာ စိမ့်ရေလေးတွေ တသွင်သွင်စီးဆင်းတတ်တဲ့၊ ကိုယ့်ရွာကို အလယ်ကနေ နှစ်ပိုင်းပိုင်းပစ်တဲ့ တောင်ကျချောင်းကလေးဟာလည်း မိုးရွာချိန်ကလွဲရင် ရေမရှိတော့ပါ။ အရင်ကဆို ဆောင်းတွင်းနဲ့နွေမှာပါ ရေမပြတ်ပါ။ ကိုယ့်ရွာက ရေရှားတဲ့အပြင် အခုလိုမျိုး အဝီစိတွင်းတွေလည်း မရှိသေးတော့ ဒီချောင်းကလေးကို တော်တော်ကြီးအားကိုးခဲ့ကြရဖူးတယ်။ လူတွေကတော့ အဲ့ဒီအဝီစိတွင်းတွေကြောင့် ရေအဆင်ပြေပါပြီ။ သို့သော် သစ်ပင်လည်းပြုန်း၊ စမ်းရေလည်းဆုံးတဲ့တောင်တန်းကြီးခမျာ ဘယ်လောက်တောင် အထီးကျန်ဝမ်းနည်းနေရှာမလဲ။ တခါကလည်း မမေ့နိုင်စရာကြုံဖူးပါရဲ့။ 

မှတ်မှတ်ရရ လမိုက်ညတညမှာပေါ့။ စာကျက်နေရင်း တောင်တန်းကြီးဘက်ကို အမှတ်မထင်မော့ကြည့်မိတဲ့အခါ မီးလောင်နေတာတွေ့ရတယ်။ တောမီးတဲ့။ တအံ့တသြ ငေးကြည့်နေတုန်းမှာပဲ တဖြည်းဖြည်းကျယ်ပြန့်သွားလိုက်တာ၊ ကိုယ်တွေရွာက သီတင်းကျွတ်မီးထွန်းပွဲထက်‌တောင်လှနေသေးတယ်။ ညဉ့်မှောင်မှောင်နဲ့ တောမီးအရောင် စပ်ဟပ်မိနေချက်တော့ အခုထိ မျက်စိထဲမြင်နေတုန်းပဲ။ သြော် အဲ့ဒီအချိန်က ငယ်သေးတော့ တောင်တန်းကြီး ဘယ်လောက်ပင်ပန်းနေရှာမလဲ မတွေးခဲ့၊ တွေးရမှန်းလည်း မသိခဲ့။ အခုမှတွေးပြီး လှိုက်မောမိပါရဲ့။ 

ငယ်ငယ်က ပထဝီဖတ်ရပြီဆိုရင် တောင်တန်းဆိုတာ ဘာ၊ တောင်ကုန်းဆိုတာ ဘာ၊ တောင်မကြီးဆိုတာ ဘာ၊ ကမူဆိုတာ ဘာ၊ အဲ့လိုမျိုး တောင်နဲ့ပတ်သက်တဲ့ အခေါ်အဝေါ် တွေ မသိလို့ တော်တော်ဒုက္ခရောက်ခဲ့တာ။ ဗမာပြည်မြေပုံဆွဲပြီး အစက်ကလေးတွေချ၊ ဘာစက်ရုံ ညာစက်ရုံ၊ ဘာတောင်ကုန်း၊ ညာတောင် ကုန်း၊ အဲ့သလိုမျိုးတွေ ညွှန်းပြခိုင်းရင်လည်း အင်မတန် ဒုက္ခရောက်ပါတယ်။ ကိုယ်တက်တဲ့ကျောင်းက တွဲဖက်အလယ်တန်းကျောင်းဆိုတော့ အစိုးရခန့်ဆရာ မရှိ‌လို့ ကိုယ့်အားကိုကိုးပြီး ဆရာခေါ်တဲ့အခါ အင်္ဂလိပ်နဲ့ သင်္ချာသင်မယ့် ဆရာနှစ်ယောက်ပဲရှိပါတယ်။ ပထဝီရယ် သမိုင်းရယ် သိပ္ပံရယ်လို့ သီးသန့် မသင်ရတဲ့အခါ ပိုဆိုးပါတယ်။ အဲ့ဒီလို ပထဝီညံ့တဲ့ကိုယ်က ကိုယ့်မိတ်ဆွေတောင်တန်းကြီးနာမည်လေးတော့ သိချင်မိတယ်။ တချို့က ပဲခူးရိုးမတဲ့။ တချို့က ဖိုးစောင့်တောင်တဲ့။ ဘယ်လိုပဲခေါ်ခေါ် ဒီတောင်တန်းကြီးကို အစွဲပြုပြီးတော့ ကိုယ့်နယ်ဘက်ကလူတွေကို မြို့နေလူတွေက တောင်ရိုးအနောက်ဘက်သားတွေလို့တောင် ခေါကြတာတော့ သေချာတယ်။ 

