Breaking News

မောင်တူး - သက်ဝင်လှုပ်ရှားဆဲ နှစ် ၁၅၀ ဦးပုညစာများ



မောင်တူး  - သက်ဝင်လှုပ်ရှားဆဲ နှစ် ၁၅၀ ဦးပုညစာများ 

(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၀  



ဟုတ်ပလေ…နှုတ်ခြွေဟရမှာဖြင့်

ပုဗ္ဗေစထင်ရဲ့လေ။

ကောသလရယ်လို့

လောကတွင်အသရေလျှမ်းပါတဲ့

ရွှေနန်းစံရာ နရိန်မှ

ခါချိန်တန် ပျက်စမြဲပေမို့

စွဲမိသံဝေ။

အကုသိုလ် ဃာတကတ်ကယ်က

ယခုလိုလာ၍ ဖြတ်သောကြောင့်

စရပ်သို့ ပြေးရချေ . . .

ခွေသေလို့ သေရငြား။

သိလျှက်နှင့်ပင်

ဝိပါတ်တကယ်ထင်လို့

ရွှေဉာဏ်ရှင်မဝေခွဲနိုင်ဘု

ပွဲတွေ့အမှား။ ။ (ဦးပုည)

စလေဦးပုည နောက်ဆုံးရေး ကဗျာဖြစ်ပြီး လေးဆစ်သဖြန်ပါ။ ရေးပြီးတာနဲ့ သူ့ကို အဆုံးစီရင်ခဲ့တယ်။ မြန်မာသက္ကရာဇ် ၁၂၂၈ ခု ဝါခေါင်လဆန်း ၉ ရက် မနက် ၁ ချက်တီးကျော်အချိန် ဦးပုည အနိစ္စ ရောက်တယ်။ (သမိုင်းမှာ မူကွဲတွေ ရှိတယ်။ ၁၂၂၉ မှာ ဦးပုည ကွယ်လွန်တယ်လို့လဲ ရေးကြတာရှိတယ်။) သူ့ကို နန်းတွင်း ပုန်ကန်မှုမှာ ဗေဒင်တွက်ပေးမှု၊ မြို့ဝန်ဦးသာအိုးရဲ့မယားငယ်နဲ့ ငြိစွန်းမှုတွေရောထွေးပြီး မင်းပြစ်မင်းဒါဏ် သင့်ခဲ့ရတာပေါ့။ (တချို့မူကွဲတွေအရလဲ တပယ်မင်းသားက သတ်ခဲ့တာလို့ ဆိုပါတယ်။) 

ဦးပုညသေဆုံးချိန်က သူ့ အသက် ၅၅ နှစ်ပါ။ ဒီကဗျာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၅ နှစ် မသေမီ ခန ခွင့်တောင်းပြီး လျှပ်တပြက်ရေးခဲ့တာလေ။ သူ ကွယ်လွန်တာ ရာစုနှစ် ၁ ခုခွဲ ကြာလာခဲ့ပေမဲ့ သူစာတွေထဲ ထင်ရှားပြောင်မြောက် မှတ်သားစရာ အရေးအသားတွေေကတော့ အခုထိ ရပ်ရွာတွေထဲ ပြောဆိုကြရာမှာ၊ စာပေတွေ ရေးသားနေတဲ့အခါတွေမှာ ကိုးကား သုံးစွဲနေကြဆဲပါ။ ဒီလို ပြောဆိုနေကြ ပေမဲ့ ဒီစာတွေကို ဦးပုညရေးခဲ့တယ်လို့ မသိသူတွေများရဲ့။ သူဟာ မသေခင် ကလေးမှာတောင် အချိန်လုပြီး စာကဗျာ ကို ဖုတ်ပူမီးတိုက် ရေးသွားခဲ့တဲ့ အမြဲတန်း စာရေးဆရာကြီး တယောက်ပါ။ စာရေးဖို့ အမြဲ စဉ်းစား တွေးခေါ်နေသူ ဆိုတာ ထင်ရှားလှပါစွ။ သူ့စကား သူ့စာ ထင်ရှားလို့ သုံးစွဲနေဆဲ တချို့တွေကတော့ . . .

