Breaking News

မောင်စွမ်းရည် - ‘လဲ’ နှင့် ‘တ’ ၊ ‘လည်း’နှင့် ‘တစ်’



မောင်စွမ်းရည် - ‘လဲ’ နှင့် ‘တ’ ၊ ‘လည်း’နှင့် ‘တစ်’

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၀

မြန်မာစကားမှာ ‘ရေးတော့ အမှန်၊ ဖတ်တော့ အသံ’ လို့ ဆိုရိုးစကား ရှိပါတယ်။ ‘ရေးဒေါ့ အမှန်’ လို့ အသံထွက်ပေမဲ့ ‘ရေးတော့ အမှန်’လို့ ရေးရိုးရေးစဉ်အိုင်း ရေးရပါတယ်။ ဘာသာစကားဆိုတာ နေ့စဉ် ပြောနေတဲ့ အသံအတိုင်း လိုက်ပြောင်းပြီး ရေးကြတဲ့သဘာဝလည်း ရှိပါတယ်။

‘တစ်’ ကို ‘တစ်’ လို့ပဲ အသံထွက်ပေမဲ့ စကားပြောတဲ့အခါ တစ် နောက်က အရာဝတ္ထု။ လူသူ၊ တိရစ္ဆာန်တို့ရဲ့ အမျိုးအမည်တွေ ပါရှိလာရင် ‘တစ်’ သံပျောက်ပြီး ‘တ’သံကို ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ ပဉ္စမတန်းမှာ အင်္ဂလိုပ်စာ စပြီးသင်ကြရတော့ A ဆိုတာကို ‘တစ်ခု၊ တစ်ကောင်၊ တစ်ယောက်’လို့ ရေးမှတ်ရပါတယ်။ အသံထွက်ကတော့ ‘တခု၊ တကောင်၊ တယောက်’လို့ ဖြစ်ပါတယ်။ ‘ရေးတော့ အမှန်၊ ဖတ်တော့ အသံ’ ဆိုတဲ့အတိုင်းပါပဲ။ ဒါတောင်မှ ‘ကောင်’ကို ‘ဂေါင်’လို့ ဖတ်တဲ့အသံအတိုင်း မရေးပါဘူး။ ‘ကောင်’လို့ပဲ ရေးပါတယ်။

‘တခု တကောင်၊ တယောက်’လို့ ပြောသလို နှစ်ခု၊ နှစ်ကောင်၊ နှစ်ယောက်လို့ ပြောပေမဲ့ ရေးတဲ့အခါမှာတော့ နှစ်ခု၊ နှစ်ကောင်၊ နှစ်ယောက်လို့ပဲ ရေးပါတယ်။ ဒါကို နံပါတ် ‘ဝမ်း’ကြီးလို့ ခေါ်တဲ့ ဗိုလ်နေဝင်းက သေခါနီးအရွယ် ရောက်မှ သတိပြုမိသွားရှာပါတယ်။ သူ့ခမျာ သူ ဝါသနာပါရာတွေကိုသာ တသက်လုံး လိုက်စား လိုက်နာလာခဲ့သူက ဒါလေးကို တွေ့ရှိသွားတဲ့အခါ လက်သီးလက်မောင်းတန်းပြီး ‘ဘာကြောင့် ဒီလို မှားယွင်းရေးနေကြရသလဲ။

