Breaking News

ယုန်လေး၏ သီချင်းဗီဒီယိုကို Facebook စာမျက်နှာငါးခုက တစ်ပြိုင်နက်တင်ခဲ့

ယုန်လေး၏ သီချင်းဗီဒီယိုကို Facebook စာမျက်နှာငါးခုက တစ်ပြိုင်နက်တင်ခဲ့

စန္ဒာဉာဏ် (Myanmar NOW)

(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၀

အဆိုတော်ယုန်လေး၏ အငြင်းပွားဖွယ် သီချင်းဗီဒီယိုကို ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံရန် ဆော်ဩပေးနေသည့် Facebook စာမျက်နှာနှစ်ခု၊ တပ်မတော်အကြောင်း ထောက်ခံရေးသားနေသည့် စာမျက်နှာငါးခု၊ NLD ကို ရေးသားတိုက်ခိုက်နေသည့် စာမျက်နှာငါးခုကလည်း ပြန်တင်ခဲ့ကြသည်

"ငါတို့အားလုံးရဲ့မြေ” တေးသီချင်းဗီဒီယိုပါ ဇာတ်ကွက်တစ်ခု

ဝါဒဖြန့်ချိရေးအသွင်ပေါက်သည့် တေးသီချင်းရုပ်သံကို အဆိုတော်ယုန်လေး၏ Facebook စာမျက်နှာတွင် တင်သည့်အချိန်နှင့် မိနစ်မခြားဘဲ တပ်ချုပ်၏ သမီးဖြစ်သူရှယ်ယာပါသည့် ကုမ္ပဏီနှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်များပိုင်ကုမ္ပဏီများ၏ အနုပညာလုပ်ငန်းများအကြောင်း ဖော်ပြပေးနေသည့် Facebook စာမျက်နှာကလည်း တစ်ပြိုင်နက်တည်း လွှင့်တင်ခဲ့သည်။

အချိန်အားဖြင့် ၁၄ မိနစ်ခန့်ကြာမြင့်သည့် “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီမြန်မာပြည်)” ဂီတဗီဒီယိုကို အဆိုတော်ယုန်လေးက ၎င်း၏ Facebook အကောင့်တွင် ဩဂုတ် ၄ နံနက် ၁၀ နာရီ ၅ မိနစ်တိတိတွင် လွှင့်တင်ခဲ့ပြီး ‘Valentino Entertainment Group’ အမည်ရှိ Facebook စာမျက်နှာကလည်း နံနက် ၁၀ နာရီ ၅ မိနစ်တွင် တစ်ချိန်တည်း လွှင့်တင်ခဲ့သည်။

“Valentino Entertainment Group” Facebook စာမျက်နှာသည် ၂၀၁၆ ဇွန်လကတည်းက “ငကွဲ Vs ငပြဲ” အမည်ဖြင့် စာမျက်နှာပြုလုပ်ထားခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီလကုန်အထိ ဟာသဗီဒီယိုများသာ တင်နေခဲ့သည်။ ၂၀၂၀ မတ် ၂၄ တွင် Valentino Movie Entertainment ဟု စာမျက်နှာအမည်ကို စတင်ပြောင်းလဲခဲ့ပြီး ဧပြီတွင် ‘Valentino Entertainment Group’ ဟု အမည်ထပ်မံပြောင်းလဲခဲ့သည်။ အဆိုပါစာမျက်နှာကို Follow လုပ်ထားသူအရေအတွက် ၄ သိန်းခွဲကျော် ရှိသည်။

အဆိုပါ Facebook စာမျက်နှာသည် ၂၀၂၀ မတ်လမှစတင်ကာ Myanmar Media 7 ၊ V7 Entertainment ၊ King 7 Dynasty Production နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သမီးရှယ်ယာပါဝင်ထားသည့် 7th Sense Creation တို့က စီစဉ်ထုတ်လုပ်သည့် ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ၏ နမူနာအမြည်း (trailer) များ၊ ယုန်လေးအပါအဝင် အဆိုတော်အချို့၏ သီချင်းဗီဒီယိုများအများစုကိုသာ ဆက်တိုက်ထုတ်လွှင့်လာခဲ့သည်။

