Breaking News

ဧရာ(မန္တလေး) - မေတ္တာပွားသည် ဆိုရာဝယ်

ဧရာ(မန္တလေး) - မေတ္တာပွားသည် ဆိုရာဝယ်

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၀

မေတ္တသုတ်ပရိတ်သည် မူရင်း ၁၀-ဂါထာရှိ၍ ခုဒ္ဒကနိကာယ် ခုဒ္ဒပါဌနှင့် သုတ္တနိပါတ် ပါဠိတော်တို့တွင် ထည့်သွင်း သံဂါယနာတင်ထားသည့် သုတ်ဖြစ်သည်။

ပရိတ်အမွှမ်း

မြန်မာပြည်တွင် မေတ္တသုတ် ပရိတ်ကို ရွတ်ဖတ် သရဇ္ဈာယ်ကြသောအခါတွင် ရှေးဆရာတော်ကြီးများ ရေးဖွဲ့ခဲ့သည့် ပရိတ်အမွှမ်း ၂-ဂါထာကိုပါ ထည့်သွင်း ရွတ်ဖတ်လေ့ရှိသည်။ 

“ယက္ခ” နတ်ဘီလူးတို့ ခြောက်လှန့်ခံရသဖြင့် တရားအားထုတ်ရန် အခက်ကြုံနေရသော ရဟန်း ၅၀၀ တို့အား အကြောင်းပြုက (၁) မေတ္တဘာဝနာ အဖြစ်၎င်း (၂) အရံအတားအဖြစ်၎င်း (၃) ဝိပဿနာ၏ အခြေခံ ကမ္မဋ္ဌာန်း အဖြစ်၎င်း ဤမေတ္တသုတ်ကို ဟောကြားခဲ့ခြင်း ဖြစ်ကြောင်း အဋ္ဌကထာဆရာက ရှင်းပြသည်။ 

အင်္ဂုတ္တနိကာယ်တွင်လည်း ချမ်းသာစွာ အိပ်စပ်ရခြင်း, အိပ်မက်ဆိုး မမြင်မက်ခြင်း စသည့် မေတ္တာပွားများခြင်း၏ အကျိုးအားနိသင် ၁၁-မျိုးကို ဟောထားသည် ရှိသည် (အံ.၁၁.၁၅၊ မေတ္တသုတ်)။

ဤသို့သော တန်ခိုးအာနုဘော်တို့ ရှိသည့် မေတ္တသုတ် ပရိတ်ကို ရွတ်ဖတ်ကြပါစို့ ဟူ၍ အမွှမ်း နှစ်ဂါထာတွင် တိုက်တွန်းထားခြင်း ဖြစ်သည်။

 မေတ္တာဘာဝနာ မပွားများမီ ကြိုတင်လိုက်နာရမည့် အချက်များ

မေတ္တသုတ်၏ ပထမ ၃-ဂါထာတွင် မေတ္တာ ဘာဝနာ မဆည်းဖြန်းမီ ကြိုတင်လိုက်နာ ကျင့်ကြံရမည့် အချက်များ ဖော်ပြထားသည်။ မည်သို့သော သူက မည်သည့် အကျိုးကို ရရန် မည်သည်တို့ကို ပြင်ဆင်ထားရမည်နည်း။