၁။ မင်း ဆိုလျှင် ထမင်းတောင် မစားချင်ဘူး။

၂။ ကျားမိသည့်ခွေး၊ လေးမိသည့်စွန်၊ ကွန်မိသည့်ငါးမိုက်၊ ပိုက်မိသည့် ရွှေယုန်၊ ဆင်းရဲပေါင်းကြုံလိမ့်မည်

၃။ ဘုန်းကြီးကြိုက် မင်းကြိုက် မင်းတို့လို လူပျို ကာလသားများနှင့် လားလားမျှ မထိုက်

၄။ အသီးမှာသရက်။ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်။

မြင့်မိုရ်တောင်နဲ့ ဆီးစေ့၊

မြွေနဂါးနဲ့ တီကောင်၊

ရွှေဟင်္သာနဲ့ ကျီးနက်၊

နံ့သာဆီနဲ့ အီး

လျှာပြတ်အောင် ဟောသော်လည်း ဆွမ်းဆန်ကတော့ လှူပုံမပေါ် စတဲ့ အရေးအသားတွေပဲ ဖြစ်ပါတယ်။

၁။ မင်း ဆိုလျှင် ထမင်းတောင် မစားချင်ဘူး

မင်း အစိုးရတချို့ဟာ ပြည်သူတွေကိုနှိပ်စက်ကြတယ်။ ပြည်သူလူထုကို အနိုင်ကျင့်ကြတယ်။ အထူးသဖြင့် မဆလ အစိုးရခေတ်၊ ၈၈၈၈ အရေးတော်ပုံအပြီး စစ်အစိုးရခေတ်တွေမှာ အရပ်သားပြည်သူတွေဟာ အစိုးရမင်းတွေကို မုန်းလာကြတယ်။ မဆက်ဆံချင်ကြတော့ဘူး။ မပတ်သက်ချင်ကြတော့လို့ ‘‘မင်း ဆိုရင် ထမင်းတောင်မှ မစားချင်တော့ဘူး’’ လို့ ပြောဆိုလေ့ရှိကြတယ်။ မင်း ဆိုရင် ထမင်းတောင် မစားချင်ဘူး ဆိုတဲ့ စကားဟာ လွန်ခဲ့တဲ့နှစ် ၁၅၀ ကျော်က ဦးပုည ရေးသားခဲ့တာပါ။ စစ် ဆိုရင် ရေတောင်မှ စစ် မသောက်ချင်ဘူး လို့ ပြောကြသလိုမျိုးပေါ့ဗျာ။ 

စလေဦးပုညကို ငယ်စဉ် ကတည်းက မင်းပြစ်မင်းဒဏ် သင့်မယ်လို့ ဗေဒင် အဟောရှိခဲ့တယ်။ မင်းခစားဘ၀ကို မလိုလားခဲ့ပါ။ မင်းတုန်းမင်းထံ ခစား နေစဉ်မှာလဲ တခြားမင်းညီမင်းသားတွေ အများအပြားကြား ချစ်သူ မုန်းသူတွေကြား အခက်တွေ့ခဲ့တဲ့ ဘဝကို သူ မလိုလားခဲ့။ စိတ်ကုန်နေခဲ့တယ်။ နောက်ဆုံး ၁၂၂၈ ခုနှစ် ဒုတိယဝါဆိုလဆုပ် ၇ ရက်နေ့ မြင်ကွန်း မြင်းခုန်တိုင် ပုန်ကန်အရေးမှာ ဓားမိုးခိုင်းစေခံခဲ့ရတာမို့ ဗေဒင်တွက် အခါတော်ပေးခဲ့ရအပြီး မင်းပါးစိုးခွင်ကို ဦးပုည ပိုမုန်းနေပြီလေ။ သူ့ကို မြို့ဝန်သာအိုးက ဖမ်းထားချိန်မှာ မင်း (ဘုရင်၊ ဧက္ကရာဇ်) တိုနဲ့ မဆက်ဆံချင်ဘူးဆိုတာကို ကဗျာ တေးထပ် သူရေးစပ်ခဲ့တယ်။