တပ်ချုပ်၏သမီး ဒေါ်ခင်သီရိသက်မွန်၊ အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဦးစံကိုကိုတင့်ဆန်းတို့နှင့်အတူ 7th Sense Creation ရုပ်ရှင်ထုတ်လုပ်ရေးကို ပူးပေါင်းထူထောင်ထားကြသည့် ဦးဝေမင်းမောင်နှင့် ဦးနိုင်ဖြိုးကျော် (ခေါ်) ဦးကိုကိုနိုင်တို့က Myanmar Media 7 ၊ King 7 Dynasty Production နှင့် V7 Entertainment ထုတ်လုပ်ရေးကုမ္ပဏီတို့ကို ပိုင်ဆိုင်သည်။

ထိုတေးသရုပ်ဖော်ရုပ်သံတွင် ရုပ်ရှင်သရုပ်ဆောင် မို့မို့မြင့်အောင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားပြီး မျက်နှာဖုံးစွပ်မသမာသူအချို့က လုပ်ကြံရာ တပ်မတော်က လာရောက်ကယ်တင်လိုက်သည်ဟု ဇာတ်အိမ်ဆင်ထားသည်။

ထိုတေးသရုပ်ဖော်ရုပ်သံကို “Valentino Entertainment Group” အပါအဝင် “Yone Lay” ၊ “Special 9” ၊ “သတိ - အန္တရာယ်ရှိသည်” နှင့် “Original Gangster” စသည့် Facebook မျက်နှာငါးခုက တပြိုင်နက်တည်း တင်ခဲ့သည်။

“Yone Lay” စာမျက်နှာမှာ အဆိုတော်ယုန်လေး၏ တရားဝင်စာမျက်နှာဖြစ်ပြီး “သတိ - အန္တရာယ်ရှိသည်” နှင့် “Special 9” တို့မှာ ယုန်လေးက ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးထားသည့် ရုပ်ရှင်ကားများ၏အမည်ဖြင့် ဖွင့်ထားသော Facebook စာမျက်နှာများဖြစ်သည်။ “Original Gangster” စာမျက်နှာသည်လည်း ယုန်လေး ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားအမည်ဖြင့် ဖွင့်ထားခြင်းဖြစ်သည်။

ယုန်လေးသည် အဆိုပါအငြင်းပွားဖွယ်ဂီတဗီဒီယိုကို ၎င်း၏ အကောင့်နှင့် Original Gangster စာမျက်နှာတွင် ဩဂုတ် ၅ မနက်ပိုင်းအထိ တင်ထားခဲ့ပြီး ဂီတဗီဒီယိုနှင့် ပတ်သက်၍ မွန်းလွဲပိုင်းတွင် Live လွှင့်တောင်းပန်ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့သည်။ ယုန်လေးက ဂီတဗီဒီယိုကို ၎င်း၏ အကောင့်နှင့်စာမျက်နှာများတွင် ဖြုတ်ချခဲ့ပြီးနောက် “Valentino Entertainment Group” ၏ စာမျက်နှာကလည်း ဖြုတ်ချခဲ့သည်။


Collage_1.Jpg


အဆိုတော်ယုန်လေး၏ တေးသီချင်းဗီဒီယိုကို တစ်ပြိုင်နက်တင်ခဲ့သည့် Facebook စာမျက်နှာငါးခု (Myanmar Now)

တပ်ချုပ်သမီး ရှယ်ယာပါဝင်သည့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ယုန်လေး၏ ဗီဒီယို တင်ထားသည့် “Valentino Entertainment Group” စာမျက်နှာတို့ ဆက်စပ်မှုရှိမရှိ မေးမြန်းနိုင်ရန် ယင်းကုမ္ပဏီတွင် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝေမင်းမောင်ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်မဖြေကြားခဲ့ပေ။

7Day သတင်းဌာန၏ ဩဂုတ် ၅ သတင်းတစ်ပုဒ်တွင်မူ ယုန်လေး၏ အငြင်းပွားဖွယ်သီချင်းဗီဒီယိုနှင့် ပတ်သက်ဆက်စပ်မှု မရှိကြောင်း ဦးဝေမင်းမောင်က ဖြေကြားထားသည်။