အကျိုးစီးပွားကို လိမ္မာသောသူသည် (အတ္ထကုသလေန) ငြိမ်သက်အေးချမ်းသည့် နိဗ္ဗာန်ကို ထိုးထွင်း မျက်မှောက်ပြုနိုင်ရန် (ယံ တံ သန္တံ ပဒံ အဘိသမေစ္စ) လိုက်နာဆောင်ရွက်သင့်သော (ကရဏီယံ) အချက် ၁၅-ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) စွမ်းနိုင်ရမည်(သက္ကော) (ကျန်းမာရေးကောင်း၍ ထက်သန်သည့် လုံ့လရှိရမည်)
(၂) ကိုယ်နှုတ်ဖြောင့်မတ်ရမည် (ဥဇူ)(သူတပါးကို မလှည့်ဖျား)
(၃) စိတ်နှလုံးပါ အလွန်ဖြောင့်မတ်ရမည် (သုဥဇူ)(မိမိကိုယ်ကို မလှည့်ဖျား)
(၄) ဆိုဆုံးမလွယ်ရမည် (သုဝစော)
(၅) စိတ်ထား နူးညံ့သိမ်မွေ့ရမည် (မုဒု)
(၆) မာန်မာန ထောင်လွှားခြင်း မရှိရ (အနတိမာနိ)
(၇) ရောင့်ရဲ လွယ်ရမည် (သန္တုဿကော)
(၈) မွေးမြူရ လွယ်ရမည် (သုဘရော)
(၉) အမှုကိစ္စနည်းပါးသည် (အပ္ပကိစ္စော)
(၁၀) ပေါ့ပါးသော အသက်မွေးမှု ရှိရမည် (သလ္လဟုကဝုတ္တိ)
(၁၁) ငြိမ်သက်သော ဣန္ဒြေရှိရမည် (သန္တိန္ဒြိယော)
(၁၂) ရင့်ကျက်သော ပညာရှိရမည် (နိပကော)
(၁၃) လူမှုရေး မရိုင်းပြသူ ဖြစ်ရမည် (အပ္ပဂဗ္ဘော)
(၁၄) ဆွေမျိုးဒါယကာတို့အပေါ် ခင်မင်တွယ်တာ လွန်းခြင်း မရှိရ (ကုလေသွနနုဂိဒ္ဓေါ)
(၁၅) ပညာရှိတို့ ကဲ့ရဲ့မည့် မကောင်းမှုမျိုးကို စိုးစဉ်းမျှ မပြု (န စ ခုဒ္ဒ’မာစရေ ကိစဉ္စိ ယေန ဝိညူ ပရေ ဥပဝဒေယျုံ)

မေတ္တာဘာဝနာ ပွားများခြင်း

ဂါထာ အမှတ် ၃ ၏ ဒုတိယပိုင်းတွင် “သုခီနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခီတတ္တာ —သတ္တဝါအားလုံး ဘေးရန်ကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ” ဟု ယေဘုယျအားဖြင့် မေတ္တာပွားပါသည်။ 

ဤတွင် “သုခီနော” အရ ကိုယ်ချမ်းသာခြင်း၊ “သုခီတတ္တာ” အရ စိတ်ချမ်းသာခြင်း၊ “ခေမီနော” အရ ကြောက်ရွံ့စိုးရိမ်နေရသည့် ဘေး, ဥပါဒ်, အန္တရာယ်တို့မှ ကင်းဝေးလုံခြုံခြင်းကို ရည်ညွှန်းသည်။
မင်းကွန်းဆရာတော်ဘုရားက ဤသို့ လင်္ကာသီကုံး ထားပါသည်။
➤ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ်၊ မြဲပါစေ။ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

သတ္တဝါအားလုံးအား မေတ္တာပွားခြင်း

ဂါထာ အမှတ် ၄ နှင့် ၅ တွင် သက်ရှိ သတ္တဝါများအား အကြွင်းအကျန်မရှိဘဲ အားလုံးပါဝင်စေရန် နှစ်မျိုး (ဒုက), သုံးမျိုးစီ (တိက) စုကာ အုပ်စု ၇-စု ခွဲ၍ မေတ္တာပို့ပါသည်။

➤ ကြောက်တတ်, မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တဝါ (တသာ ဝါ ထာဝရာ ဝါ) …
➤ မြင်အပ်, မမြင်အပ်၊ နှစ်ရပ်များစွာ သတ္တဝါ (ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ) ...
➤ ဝေးနေ, နီးနေ ၊နှစ်ထွေများစွာ သတ္တဝါ (ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ) ...
➤ ဘဝဇာတ်ဆုံး, မဆုံးများစွာ သတ္တဝါ (ဘူတာ ဝါ သမ္ဘဝေသီ ဝါ) ...
➤ ရှည်, တို, အလတ်၊ သုံးရပ်ခန္ဓာ သတ္တဝါ (ဒီဃာ ဝါ ... မဇ္ဈိမာ ရဿကာ) ...
➤ ကြီး, ငယ်, အလတ်၊ သုံးရပ်ခန္ဓာ သတ္တဝါ (မဟန္တာ မဇ္ဈိမာ ... အဏုက) ...
➤ ဆူ, ကြုံ, အလတ်၊ သုံးရပ်ခန္ဓာ သတ္တဝါ (မဇ္ဈိမာ ... အဏုကထူလာ) ...

