Breaking News

ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၅

 

တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်-၁၉၊ ဒုတိယလှိုင်း- မှတ်တမ်း-၅

ခင်လေး (Aotearoa)

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၀

စုဒဒဿမ ၁၄ ရက်မြောက်နေ့၊ သတိပေးချက် အဆင့် ၂.၅

ဒီနေ့ကတော့ ကိုယ့်စိတ်တွေ ပင်ပန်းလွန်းတဲ့ နေ့ပါ။ မနက်စောစောမှာ သားလေး ကျောင်းက လေ့လာရေးခရီး တစ်ပတ်ထွက်ဖို့ ပြင်ဆင်ပေးရင်း မျက်ရည် ကျရပါတယ်။ သူ့တစ်ယောက်ထဲခွဲလွှတ်လိုက်ရမှာ စိတ်မချလို့တော့ မဟုတ်ပါဘူး။ အစစအရာရာ စိတ်ချရလို့ လွှတ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ သမီးတုန်းက ကိုယ်လည်းလိုက်ခွင့်ရတော့ ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာလည်း သိထားပြီးသား၊ ဒါပေမယ့် မြင်နေကျ တွေ့နေကျကလေးလေး မျက်စေ့အောက်က တစ်ပတ်တောင် ပျောက်သွားမှာကိုတွးမိတဲ့ အချိန်မှာ ဝမ်းနည်းလာတာပါပဲ။ 

ကျောင်းရောက်တော့ ဟောခန်းထဲမှာ သူ့သူငယ်ချင်းတွေနဲ့ တွေ့ပြီး သားကပျော်လို့၊ ကိုယ်က သူတို့ယူသွားဖို့ ဆရာမတွေဆီ ကိုယ်ဖုတ်ထားတဲ့ ဘရောင်နီ မုန့်ဗူးလေး သွားပေးတယ်၊ မိဘတွေ အကုန်အကျ သက်သာအောင်လုပ်တဲ့ အစီအစဉ်ပါ။  camp မှာ ကလေးတွေကို မနက်စောစော ဆီရီယယ်လ်၊ နွားနို့၊ သံဗူးထဲက မက်မွန်သီးလေးတွေနဲ့ ကျွေးပါတယ်။ ပေါင်မုန့်မီးကင်နဲ့ ယိုလည်းပါတယ်။ ကြိုက်တာ ရွေးစားပေါ့။ နေ့လယ်စာအတွက် အသားညှပ်ပေါင်မုန့်လေးတွေ ထုတ်ပေးလိုက်ပြီး ညနေစာကျတော့ သေချ ာချက်ကြွေးပါတယ်။ အသားတစ်ခုခု၊ ပတ်စ်တာ၊ ထမင်း၊ ဟင်းသီးဟင်းရွက်တို့ ပါပါတယ်။ ပြီးတော့ ရေခဲမုန့် အသီးနဲ့ ကိတ်မုန့်ရောထားတဲ့ အချိုပွဲလာပါတယ်။ ကြားထဲမှာ morning tea, afternoon tea ဆိုပြီး သွားရေစာလေးတွေ ကျွေးပါသေးတယ်။ အဲဒီအချိန်မှာ မိဘတွေထည့်ပေးလိုက်တဲ့ဗူးလေးတွေ ချပေးထားလိုက်တာ။ 

သူ့ဆရာမတွေက သူ့ကို အဆင်ပြေရဲ့လားလို့မေးတာ သူက ပြေတယ် ငါကမပြေတာဆို ပြောရင်း မျက်ရည်ကျလာရော။ သူ့ဆရာမတွေက ကိုယ်စိတ်ပြေအောင် “အမေ့ကို တအားဖက်လိုက်ပါဦး” လို့ သားကိုပြောတော့ အမေ့ဆီပြေးလာဖက်ရင်း lock down ဖြစ်လို့  သောကြာနေ့ အိမ်ပြန်မလာရဖြစ်ရင် သူ့ကို ပြား၂၀ ပေးရမယ်နော်လို့ ပြောတယ်။ အလောင်းအစားလုပ်တာလေ၊ လောင်းကြေးနည်းရင် ရာဇဝတ်မှုမမြောက်ဘူးတဲ့။ မှတ်သားစရာတွေချည်းပဲ၊ သူလည်း ပြောတတ်တယ်၊ ကိုယ်လွမ်းရခြင်း အကြောင်းရင်းတွေပေါ့။

ဒီနေ့ နေ့လည်မှာ ဝန်ကြီးချုပ်က သတိပေးချက် အဆင့်တွေ ပြန်ပြင်ဖို့ ပါလီမန်ရဲ့အဆုံး အဖြတ်ကို ကြေညာဖို့ စီစဉ်ထားတယ်လေ။ အဆင့် ၃ တို့ ၄ တို့ကို တက်ပြီး လမ်းထွက်ခွင့်ပိတ်လိုက်ရင် သူတို့သွားမယ့်ကျွန်းမှာ ပိတ်မိနေမှာ။ အဲဒီကျွန်းကိုရောက်ဖို့ အော်ကလန် အရှေ့ပိုင်း ဆိပ်ကမ်းကနေ ဖယ်ရီ ကူးတို့နဲ့ ၁ နာရီလောက်ကူးပြီးမှ ရောက်တာဆိုတော့ ဖယ်ရီဆွဲခွင့်မရှိရင် သောင်တင်ပြီပေါ့။ အမေကတော့ စိတ်ပူလို့ပါဆို သူက အလောင်း အစားလုပ်နေသေးတယ်။ ဆရာမတွေ စကားနားထောင်နော်လို့ပြောပြီး ကိုယ့်ကျောင်းကိုယ်သွားဖို့ ထွက်လာခဲ့ရတယ်။ ကားမောင်းရင်း မျက်ရည်ကျပေါ့။ 

ကျောင်းရောက်တော့ ထုံးစံအတိုင်း အလုပ်ရှုပ်၊ နေ့လည် ၁ နာရီသတင်းဖမ်းနားထောင်တော့ အော်ကလန်ကို ၂.၅ မှာ ၁၀ ရက် ထပ်ထားဦးမယ်၊ နောက်အပတ် တနင်္လာနေ့ကျတော့ ပြန်ဆုံးဖြတ်မယ်၊ အခြားမြို့တွေကိုတော့ နောက်အပတ် တနင်္လာနေ့ကစပြီး အဆင့် ၁ ကို ချမယ်တဲ့။ တော်သေးတာပေါ့၊ အမေ့သားလေး သောကြာနေ့ ပြန်လာလို့ရပြီ။

ခင်လေး (Aotearoa)

8:50 p.m. 14.09.2020 Monday