ဝေဖန်ခံရသည့် ဇာတ်ကွက်များ

မြန်မာပြည်သူများက ပါတီစွဲ၊ အလံစွဲမထားဘဲ စိတ်ဓာတ်များကို ပြောင်းလဲမှသာ စည်းလုံးညီညွတ်မှုအားဖြင့် နိုင်ငံ၏ အလင်းလက်ဆုံး၊ အတောက်ပဆုံး နေ့ရက်များသို့ ရောက်ရှိမည်ဟူသည့် အဓိပ္ပါယ်ဖြင့် သီချင်းကို အဆိုတော်ယုန်လေးက သရုပ်ဖော်ထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခံရသောကြောင့် လုပ်ငန်းရှင်သာမက အခြေခံလူတန်းစား အလုပ်သမားများ ဒုက္ခရောက်ရပုံဖြင့် တေးသရုပ်ဖော်ဇာတ်လမ်းကို စတင်ထားသည်။

သို့သော် “သူဌေးတွေမမုန်းပါနဲ့ သူတို့ရဲ့နောက်မှာ အခြေခံလူတန်းစားများစွာ”၊ “ခြံဝန်းတစ်ခုမှာ ခြံခတ်မှလုံခြုံမှာ တိုင်းပြည်တစ်ပြည်မှာ စစ်တပ်မရှိရင် လုံခြုံမလား”၊ “အဘဘောမစစ်ခွေးလို့လှုံ့ဆော်ပြီး မင်းတို့သိပ်ပျော်နေကြ ထမိန်ခြုံလို့ထပ်ပြော တိုင်းပြည်ရဲ့အမှိုက်တွေ ကြိတ်ပျော်နေတာ ဒါနိုင်ငံတော်ပြိုကွဲမှုကိုဖိတ်ခေါ်နေတာ မကောင်းဘူး မလုပ်နဲ့”၊ “ငါတို့ဦးညွတ်တဲ့အလံက ခြင်္သေ့၊ ခွပ်ဒေါင်း မဟုတ်ဘူး အကုန်ပယ်တယ်”၊ “နိုင်ငံအတွက်မရှိသင့်တဲ့ လော်ဘီတစ်ဖက်ပိတ်များ”၊ “တစ်မျိုးသားလုံးက စိတ်ဓာတ်များကို ပြင်ဆင်နေတုန်းမှာ အာဏာရှင်များက တစ်ချက်လောက်ငဲ့ကာ ဆင်ခြင်ပေးပါ” စသဖြင့် အဓိပ္ပါယ်ကောက်ယူရခက်သည့် သီချင်းစာသားများသည် အများပြည်သူနှင့် လူမှုကွန်ရက်အသုံးပြုသူများကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

သရုပ်ဖော်ဇာတ်လမ်းထဲတွင် “ငါတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံပါ ခေါင်းမာမနေပါနဲ့” ၊ “မင်းသေချာစဉ်းစားပါ... မင်းကို ကာကွယ်ပေးမယ့်သူ ဘယ်သူမှ မရှိဘူး” ၊ “မင်းမလိုက်လျောရင် မင်းအတွက် အန္တရာယ်ရှိတယ်” ဟူသည့် စကားများဖြင့် ခေါင်းဆောင်အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ထားသည့် ဇာတ်ကွက်များလည်း ပါဝင်သည်။

ယုန်လေး၏ အငြင်းပွားဖွယ်သီချင်းဗီဒီယိုကို Facebook စာမျက်နှာ ၁၄ ခုကလည်း ပြန်တင်ထားပြီး ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံရန် ဆော်ဩပေးနေသည့် စာမျက်နှာနှစ်ခု၊ တပ်မတော်အကြောင်း ထောက်ခံရေးသားနေသည့် စာမျက်နှာငါးခု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို တိုက်ခိုက်ရေးသားနေသည့် စာမျက်နှာငါးခုနှင့် အခြားစာမျက်နှာနှစ်ခု ပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံရန် ဆော်ဩပေးနေသည့် စာမျက်နှာများဖြစ်သည့် “၂၀၂၀ USDP ကို မဲပေးပါ” နှင့် အပြာရောင်အမှန်ခြစ်ရရှိထားသည့် “USDP Women Committee” တို့က အဆိုပါဗီဒီယိုကို ပြန်လည်တင်ခဲ့ကြသည်။

တပ်မတော်အကြောင်း ထောက်ခံရေးသားနေသော စာမျက်နှာငါးခုမှာ “Myanmar Power”၊ “ပုလဲရွှေပြည်”၊ “For Our Motherland”၊ “Twenty-four seven media”၊ “တပ်မတော်နှင့် စစ်သတင်းများ” ဖြစ်သည်။