‘တစ်ခု၊ တစ်ကောင်၊ တစ်ယောက်’ လို့ ရေးစေ ဆိုပြီး အမိန့်ထုတ်လိုက်ပါတယ်။ သူ့ကိုယ်သူ ‘နံပါတ်ဝမ်းကြီး’လို့ အများက ခေါ်တာကို သဘောကျနေတာကို အင်္ဂလိပ်လို ခေါ်ကြလို့သာကိုး။ ဗမာလို ‘နံပါတ်တစ်ကြီး’လို့ ဘာသာပြန်ပြီး ဘယ်သူမှ မခေါ်ရဲသလို သူ့ကိုယ်သူလည်း ဘာသာပြန်ခေါ်ကြည့်ခဲ့ပုံမရပါ ဘူး။ ဘာသာပြန်လိုက်ရင် ‘နံပါတ်တစ်ကြီး’ လို့ ခေါ်တာကို သူ ကြိုက်မှာမဟုတ်ပါဘူး။ ‘တစ်’ ဆိုတာ မဖြောင့်ဖြူးဘူး၊ တစ်ဆို့ ထစ်ငေါ့နေတယ်လို့ အဓိပ္ပာယ်ရတာကို သူလည်း သတိပြုမိမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူက အာဏာရှင်ဖြစ်နေပေတော့ သူ့အမိန့်ကို နာခံကြရတာပေါ့။ ဒို့ဗမာ သာကီမျိုးများကလည်း နာခံတတ်လွန်းပါတယ်။ သူ့အမိန့်အတိုင်း ချက်ချင်း လိုက်နာလိုက်ကြတာ ဒီနေ့ထိလည်း ဒီလိုပဲ ‘တစ်’နေကြတာပါပဲ။ မတစ်ရမယ့်နေရာ မှန်း၊ တစ် ရမယ့်နေရာမှန်း သေချာမစဉ်းစားကြတော့ပါဘူး။

‘တကယ်’၊ ‘အမှန်တကယ်’ ဆိုတာတွေကို ‘တစ်ကယ်’၊ ‘အမှန်တစ်ကယ်’လို့ ယနေ့အထိ ရေးနေကြတာ တွေ့ရပါတယ်။ မူရင်းက ‘အကယ်စင်စစ်’ပါ။ ‘တ’လည်း မဟုတ်၊ ‘တစ်’လည်း မဟုတ်။ ‘အ’ ပါ။ ‘အကယ်၍’ ကို စကားပြောတော့ ‘တကယ်လို့’ ဆိုပြီး ပြောပါတယ်။ အဲဒါကို ‘တစ်ကယ်’လို့ ဆိုပြီး ရေးရင် တစ် ကလည်း မကယ်၊ နှစ် ကလည်း မကယ်နိုင်ပါဘူး။ ဒါကြောင့် နေရာတကာလိုက်ပြီး မတစ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။ ‘မတစ်’လို့ ဘာမှမဖြစ်ပါဘူး။ ‘မတစ်’တတ်ဘဲ တစ် ရင်၊ တစ်ဆို့ဆို့ကြီး ဖြစ်နေတတ်ပါတယ်။

‘လဲ’ ဆိုတာ ကျွန်တော်တို့ တောရွာတွေမှာ မသုံးဘူးဗျ။ သုံးမိရင် တောသားချင်း ချက်ချင်းဖမ်းပြီး ‘အောင်မယ်… မင်းက လဲ တွေ၊ လားတွေနဲ့ မြို့သားကြီးကျလို့’ ဆိုပြီး ပြောတော့တာပါ။ ဒါဖြင့် ဘာဖြစ်သလဲကို ‘ဘာဖြစ်သတုံး’ လို့ ‘တုံး’ကို သုံးပါတယ်။ ကျွန်တော်တို့ မူလတန်း၊ အလယ်တန်း အောက်ဆင့်လောက်မှာတုန်းက ဆရာ၊ ဆရာမတွေ မေးလေ့ရှိပါတယ်။ ‘မေးခွန်းတွေရဲ့ နောက်ဆက်တွေက ဘာတွေလဲဟေ့’ တဲ့။ ကျောင်းသားတွေက သံပြိုင်အော်ဟစ် ဖြေပါတယ်။