လက္ခဏာ တန်မကျချင်တော့

အနန္တ ခက်ထွေ။

ကံမမှ အသက်ရှည်မယ်

ကျမျက်ရည် ယိုဆင်း။

တွေးမိတိုင်း စိတ်နာတယ်

မအိပ်တာလေ ညဉ့်အလင်း

ကာလကို ထောင်းချင်သည်

ကြောင်းအင်နော် မရှင်း။

ကောင်းချင်သော် နုံဖျင်းလို့

ဒုံရင်းသို့ လှည့်မယ်။

မရှိလို့ ပေါ်တဲ့သွားတောင်

ရယ်သလား မေးကြလေတယ်။

စကားကြောင့် တရားကွယ်

အလားဝယ် ကုန်ခမ်းလို့

ဘုံနန်းမြင့် အဆောင်ဆောင်

တင်းရလေအောင်

“ မင်း ” ဆိုသမျှ ကွင်းရှောင်မယ်

ထမင်းတောင် မစားချင်ဘူးလေး။ ။

၈၈၈၈ အရေးတော်ပုံကြီးအပြီး စစ်တပ်က ပစ်ခတ် ဖမ်းဆီးခဲ့တာတွေကြောင့် လွန်ခဲ့တဲ့ ၃၂ နှစ် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းအပြီးမှာ မြန်မာပြည်သားတွေ စစ်တပ်ကို မုန်းပြီး စစ်ဆိုရင် ရေတောင်မှ စစ် မသောက်ချင်ဘူးလို့ ပြောကြ လေ့ရှိပါရဲ့။ နောက်ပိုင်း စစ်အစိုးရ၊ အစိုးရမင်းတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေများလာချိန် မှာလဲ မင်း ဆိုရင် ထမင်းတောင် မစားချင်တော့ဘူးလို့ ပြောလေ့ရှိကြပါတယ်။ ဒီစကားရပ်ဟာ ဦးပုညရဲ့

“ မင်း ” ဆိုသမျှကွင်းရှောင်မယ် ထမင်းတောင်မစားချင်ဘူးလေး။ ဆိုတဲ့စာက လာတဲ့စကားပါ။ နောက်စကားတခုကတော့



၂။ ကျားမိခွေး၊ လေးမိစွန်၊ ကွန်မိငါး၊ ပိုက်မိယုန်၊ ဆင်းရဲပေါင်းကြုံ

ဒုက္ခမျိုးစုံ ရောက်နေကြရတဲ့ သရုပ်ကို ရေးကြတဲ့အခါ ဒီစာစုကို သုံးကြပါတယ်။ ဦးပုည ရေးတယ်လို့ သိသူ နည်းလှပါတယ်။ သူ့ရဲ့ (လူမထွက် စေကြောင်း မေတ္တာစာ) မှာ ရေးခဲ့တာပါ။

လူမထွက်စေကြောင်း မေတ္တာစာ

ဖြူဖြူဝါဝါ၊ ပြာပြာစိမ်းစိမ်း၊ ရွှေနံ့သာရင်မှာလိမ်း၍၊ ပိမ်းရိုက်လို့လာလာ၊ ပဒုမ္မာကြာစစ်ကို၊ လှစ်၍ပင်ပြပြ၊ ကကခုန်ခုန်၊ ပန်းနှစ်ငုံခိုင်လွှာကို၊ ပလာပင်ထားထား၊ ပါးဆီကတခွင် ဆံစည်ဗျာကိုက်၊ ပန်းစိုက်၍လာလာ၊ ကေသာလောမာ၊ ဒွတ္တံသာဟု၊ အနတ္တလက္ခဏာ၊ တရားနှင့်ရှာသောခါ၊ ဘာမျှမဟုတ်၊ ရေအိမ်ဟောင်း ပုပ်သည့်နှယ်။ 