NLD ပါတီကို တိုက်ခိုက်ရေးသားနေသည့် စာမျက်နှာများဖြစ်သော “သတင်းစုံ Myanmar”၊ “ရွှေမြန်မာမီဒီယာ”၊ “Dollar Rate - ယနေ့ငွေဈေး”၊ “ဖြစ်ရပ်မှန်-သတင်း”၊ “Myanmar Hard Talk” တို့အပြင် “Best Gadgets Now”နှင့် “News Myanmar” အမည်ရှိ စာမျက်နှာများကလည်း တင်ထားသည်ကို တွေ့ရသည်။


Collage_2.Jpg


အဆိုတော်ယုန်လေး၏ တေးသီချင်းဗီဒီယိုကို ပြန်လည်တင်ထားသည့် အခြား Facebook စာမျက်နှာများ (Myanmar Now)

အဆိုတော် ယုန်လေးနှင့် သိကျွမ်းမှုမရှိသလို ယင်းဗီဒီယိုနှင့်လည်း ပတ်သက်မှု မရှိသည့်အပြင် ငွေကြေးပံ့ပိုးထားခြင်းလည်းမရှိဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က Myanmar Now ကို ပြောသည်။

“ဘာမှမပတ်သက်ဘူး။ သူက ဒါအနုပညာရှင်ပဲလေ။၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တုန်းကလည်း အနုပညာရှင်တွေက ပြောင်းလဲချိန်တန်ပြီဆိုပြီး ရိုက်ကြတာပဲမဟုတ်လား။ အဲ့တုန်းက NLD က ထောက်ပံ့ပြီး NLD ရဲ့ ငွေကြေးနဲ့ရိုက်တာလား အဲဒါဆို၊ မေးစရာရှိတာကလေ” ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသည့် စာမျက်နှာများက အဆိုပါဗီဒီယိုကို တင်ခြင်းမှာလည်း မဲဆွယ်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း၊ ၎င်းကိုယ်တိုင်လည်း ဗီဒီယိုက ပေးချင်သည့် သတင်းစကား (Message) ဖြစ်သော စည်းလုံးညီညွတ်မှုအားကို သဘောကျသဖြင့် ကိုယ်ပိုင်အကောင့်တွင် ပြန်လည်ရှယ်ထားသည်ဟု ဒေါ်နန်းမြမြမီမီဇော်က ဆက်ပြောသည်။

သီချင်းဗီဒီယိုတွင် ပါဝင်သည့် ကုန်ပစ္စည်းအမှတ်တံဆိပ်နှစ်ခု TaoMungkorn (လိပ်နဂါးတံဆိပ်အမွှေးတိုင်) နှင့် WOW (အဆီကျဗိုက်ချပ်ဖြည့်စွက်စာများ) သည် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများဖြစ်ပြီး ကုမ္ပဏီတစ်ခုတည်းက ကိုယ်စားလှယ်ယူကာ မြန်မာနိုင်ငံတွင် ပြန်လည်ဖြန့်ဖြူးရောင်းချနေသည်။

“တစ်စုံတစ်ခုများ ဖြစ်ခဲ့မည်ဆိုလျှင်လည်း ကျွန်တော်ယုန်လေးတစ်ယောက်တည်းနှင့်သာ သက်ဆိုင်ပါသည်ခင်ဗျာ” ဟူသော ဗီဒီယို၏ အဆုံးတွင် ပါဝင်သည့် စာသားအရ ဗီဒီယို၏ နိုင်ငံရေးဆိုင်ရာဖော်ပြမှုများသည် ၎င်းတို့၏ ကုမ္ပဏီနှင့် မသက်ဆိုင်ဟု မြန်မာနိုင်ငံသို့ WOW အမှတ်တံဆိပ် အဆီကျဗိုက်ချပ်ဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချရေးတာဝန်ယူထားသည့် ကိုစိုင်းက Myanmar Now ကို ပြောသည်။

“ကိုယုန်လေးရဲ့ ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ အဲ့အကြောင်းအရာတွေက ဒီဘက်က (ကုမ္ပဏီ) နဲ့ မသက်ဆိုင်ပါဘူးလို့ ပြောချင်ပါတယ်။ ဒါက သူ့တစ်ယောက်တည်းရဲ့ ယူဆချက်ပေါ့နော်” ဟု ၎င်းကပြောသည်။