 သတ္တဝါအားလုံး အချင်းချင်း ညီညွတ် ငြိမ်းချမ်းကြစေရန် မေတ္တာပွားခြင်း

မိမိက သတ္တဝါတိုင်းအား မေတ္တာပွားပြီးနောက်၊ ဂါထာ ၆ တွင် သတ္တဝါတို့ အချင်းချင်း ငြိမ်းချမ်း ညီညွတ်ကြပြီး ဒုက္ခဘေးရန် မရှိကြစေရန် ဆန္ဒပြု ဆုတောင်းကာ ဆင့်ပွား မေတ္တာ ပို့သည်။ ဂါထာ ၄-၅ သည် ပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းစီကို ရည်ညွှန်းသော မေတ္တာ ဖြစ်သည်ဟု ဆိုပါက၊ ဂါထာ ၆ သည် လူမှုအဖွဲ့အစည်း၏ ငြိမ်းချမ်းရေးကို ရည်ညွှန်းသော မေတ္တာ ဖြစ်သည်ဟု ဆိုနိုင်သည်။ 

ဤဂါထာကို မင်းကွန်းဆရာတော်ဘုရားက အောက်ပါအတိုင်း လင်္ကာသီကုံး ထားသည်။
➤ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ (န ပရော ပရံ နိကုဗ္ဗေထ)။
➤ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ (နာတိမညေထ ကတ္ထစိ န ကိဉ္စိ)။
➤ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ (ဗျာရောသနာ ပဋိဃသည၊ နညမညဿ ဒုက္ခမိစ္ဆေယျ)။

 မိခင်ပမာ အနှိုင်းဆမဲ့ မေတ္တာပွားခြင်း
ဂါထာ အမှတ် ၇-တွင် မိခင်က ရင်နှစ်သည်းချာ တဦးတည်းသော သားကို (မာတာ ယထာ နိယံပုတ္တံ ... ဧကပုတ္တံ) အသက်နှင့် ရင်း၍ စောင့်ရှောက်ဘိသကဲ့သို့ (အာယုသာ ... အနုရက္ခေ) သတ္တဝါအားလုံး အပေါ်၌ အနှိုင်းဆမဲ့ မေတ္တာပွားရန် (မာနသံ ဘာဝယေ အပရိမာဏံ) ညွှန်ကြားထားသည်။

(၁) မိမိ, (၂) ချစ်သူ, (၃) မုန်းသူ, (၄) မချစ်-မမုန်း အလယ်အလတ် ပုဂ္ဂိုလ်ဟူသည့် နယ်ပယ်စည်း ပိုင်းခြားထားခြင်း၊ မိမိ-သူတပါး စသဖြင့် ထောက်ဆ နှိုင်းယှဉ်ခြင်း မရှိတော့ဘဲ၊ သတ္တဝါအားလုံးအား တဦးတည်းသော သားအရင်းပမာ စောင့်ရှောက်သည့် မေတ္တာစိတ်ကို အနှိုင်းဆမဲ့ မေတ္တာ (အပရိမာဏ) ဟု ခေါ်သည်။ အပိုင်းအခြား အတိုင်းဆ မရှိသော သတ္တဝါပညတ်ကို အာရုံပြု၍ ဖြစ်သော မေတ္တာဈာန်စိတ်ကို ရည်ညွှန်းသည်။

 ထက်အောက်ဖီလာ တစ်လောကလုံး၌ အနှိုင်းဆမဲ့ မေတ္တာပွားခြင်း
ဂါထာအမှတ် ၈ တွင် အတိုင်းအဆ မရှိသော (အပရိမာဏံ), နယ်ပယ်စည်း မခြားတော့သဖြင့် ကျဉ်းမြောင်းခြင်း မရှိဘဲ ကျယ်ပြောသော (အသမ္ဗာဓံ), ရန်မရှိသော (အဝေရံ), မိမိ-သူတပါး နှိုင်းယှဉ် ပြိုင်ဆိုင်မှု ကင်းသော (အသပတ္တံ) မေတ္တာ ဈာန်စိတ်ကို ထက်အောက်ဖီလာ (ဥဒ္ဓံ အဓော စ တိရိယဉ္စ) အရပ်ဆယ်မျက်နှာ တစ်လောကလုံးအား (သဗ္ဗလောကသ္မိံ) ဖြန့်ကျက်၍ ပွားများရန် ညွှန်ကြားသည်။