‘နည်း - လော - လဲ - လား - တုံး’ တဲ့။

“ကဲ… နမူနာဝါကျ လုပ်ပြပါ” လို့ ဆရာ၊ ဆရာမက ခိုင်းရင်-

၁။ အသင် ဘာဖြစ်သနည်း။

၂။ မိတ်ဆွေ၊ ကျန်းမာပါ၏လော။

၃။ သင် ဘယ်က လာသလဲ။

၄။ မိတ်ဆွေ၊ ကျန်းမာပါရဲ့လား။

၅။ မင်း ဘယ်က လာတုံး။

ခုခေတ် လူကြီးတွေလို မမှားဘူး။ ‘ဘာဖြစ်သလည်း’လို ဘယ်သူမှ မရေးကြဘူး။ ‘လည်း’ ဆိုတာ မေးခွန်းနောက်ဆက်လည်း မဟုတ်ဘူး ‘ဘာလည်း’ လို့ လုံးဝမသုံးဘူး။ ‘ဘာလည်းဟဲ့ လောကဓံ’ လို့ လုံးဝ မကြားဖူးဘူး ‘လည်း’ ဆိုတာ ထပ်လောင်းပါဝင်ခြင်းသဘောနဲ့ သုံးပါတယ်။ ဥပမာ-

၁။ မောင်လှ အလွန်ဝသည်။

မောင်လှ ဖြစ်သလို မောင်ထင်လည်း ဖြစ်နေတဲ့ သဘောပါပဲ။

‘သော်လည်း’ ဆိုရင်တော့ ‘ဒါပေမဲ့’ အဓိပ္ပာယ်ဆောင်ပါတယ်။ ဥပမာ-

“ဤသစ်သီးသည် အမြင်လှသော်လည်း စားမကောင်းပါ။”

မေးခွန်းအနေနဲ့ ‘လည်း’ ဆိုတာ လုံးဝမရှိ။

ဒါ ဘာလဲ၊ ဘာဖြစ်တာလဲ၊ ဘယ်သွားမှာလဲ စတဲ့ မေးခွန်းတွေမှာ ‘လဲ’ ဟာ ‘လည်း’ မဟုတ်ပါ။ မူလက ‘နည်း’ ဖြစ်ပါတယ်။

ဘာဖြစ်သနည်း။ ဘယ်သွားမည်နည်း။ ဒါ ဘာအရာနည်း စသည် ‘နည်း’နဲ့ မေးရပါတယ်။

မှတ်သားဖို့က မေးခွန်းမှာ လုံးဝ ‘လည်း’ မရှိဘူး။ မသုံးနဲ့။ ‘နည်း’ပဲ ရှိတယ်။

‘တစ်’ နဲ့ ပတ်သက်တာလည်း တချက်ပဲ မှတ်သားစရာ ရှိပါတယ်။ အရေအတွက် မဟုတ်ရင် ဘယ် ‘တ’ ကိုမှ မ တစ်လိုက်ပါနဲ့။ ‘တကယ်’ ဆိုတာ အရေအတွက် မဟုတ်ဘူး။ တစ်ကယ် မလုပ်မိစေနဲ့။ ဒါပဲ။

‘လည်း’ ကလည်း တချက်တည်းပဲ မှတ်ထားစရာ ရှိတယ်။ ဘယ်မေးခွန်းရဲ့နောက်မှာမှ ‘လည်း’ မထည့်နဲ့။ ‘လည်း’နဲ့ ဆုံးတဲ့မေးခွန်း လုံးဝ မရှိဘူး။ ထည့်ချင်ရင် စာသံပေသံနဲ့ ‘နည်း’ကို ထည့်လို့ရတယ်။

ဘာဖြစ်သနည်း။ ဘယ်အရာနည်း။ ဘယ်သွားမည်နည်း။ မည်သူနည်း။ ဒါပဲ။

ဘယ်တော့မှ ‘လည်း’ မသုံးနဲ့။ သုံးရင် မှားပြီ မှတ်ပေတော့။ ‘လည်း’က ဘေးမှာမရှိ၊ အဆုံးမှာ မရှိ။ အလယ်မှာပဲ ရှိတယ်။ မသုံးတတ်ရင် မသုံးဘဲနေလည်း ဘာမှ မဖြစ်ဘူး။ လူတတ်မလုပ်ချင်နဲ့ပေါ့။ ကိုယ် မတတ်တာ လူမသိအောင်လို့ ‘လည်း’ကို မသုံးဘဲ နေလိုက်ပါ။ ဒါပါပဲ။

မ ‘တစ်’နဲ့။ မ ‘လည်း’နဲ့။

မောင်စွမ်းရည်
၁၀ စက်တင်ဘာ ၂၀၂၀