Breaking News

ကျော်ဟုန်း - ပိုင်ရှင်မဲ့ ဇာတ်လိုက်များ



ကျော်ဟုန်း - ပိုင်ရှင်မဲ့ ဇာတ်လိုက်များ

(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၀

အာဏာရှင်ကို တော်လှန်နေတဲ့
အာဏာရှင်မျိုးစိတ်သစ်တွေ
အုံ့နဲ့ကျင်းနဲ့ တွေ့တယ်
ပိုင်ရှင်မဲ့ပါပဲ။

အာဏာရှင် လက်သပ်မွေးထားတဲ့
အာဏာရှင် အရိုးကိုက်တွေ
ဒုနဲ့ထည်နဲ့ မိတယ်
ပိုင်ရှင်မဲ့ပါပဲ။

ထရပ်ကားကြီးနဲ့ မူးယစ်တွေ
ကွန်တင်နာအပြည့် မိတယ်
ပိုင်ရှင်မဲ့ပါပဲ။

ကြိုးဝိုင်းသစ်တောထဲ
စနစ်တကျခုတ်ထားတဲ့
သစ်တုံးကြီးတွေ မိတယ်
ပိုင်ရှင်မဲ့ပါပဲ။

တရားခံစွဲတင်နိုင်တဲ့
အမှုကြီးတွေ မိတယ်
အဓိက တရားခံကျ လွတ်
ပိုင်ရှင်မဲ့ပါပဲ။

မြို့တော်ကြီးထဲက
KTV ကြီးကို ဖမ်းမယ်
လိုင်စင်ခပေးသူ မသိ၊ ပိုင်ရှင်မရှိ
ပိုင်ရှင်မဲ့ပါပဲ။

စီအိုင်ဒီကိုင်တဲ့
အမှုကြီးတွေမှန်သမျှ
စုန်းစုန်းပျောက်နေမှတော့
အမှုကြီးတွေ ရဲဖမ်းမိသမျှ
ပိုင်ရှင်မဲ့ဖြစ်တာ မဆန်း။

အချည်ရှိ အဖြည်ရှိ ဥပဒေမှာ
အကြီးကြီးဖြစ်ဖို့ပဲလိုတယ်
သေးရင်တော့ မလွတ်စေရ။

နာမည်ကျော် ဝရမ်းပြေး
သူ့အိမ်မှာပဲ နေမြဲ
ဘယ်​တော့မှ မဖမ်းမိ
ဖန်ပြာခွက်ထဲ ကမ္ဘာကျော်အရက်ငှဲ့
ဒူးလေးနန့်လို့ ဇိမ်ပဲ။

ခေတ်ပျက် ပြည်ပျက်မှာ
အဓမ္မတွေ ဇာတ်လိုက်တွေဖြစ်နေတာ
ပုံမှန် ကျောက်ထွင်းသီအိုရီ။

ကြီးချင်သမျှ ကြီး
ကြီးရင် အားလုံး ပိုင်ရှင်မဲ့။

ကျော်ဟုန်း
၂၀၂၀ဝ၉၁၅