သီချင်းဗီဒီယိုကို ပုံဖော်ခဲ့ကြသူများ

သီချင်းဗီဒီယိုကို Myanmar Idol သီချင်းဆိုပြိုင်ပွဲများတွင် နောက်ဆုံးစကာတင် ဖြစ်ခဲ့သူများ အပါအဝင် အဆိုတော် ၂၇ ဦး၊ နာမည်ကြီးသရုပ်ဆောင် မို့မို့မြင့်အောင်၊ သားညီ၊ ညီနန္ဒတို့ အပါအဝင် ၃၀ ကျော်နှင့် ထုတ်လုပ်ရေးအဖွဲ့ဝင် (Crew) ၉ ဦးခန့် စုစုပေါင်း ၇၀ ခန့်ဖြင့် ရိုက်ကူးထားသည်။

သီချင်းစာသား ရေးသားသူမှာ အဆိုတော်ယုန်လေးဖြစ်ပြီး သရုပ်ဖော်ဇာတ်လမ်းကိုလည်း ၎င်းကပင် ရေးသားပြီး ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားသည်။ တေးသီချင်းထုတ်လုပ်သူများအဖြစ် အဆိုတော်မိုးမိုးနှင့် သရုပ်ဆောင်နေတိုး၏ Story Board ရိုက်ကူးရေးစတူရီယိုမှ သားငယ်တို့က တာဝန်ယူထားသည်။

သီချင်းဗီဒီယိုထုတ်လုပ်မှုအတွက် မည်သည့်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီကမျှ ငွေကြေးထောက်ပံ့မှု မရှိပါဟု သီချင်းဗီဒီယိုနှင့် ပတ်သက်၍ Facebook စာမျက်နှာမှတဆင့် ယုန်လေးက ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်ပြီး တောင်းပန်ခဲ့စဉ် ပြောကြားခဲ့သည်။

၎င်းအနေဖြင့် “ပေါင်းစည်းရေး စည်းရုံးရေး” စိတ်ကူးဖြင့် ရုပ်ရှင်ဇာတ်ကားတစ်ခု ထပ်မံရိုက်ကူးရန် အစီအစဉ်ရှိသော်လည်း ဝေဖန်မှုများကြောင့် လက်လျှော့လိုက်ပြီဟုလည်း ယုန်လေးက ပြောခဲ့သည်။

“ကျိန်းသေတာ တစ်ခုကတော့ ကျွန်တော့်ကို ဘယ်အဖွဲ့အစည်း ဘယ်ပါတီကမှ၊ ဘယ်သူကမှ ကျွန်တော့်ကို ဝယ်လို့မရပါဘူး။ ကျွန်တော့်စိတ်ဓာတ်ကို ရင်းတဲ့လူတွေ (ရင်းနှီးသူ) သိမှာပါ။ ကျွန်တော် ဘယ်သူ့ခိုင်းစေမှုမှ မလုပ်ပါဘူး။ နောက်တစ်ခုက ပါဝင်တဲ့ လူတိုင်းလည်း တစ်ကျပ်တစ်ပြားမှ မရကြပါဘူး။ မေတ္တာနှင့် ပါဝင်ကူညီတာပါ” ဟု ဆိုသည်။

သို့သော်လည်း သီချင်း၏ သရုပ်ဖော်ဗီဒီယိုကို ယုန်လေး၏ တောင်းဆိုချက်ကြောင့် ပုံမှန်တည်းဖြတ်ခဈေးနှုန်း ကျပ်တစ်သိန်းခွဲဖြင့် တည်းဖြတ်ပေးခဲ့သည်ဟု ယခင်ကလည်း ယုန်လေး၏ သီချင်းဗီဒီယိုများကို တည်းဖြတ်ပေးလေ့ရှိသည့် တည်းဖြတ်သူ အတင့် (Atint) က Myanmar Now ကို ပြောသည်။

“သူကဒါရိုက်တာလေ။ သူ့အိုင်ဒီယာ ဘယ်လိုပေါ်သလဲ ကျွန်တော်တော့မသိဘူး။ သူဆက်ခိုင်းတာတော့ ကျွန်တော် ဆက်ပေးတာပဲ ရှိတာလေ” ဟု ၎င်းကပြောသည်။