စက်စုပ်စရာ၊ ထိုခြင်းရာကို၊ ဉာဏ်မှာအပြစ်၊ မြင်၏ရှင့်။ ရွှင်ရွှင်ပါးပါး၊ ထင်ယောင်မှားနှင့်၊ ညီဘွားမောင်တို့မှာ၊ ပဗ္ဗဇ္ဇဘာဝေါ၊ ဒုလ္လဘောဟု၊ မိန့်ဟောအမှန်။ ရှိလာဟန်ကို။ ဧကန်မမှား၊ ချင့်ထောက်ထားရမည်။ တရားကျမ်းအရလည်း၊ တမ္ပ‌ယောဂ၊ သိန္နေဟဖြင့်၊ ချစ်လှသည်ပြည်ဝကို၊ ပသာဒသင်္ဂဟော၊ ဘုံပျံလျှော၍၊ တောကြီးမြိုင်ခွင်၊ ခြုံထဲသို့ဝင်သည့်နှယ်၊ မကြင်မချစ် အမြတ်ကိုထား၍ အယုတ်ကိုသွားမည်ကြောင့်။ မှာကြားလိုက်ပါသည်။ ယဉ်လှသည့် ညီကလျှာ၊ တင့်ရဲတော်မမူပါနှင့်။ 

ဝါတော်ကနုနယ်၊ ရွယ်တော်ကပျိုပျို၊ ကိုယ်တော်ကနုနု၊ ခုနှယ်ချိန်များကို၊ ကိုယ်တွင်းရန်လှည့်စား၍၊ မှားပါမည်အကြံ၊ လန်ပါမည်တပ်တော်၊ ချော်ပါမည်တပ်စွဲ၊ ထောင် ငါးရာ သူရဲကို၊ အောင်ပွဲဇယ၊ အောင်တပ်ကြီးချမည်ကြောင့်၊ ဝါယာမစွမ်းအား၊ သတိတော်ထားပြီးလျှင်၊ တရားနှင့်ယှဉ်၊ ဉာဏ်တော်နှင့်ချိန်တင်၍၊ ညီအရှင်အများ၊ အပျိုဖြူလွင်လွင်၊ မြင်ရုံနှင့်တင်စား၊ လိုက်ရောင်မှားချေက၊ ကျားမိသည့်ခွေး၊ လေးမိသည့်စွန်၊ ကွန်မိသည့်ငါးမိုက်၊ ပိုက်မိသည့်ရွေယုန်၊ ဆင်းရဲပေါင်းကြုံလိမ့်မည်၊ လူ့ဘုံတွင်တဝ၊ ဒုက္ခရာရာ၊ တွေ့မည်တာကို၊ ပညာနဲ့တွေးမြော်၊ သံဝေတော်ပိုက်ဖြား၍၊ သတိတော်ထားစေချင်ကြောင်းများကို၊ ကြားမှာလိုက်ပါသည်။

 ဒါကတော့ ကျားမိသည့်ခွေး၊ လေးမိသည့်စွန်၊ ကွန်မိသည့်ငါးမိုက်၊ ပိုက်မိသည့်ရွေယုန်၊ ဆင်းရဲပေါင်းကြုံလိမ့်မည် ဆိုတဲ့ စာ အဖွဲ့အနွဲ့ပါ။ နောက်တခုက - - -





၃။ ဘုန်းကြီးကြိုက် မင်းကြိုက် မင်းတို့လို လူပျို ကာလသားများနှင့် လားလားမျှ မထိုက်

ကျနော့်တို့မြို့မှာ ဟိုတုန်းက မရီမေ ဆိုတဲ့ အပျိုဖြန်းတယောက် ရှိခဲ့တယ်။ အခုတော့ ဒေါ်ရီမေ ဖြစ်နေပြီ။ မရီမေဟာ ဖြူလဲဖြူ၊ ချောလဲချော၊ တောင့်တောင့် ဖြောင့်ဖြောင့်မို့ သူ့ကိုယ်သူ အထင်ကြီးတယ်။ သူယူမဲ့ ယောက်ျားဟာ အဆင့်မြင့် ရမယ်။ သာမန်ကာလသားတွေကို ယောက်ျားအဖြစ် မသတ်မှတ်ချင်ဘူးပေါ့။ ဒါကြောင့် သူ့ကို ရီးစားစကား လိုက်ပြောသူ သာမန်လူပျိုကလေးတွေကို အခုလို ပြန်ပြောလေ့ရှိသတဲ့။