အထက်တန်းကျောင်းသူဘဝရောက်လို့ မြို့ကျောင်းသွားတက်ရတဲ့အခါ တောင်တန်းကြီးကို ကျော်လာရင် ရွာကို တကယ်ခွဲလာရပြီဆိုပြီး ဝမ်းနည်းခဲ့ရတယ်။ အဲ ပြန်လာပြီဆိုရင်လည်း ခပ်ဝေးဝေးကနေ မှိုင်းပြပြတောင်တန်းကြီးကို မြင်လိုက်ရပြီဆိုတာနဲ့ ကိုယ့်အရပ် ကိုယ့်ရွာ ကိုယ့်တောင်တန်းဆိုတဲ့အသိကြောင့် လှိုက်ခနဲ ပျော်သွားတတ်တယ်။ တောင်တန်းကြီးပေါ်ရောက်ပြီး ကိုယ့်ရွာကို အပေါစီးကနေကြည့်ရတဲ့ရှုခင်းဟာ အချိန်တွေဘယ်လောက်ကြာကြာ စွဲနေခဲ့တာ။ 

တက္ကသိုလ်ကျောင်းသူဘဝ ရောက်လာတော့ ငယ်ငယ်ကလို စိတ်ခံစားမှုမျိုးထက် ရွာအပြန်လမ်းတလျှောက် တောင်တန်းကြီးကို အဝေးကကြည့်ရင် မှိုင်းညို့နေသေးရဲ့လား၊ အနီးရောက်ပြန်ရင်လည်း သစ်ပင်ငယ်တွေ ပြန်ပေါက်နေသလား၊ သစ်ပင်ကြီးတွေရော ကျန်ရဲ့လားဆိုသလိုမျိုးတွေပဲ ပိုပြီးအာရုံစိုက်မိတယ်။ အရွယ်ရောက်လာတာနဲ့အမျှ ငယ်ငယ်က ပထဝီသင်ရတုန်းသိချင်ခဲ့သလိုမျိုး တောင်တန်းဆိုတာ ဘာဆိုတာထက် တောင်တန်းကြီးတွေ့ရရင် သစ်ကြီးဝါးကြီးရှိသေးရဲ့လားပဲ စိတ်ဝင်စားတော့တယ်။ တောင်တန်းနာမည်လည်း မသိချင်။ ဘာအပင်တွေပေါက်သလဲဆိုတာလည်း မသိချင်။ ဘာမြေအမျိုးအစားလဲ မသိချင်။ အဓိပ္ပာယ်သတ်မှတ်ရတာ၊ ပါဝင်ပစ္စည်းတွေကို ခွဲခြားသတ်မှတ်ရတာ၊ နာမည်ပေးရတာတွေက ပညာရှင်တွေ အလုပ်ပဲ။ ကိုယ်နဲ့လားလားမျှမဆိုင်။ 

ကိုယ်စိတ်ဆန္ဒကတော့ တောင်တန်းကြီးပေါ်က အမျိုးအစားစုံလင်လှတဲ့သစ်ပင်ကြီးငယ်တွေကို ရန်သူမျိုး ငါးပါးဘေးက ကင်းဝေးကြစေချင်တယ်။ တကယ်တော့ တောင်တန်းကြီးတွေ ရန်သူမျိုးငါးပါးဘေးကင်းဖို့က တွေးရုံ ပြောရုံသာလွယ်တာ။ နောက်ကွယ်မှာရှိနေတဲ့ ကိုယ်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ကိုယ်တို့နိုင်ငံရဲ့စီးပွားရေး၊ ကိုယ်တို့နိုင်ငံရဲ့ သယံဇာတမုဆိုးတွေ ဝိသမလောဘသားတွေ ဒါတွေလုံးဝမရှိတော့မှ ဘေးကင်းကြမှာပါလား။ 

ကိုယ်ကတော့ ..တောင်တန်းကြီးတွေကနေ မြစ်ဖျားခံလာတဲ့ တောင်ကျချောင်းထဲမှာ စမ်းထွက်နေတဲ့ ရေလေးတွေကို မြင်ချင်တယ်။ ကိုယ့်ရွာအရှေ့ဘက်က တောင်တန်းကြီးကစလို့ ကိုယ်မမြင်ရနိုင်တဲ့နေရာတွေ ဒေသတွေကတောင်တန်းကြီးတွေပါမကျန် ရှိရှိသမျှ ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာရှိတဲ့ တောင်တန်းပြာကြီးများအား လုံး သက်ရှည်ကျန်းမာပါစေ။ ဘေးအန္တရာယ်ကင်းရှင်းပြီး မှိုင်းတခါ ညို့တလှည့် စိမ်းတလီမြူတထွေနဲ့ လှမာန်ကြွယ်ကြပါစေဆိုတဲ့ ဆန္ဒတွေနဲ့ ချစ်လှစွာသော တောင်တန်းကြီးတွေကို ကြည့်ငေးလို့...။ ။ 

မြဇင်ယော်