၎င်းသည် အလွတ်တန်းဗီဒီယိုတည်းဖြတ်သူအဖြစ် လုပ်ကိုင်နေပြီး 7th Sense Creation၊ Myanmar Media 7 စသည့် ထုတ်လုပ်ရေးလုပ်ငန်းများနှင့်လည်း ပတ်သက်ခြင်းမရှိဟု အတင့်က ပြောသည်။

သီချင်းဗီဒီယိုတွင် ပါဝင်သီဆိုပေးခဲ့သည့် အဆိုတော်ချမ်းချမ်းကလည်း စေတနာဖြင့် ကူညီခြင်းသာဖြစ်ပြီး အခကြေးငွေ လုံးဝမယူခဲ့ကြောင်း ယမန်နေ့က ဖုန်းဖြင့်ပြောသည်။

“Dress code (အဝတ်အစားသတ်မှတ်ချက်) က အဖြူဝတ်ရမယ်၊ ဘယ်ပါတီစွဲမှ မရှိဘူး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုအတွက် မဲပေးဖို့၊ တာဝန်ကျေဖို့ ကျွန်မတို့က သီချင်းတစ်ပုဒ်ဆိုပေးရမယ်ဆိုလို့ ဆိုပေးတယ်။ ဒါပဲ။ ကျန်တာ ဇာတ်လမ်းရိုက်တဲ့အပိုင်း ကျွန်မတို့နဲ့ မဆိုင်ဘူး” ဟု ချမ်းချမ်းက Myanmar Now ကို ပြောသည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရန်ကုန်မြို့ရှိ Transporter Bar တွင် နေ့လယ် ၁၂ နာရီ မှ ညနေ ၅ နာရီအထိ ရိုက်ကူးခဲ့သည်ဟုလည်း ချမ်းချမ်းက ဆက်ပြောသည်။

ချမ်းချမ်းအပြင် အဆိုတော်ပိုးမီနှင့် အနုပညာရှင်အချို့ကလည်း ဂီတဗီဒီယိုကို ပုံဖော်သည့်ဇာတ်လမ်းနှင့်ပတ်သက်၍ ကြိုတင်မသိခဲ့ကြောင်း ၎င်းတို့၏ Facebook အကောင့်များ သို့မဟုတ် သတင်းဌာနများမှတစ်ဆင့် ဖြေရှင်းခဲ့ကြသည်။

သီချင်းဗီဒီယိုနှင့် ပတ်သက်၍ Myanmar Now က ယုန်လေးအပြင် တေးသီချင်းထုတ်လုပ်သူ (Producer) များဖြစ်သည့် မိုးမိုးနှင့် သားငယ် (Story Board)၊ အဆိုတော်အဖြစ်ပါဝင်သည့် မူးလာ၊ သရုပ်ဆောင်အဖြစ်ပါဝင်သည့် သားညီတို့နှင့် ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာမှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးကမူ ယုန်လေး၏ သီချင်းဗီဒီယိုနှင့်ပတ်သက်၍ ကြိုတင်မသိထားကြောင်းပြောသည်။

“ရိုက်ခွင့် ဒီမှာ (အစည်းအရုံးမှာ) တင်မထားဘူး။ ယုန်လေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှပြောစရာမရှိဘူး” ဟု ၎င်းကပြောသည်။

ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်နေ့မှစ၍ ပြန်လည်ခွင့်ပြုထားခြင်းဖြစ်ပြီး ရိုက်ကူးမည့် နေရာ၊ အချိန်နှင့် လူအရေအတွက်တို့ကို ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ တစ်ပတ်ကြိုတင်အကြောင်းကြားရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရာတွင် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်ချက် ၂၉ ချက်ကို ထုတ်ပြန်ထားကြောင်း ဇူလိုင် ၂၈ တွင် ပြုလုပ်ခဲ့သည့် ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး Video Conferencing (ဗီဒီယိုအစည်းအဝေး) တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောခဲ့သည်။

အဆိုတော်ယုန်လေး၏ သီချင်းဗီဒီယိုရိုက်ကူးမှုသည် ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ရုပ်ရှင်အစည်းအရုံးတို့က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ထားခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြောခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ ဩဂုတ် ၅ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

(Myanmar Now ၏ အချက်အလက်စစ်ဆေးသည့်သတင်းထောက် သော်ဇင်မျိုး ပူးပေါင်းရေးသားသည်)