မင်းကြိုက်စိုးကြိုက်၊

မင်းတို့လို ကာလသားများနဲ့

လားလားမှမထိုက်၊

နောက်ဘယ်တော့မှ လိုက်မလာနဲ့။

ဒီစကားရပ်ဟာ ဦးပုညရဲ့ လူပျိုလှည့် မေတ္တာစာ က စာသားပါ။ မေတ္တာစာကို ဖွဲ့နွဲ့ ရေးသားတဲ့အခါ ကဗျာ လင်္ကာတွေ နွယ်ယှက်နေတတ်တယ်။ ဒါတွေလဲ သိမှတ်ရစေဖို့ ဘုန်းကြီးကြိုက် မင်းကြိုက် မင်းတို့လို လူပျို ကာလသားများနှင့် လားလားမျှမထိုက် ဆိုတဲ့အရေးသာမက ထိမိတဲ့ တခြားအဖွဲ့အနွဲ့တွေလဲ မြင်သွားစေဖို့ လူပျိုလှည့် မေတ္တာစာကို ဖတ်ပါဗျို့။

(လူပျိုလှည့် မေတ္တာစာ)

၆။ သဗ္ဗေသတ္တာ၊ ဒုက္ခာမုဉ္စန္တု၊ ခုရွှေလက်ထက်။ မြင်မြင်တိုင်း ကျက်ကြသည့် ဈေးပျက်မေတ္တာစာ။ ညာတကာတို့ကို။ ပေလာယကန်။ ဝကွက်၍ချန်ခဲ့မည်။ သမန္တာ စက္ကဝါဠေသု။ ပုဒိအာမကြွင်း။ ပုဒ်မပါသွင်းပြီးလျှင်။ မြို့အုပ်မင်းကျုပ်တကာ။ မာပါစေဟောန္တု။ သာပါစေဟောန္တု၊ တအိမ်လုံး။ တရပ်လုံး။ ရှိသမျှသိမ်းရုံး၍။ အားလုံးကုန်ဟောန္တု။ သဝေချာပြွမ်းစု၍။ ခုလုပ်ခုရေး။ ဧမေတ္တာစာ၊ ထိုဂါထာကို။ ဇဝနာ ပဋိဘာန်။ ပင်ထွက်ဉာဏ်ဖြင့်။ အမြန်စီရေး။ အမှုပုံပါပါနှင့်။ မေတ္တာစာပေးလိုက်သည်။ ဒေတီတိဒါယကာ။ ကျုပ်တကာ မြို့အုပ်မင်း။ ကိုယ်တွင်းကိုယ်ပ။ ဆနဝရောဂါ။ ကလှာဉာဉ်းပန်းလျှင်။ ရဟန်းတို့အား။ ဆေးဝါးအလို့ငှာ။ အချိန်ကာလ။ နေ့ညမဟူ။ အလှူခံသွားတော့ဟု။ ဘုရားဟောဒေသနာ။ ပညတ်တော်လာသဉ်ကို၊ တကာကြီးအသိ၊ အမိန့်တော်သို့ရှိ၍။ ဒုက္ခိတဝေဒနာ။ မကျန်းမာသည်ကို။ သပ္ပာယဆေးဝါးဖြင့်။ ကုစားသော်ကောင်း၏ဟု။ အကြောင်းထူးမဘက်။ ဆေးဝါးအလို့ငှာ။ စေတနာသက်သက်။ ပယောဂမစွက်ပဲ။ တရက်မျှတည်းသာ။ ကျွန်ုပ်လာသည်ကို။ တကာကြီးအရပ်က။ ပစပ်နှင့်မအား။ လဲ၍ထားသလို။ ယောက်ျားတယောက်။ ခွေးလောက်နီးနီး။ မိုက်လုံးကြီးနှင့်။ နှုတ်သီးမစောင့်။ သူကောင်းသားလက်ကိုင်း။ ငွေပေး၍ခိုင်းသည့်နှယ်။ အိမ်တိုင်းကိုသူ။ ကြွတော်မူပြီးလျှင်။ လူတကာနား။ မကြားကောင်းမခံသီး။ ဘုန်းကြီးတန်မဲ့။ လူပျိုလှဲ့သည်ဟု။ တကဲ့အဟုတ်။ သင်းအမှုလုပ်သောကြောင့်။ မြို့အုပ်မင်းအသဲမှာ။ ကျွဲဝင်၍ခတ်သည့်နှယ်။ အရပ်ကသူ့ထက်ငါ။ ဘဟာမှကောင်းမကျန်။ သို့ဖြစ်ဟန်ကြောင့်။ တိုင်ပင်ရန်မရှိလျှင်။ သတိမှရစေ။ အထွေထွေအပြားပြား။ အရပ်ကကြားသည်ဟု။ စကားကုတို့။ ဒကာကြီးပို့ပေသည်။ သို့သော်တခါ။ ကျေးဇူးကိုရှာလိုက်လျှင်။ ဆရာတို့သဘောအလိုမှာ။ အကိုရင်းထင်ပါသည်။ ပြင်ပြင်မဲ့သား။ တရားနှင့်မညီ။ နာနီကိုကြိုက်တတ်၍။ ဣတ္ထိရတ်လိုက်သည်ဟု။ ကတိုက်ကုန်းချော။ တရပ်လုံးမနာလို၍။ ကြာခိုသည်ပြောသော်လည်း။ သဘောနှင့်ထောက်ချင့်၍။ ယုံသင့်မှယုံပါ။ သင်းမျိုးကိုဝါသနာ။ ကျွန်ုပ်၌ပါတတ်လျှင်။ တကာမို့ပြောတော့မည်။ အချောအနု။ မပုမမြင့်။ အခန့်သင့်ကလေး။ သေးသေးသွယ်သွယ်။ မငယ်လွန်း။ မကြီးလွန်း။ ဇွန်းခြစ်တမျိုး။ အထိုးခံအုန်းသီး။ ဘုန်းကြီးကြိုက် မင်းကြိုက်။ ကာလသားများနှင့်လားလားမျှမထိုက်။ ဗျာဆန်ဝိုက်။ ဗျာဆံခါ။ အပျိုတွေလာလွန်းလို့။ ဆရာတော် ကျောင်းပေါ်က။ ကြိမ်ဆော်၍ချရသေးသည်။ ကာလခုခေတ်။ သို့စည်ဖြစ်၍။ ညစ်ညစ်ညမ်းညမ်း။ သင်္ကန်းကိုမရုံ။ ခေါင်းမြီးခြုံပြီးလျှင်။ ရွှေဘုံဝိဟာ။ ကျောင်းတော်သာက။ ငါရှင်မထီး။ တကာကြီးဆရာ။ ညာနေသူရှာရအောင်။ စကြာတော်မဖြန့်ကြောင်းကို။ အပေါင်းလူများတို့။ မှားယွင်းသင်္ကာ။ မိစ္ဆာဉာဏ်ရှင်းကွာအောင်။ မေတ္တာစာမောင်းခတ်၍။ အရပ်ကိုလှည့်ပါလေနော်။ တကာတော်။ 
 