 မြတ်သောနေခြင်း (ဗြဟ္မဝိဟာရ)

အိပ်စက် ငိုက်မျည်းနေချိန်မှ လွဲ၍ ရပ်နေစဉ်, သွားနေစဉ်, ထိုင်နေစဉ်, လျောင်းနေစဉ် (တိဋ္ဌံ စရံ နိသိန္နော ဝါ သယောနော ဝါ) ဣရိယာပုထ် လေးပါးလုံးတွင် မေတ္တာနှင့် ယှဉ်သည့် သတိတရားဖြင့် အဓိဋ္ဌာန်ပြု၍ (သတိံ အဓိဋ္ဌေယျ) နေခြင်းကို မြတ်သောနေထိုင်ခြင်း (ဗြဟ္မဝိဟာရ) ဟု ခေါ်ကြောင်း ဂါထာ အမှတ် ၉-တွင် ဟောကြားထားသည်။

 မေတ္တာဘာဝနာမှ တဆင့် နိဗ္ဗာန်သို့ မျက်မှောက်ပြုခြင်း

ဂါထာ ၁၀ တွင် မေတ္တာဘာဝနာမှသည် ဝိပဿနာသို့ ကူးပြောင်းကာ နိဗ္ဗာန်သို့ မျက်မှောက်ပြုသည်ကို ပြသည်။ 

မေတ္တာဘာဝနာဖြင့်နေသော အခါအတွင် အတိုင်းအဆ မရှိသော သတ္တဝါအားလုံးအား အာရုံပြုသောအားဖြင့် “ငါ-သူတပါး” ဟူသည့် ပိုင်းခြားခြင်းကို ပယ်၍ စိတ်၏ လွတ်မြောက်မှု ဖြစ်သည်။ ထိုမေတ္တာဘာဝနာ သမာဓိ၏ စွမ်းအားကို အခြေခံ၍ ရုပ်နာမ်တရားတို့ကို အာရုံပြုကာ အနိစ္စ, ဒုက္ခ, အနတ္တ သဘောကို အဖန်ဖန် ရှုမှတ် ဆင်ခြင်သည်။ 

ရုပ်နာမ်သင်္ခါရတရားတို့သည် “ငါ-သူတပါး” ဟုထင်မှတ်ထားသည့် အတ္တမှ ကင်းဆိတ်သည်ကို သိရှိသဖြင့် အယူမှားဒိဋ္ဌိတို့ မကပ်ငြိတော့ဘဲ (ဒိဋ္ဌဉ္စ အနုပဂမ္မ) သီလလည်း မြဲမြံကာ သောတာပတ္တိ မဂ်ဉာဏ် အမြင်ကို ရသည် (သီလ ဝါ ဒဿနေန သမ္ပန္နော)။ သကဒါဂါမိ မဂ်ဉာဏ်ကို ရသည်။ ထို့နောက် ဆက်လက် အားထုတ်သောအခါတွင် ကာမဂုဏ်တရားတို့ကို တပ်မက်သည့် ကာမတဏှာကို ပယ်သတ်ကာ (ကာမေသု ဝိနေယျ ဂေဓံ) အနာဂါမိမဂ်ဉာဏ်ကို ရသည်။ အမိဝမ်း၌ သန္ဓေတည်ရသည့် ကာမလောကသို့ ပြန်မလာတော့ (န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ)။ သုဒ္ဒဝါသဗြဟ္မာ့ဘုံမှသည် အရဟတ္တဖိုလ်သို့ ဆိုက်ကာ ပရိနိဗ္ဗာန်ပြုမည် ဖြစ်သည်။

ထို့ကြောင့် မေတ္တသုတ်သည် အရံအတားပရိတ် ဖြစ်ရုံသာမက၊ မေတ္တာဘာဝနာလည်း ဖြစ်သည်၊ ဝိပဿနာအခြေခံ ကမ္မဋ္ဌာန်းလည်း ဖြစ်သည်ဟု အဋ္ဌကထာဆရာက မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။