၄။ အသီးမှာသရက်။ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်။

အသားမှာဝက် ဆိုပြီး စားလိုက်ကြတာများ သိပ်ကောင်းသပေါ့။ ကျနော်တို့ငယ်စဉ်က အသားမှာဝက်၊ အသီးမှာသရက်၊ အရွက်မှာ လက်ဖက်၊ အသံမှာ စိုးစံ ဆိုပြီး ကြော်ငြာဆိုင်းဘုတ်တွေ ထောင်တာတွေ့ဖူးတယ်။ စိုးစံ တေးသံသွင်း ကြော်ငြာလေ။ ဒီစာသားဟာ ဦးပုညရဲ့ လ္ဘက်အကြောင်း မေတ္တာစာ မှာ ရေးခဲ့တာပါ။

လ္ဘက်အကြောင်း မေတ္တာစာ

လ္ဘက်အမည်သညာ။ သဒ္ဒါနိဿရည်း။ ကစ္စည်းကျမ်းအထင်အမြင်။ ကမ္ဘာစည်လမ်းကြောင်း။ သူဟောင်းတို့စကား။ ပညတ်ထားသည်မှာ။ အသားတွင်လည်းဝက်။ အသီးတွင်လည်းသရက်။ အရွက်တွင်လည်းလက်ဖက်။ သုံးချက်ဥပဒေတင်။ ကဠေဝရ။ သာမညောင်ည။ ( လ္ဘက်အကြောင်းမေတ္တစာ ရှည်လှသဖြင့် လိုရင်းပိုဒ်သာ ဖော်ပြပါတယ်)

နောက်ထပ် စလေဦးပုညရဲ့

မြင့်မိုရ်တောင်နဲ့ ဆီးစေ့၊

မြွေနဂါးနဲ့ တီကောင်၊

ရွှေဟင်္သာနဲ့ ကျီးနက်၊

နံ့သာဆီနဲ့ အီး စတဲ့ အရေးအသားတွေကိုလဲ သုံးစွဲနေကြဆဲ ပါ။ အလုပ်လုပ်ရင်းက ဆင်းရဲနေပုံကို ဦးပုညက

((( ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ ခါးဝတ်လွှာချင်း၊ ထမင်းရက်ချန်၊ ရေရက်မှန်နှင့်၊ ကပ်ကျန်မွဲတေ၊ ဖွတ်ဘိုးအေများကို)))

ဆိုပြီး စပ်ဆိုထပ်ခဲ့တာပါ။

- လျှာပြတ်အောင် ဟောသော်လည်း ဆွမ်းဆန်ကတော့ လှူပုံမပေါ်-

(((လှူစေလိုသော၊ ဝတ္ထုနိပါတ်၊ ပိဋကတ်နှင့်၊ လျှာပြတ်အောင် ဟောသော်လည်း၊ ဟောရင်းသာ ပျံတော်မူရမည်။ ဆန်ဖြူဖြူ တခွက်မျှ ထွက်နိုင်ပုံမရ၊))) ဆိုတဲ့ အရေးအသားဟာ ဘယ်လောက် ဆွယ်တရားဟောဟော လိုက်ပါဆောင်ရွက်မည့်ပုံ မရှိဘူး ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် ဖွဲ့ဆိုထားတာပါ။ ဒီလိုထိမိလှတဲ့ စာဆိုဦးပုညရဲ့ စာတွေအကြောင်းကတော့ ပြောလို့ ရေးပြလို့ ကုန်မည်မထင်ပါ။ ဒီစာတွေကို ရေးသားခဲ့သူ “မင်းလှသင်္ခယာဘွဲ့ခံ”ရွာစည်ရွာစား မောင်ပုတ်စည် ခေါ် စလေ ဦးပုညကို ၁၁၇၄ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်မှာ မွေးဖွားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀၀ ကျော်က မွေးခဲ့တာပါ။ 

အခု ၁၃၈၂ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်က စလေဦးပုည ၂၀၈ နှစ်ပြည့်ခဲ့ပါပြီ။ မြန်မာသက္ကရာဇ် ၁၂၂၈ ခု ဝါခေါင်လဆန်း ၉ ရက် မနက် ၁ ချက်တီးကျော်အချိန် ဦးပုည အနိစ္စ ရောက်တယ်။ သူကွယ်လွန်ခဲ့တာလဲ နှစ် ၁၅၀ ကျော်ပြီ။ ဒါပေမယ့် ပေရွက်တွေပေါ် သူရေးသားခဲ့တဲ့ စာပေတွေကတော့ နှောင်းလူတွေ အဆက်ဆက် ဖတ် မှတ် ကိုးကား အတုယူ ဆင့်ပွားနေကြရဆဲပါဗျာ။ ။


ကိုးကား

၁။ ရန်ကုန်၊ ဟံသာဝတီ ပုံနှိပ်တိုက်ထုတ်” ဦးပုညမေတ္တာစာ ” စာအုပ်

၂။ ကုန်းဘောင်ခေတ်နှောင်းစာဆိုရှင် ဦးပုည သန်းထွန်း (လှည်းကူး)

၃။ စလေပျော် ပုဂ္ဂိုလ်ကျော် ရွှေဉာဏ်ဖွဲ့ရေးတဲ့စာပေါင်း ဒီဗွီဘီဆောင်းပါး April 2015