Breaking News

မောင်ရစ် - ကိုဗစ်၁၉နဲ့အတူ (ဆက်လက်)နေထိုင်ခြင်း



မောင်ရစ် - ကိုဗစ်၁၉နဲ့အတူ (ဆက်လက်)နေထိုင်ခြင်း

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၀

ကိုဗစ်၁၉ ကပ်ဆိုက်တာ တရားဝင်က မတ်လဆန်းကတည်း ဆိုရမယ်။ အမေရိကားမှာ အလုပ်တွေ ပိတ်ပစ်လိုက်တာကိုး။ အခုဆို ၆ လ ရှိသွားပြီ။ သူများတွေကတော့ အိမ်တွင်းအောင်းနေရတာ ၆လဆိုတော့ အတော်ကို အနေရခက်ကြမယ်။ မိမိအဖို့ကတော့ လိုအပ်ချက်လုပ်သားဆိုတော့ မျက်နှာဖုံးတပ်၊ လက်အိတ်စွပ်ပြီး အလုပ်ဆင်းနေရတာပါပဲ။ သည်လိုနဲ့ အလုပ်လည်း ဆင်း၊ စျေးလည်း သွားဝယ်ဆိုတော့ အခုထက်ထိတော့ ဘာမှ မဖြစ်လာသေး။ သည်လိုဆိုရင် မျက်နှာဖုံးတပ်ပြီး လူတွေနဲ့ ခပ်ခွာခွာနေ၊ စကားလည်း သိပ်မပြောကြရင် စိတ်အေးရတယ်လို့ ကောက်ချက်ချလို့ရမယ် ထင်ပါတယ်။ အခု ကူးကြတယ်ဆိုတာက ပေါ့ဆသူတွေနဲ့ ကျန်းမာရေးအားနည်းသူတွေ များကြတယ် ပြောပါတယ်။

သည်လိုနဲ့ နေရင်းကနေ မိမိတို့၏ စိတ်ချရတဲ့ အသိုင်းအဝိုင်းကို အိမ်တွင်းပုန်းမိသားစုကနေ ဘ၀ချင်းတူသော မိတ်ဆွေမိသားစုတွေနဲ့ ချိတ်ဆက် တိုးချဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ဗိုလိုကတော့ safe bubble လို့ ခေါ်ကြတယ်။ မိမိတို့လို ရောဂါလက္ခဏာမပြသူ၊ အသွားအလာဆင်ခြင်သူ၊ စိတ်ချယုံကြည်ရသူတွေ မိတ်ဆွေ မိသားစုတွေအချင်းချင်း သွေးတိုးစမ်း ဆုံတွေ့ရင်းနဲ့ မိမိတို့ social distancing ကို တစိမ်းများနဲ့ ထားရှိပြီး မိမိတို့စိတ်ချရသော အသိုင်းအဝိုင်းလေးကို သီးခြားကမ္ဘာလေးထူထောင်ပြီး နယူးနော်မယ်လူမှုဘ၀ကိုလည်း ပြင်ဆင်ကြရပါတယ်။

ကိုဗစ်နဲ့ အတူ ဆက်လက်နေထိုင်ကြရဖို့က သေချာနေပါပြီ။ ကိုဗစ်က သယ်ဆောင်လာတဲ့ ပြသနာတွေ မီးပွားတွေကလည်း အများသား။ သည်တော့ ကိုဗစ်နဲ့အပြင် ကိုဗစ်ကြောင့် ကူးစက်ဖြစ်ပွားလာတဲ့ လူမှုရေး စီးပွားရေး နိုင်ငံရေး ပြသာနာများ အရေးအခင်းများကြားထဲမှာ ကျော်လွှား ဖြတ်သန်းနေထိုင်နေကြပြီ ဖြစ်ပါတယ်။ အလုပ်လက်မဲ့၊ အသားအရောင် ခွဲခြားမှု၊ လူတန်းစားမညီမျှမှု၊ နိုင်ငံရေးကစားမှု၊ အကြမ်းဖက်မှုတွေနဲ့အတူ မိမိတို့ သတိကြီးစွာဖြင့် အတူတကွ နေထိုင်နေကြရပြီ ဖြစ်ပါတယ်။

ကိုဗစ်ကြီး ပြီးမှ … ကိုဗစ်ကြီး ပြီးသွားမှ … … ဆိုတဲ့ မျှော်တွေး မြင်ယောင် ပြောဆိုမှုဟာ မဖြစ်နိုင်ဘူးဆိုတာ သေချာနေပါပြီ။ ကိုဗစ်ကြီး သူ့ဖာသာသူ ဘယ်လိုနေနေ မိမိတို့ဖာသာ သူ့ကို ကန့်သတ်ထားပြီး မိမိတို့အနာဂတ်ကို သတိဝိရိယပညာနဲ့ ဆက်တွေးဆကြဖို့ပဲ ရှိပါတော့တယ်။ ကလေးတွေ ကျောင်းဘယ်လို တက်ကြမလဲ။ အွန်လိုင်းကလည်း သင်ကြား၊ စာသင်ခန်းသင်ကြားမှုကိုလည်း သွေးတိုးစမ်းကြမှ။ အလုပ်ခွင်တွေလည်း လူခွဲပြီး အချိန်ခွဲပြီး ဆင်းကြ။ အွန်လိုင်းကလည်း ဆက်လုပ်ကြ။ မျက်နှာဖုံးတွေ ဆက်ဝတ်ထားကြ။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ဆက်လက်ပြီး အရှိန်မြင့်တာ တိုးချဲ့တာတွေကိုလည်း လုပ်ကြရပါမယ်။

အခုတလောမှာတော့ ကောလိပ်ကျောင်းတွေ ပြန်ဖွင့်တာမှာ (အမေရိကား) ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားလို့ ကျောင်းတချို့ ပြန်ပိတ်ကြရပါတယ်။ မျက်နှာဖုံးပေါ်လစီကို ပေါ့လျော့လို့၊ ခပ်ခွာခွာ မနေကြလို့ဆိုပြီး ထောက်ပြကြပါတယ်။ ကျောင်းဆရာတွေကလည်း စာသင်ခန်းထဲမှာ တိုက်ရိုက်စာသင်ကြားမှုကို အပြည့်အ၀ မလုပ်ကိုင်လိုကြောင်း သဘောထားပေးပါတယ်။ ဝန်ထမ်းတွေကလည်း လိုအပ်ချက်အရသာ အလုပ်ဆင်းလိုပြီး ဝန်ထမ်းအားလုံး အလုပ်ခွင်ထဲ အပြည့်ပြန်ဆင်းတာမျိုးကိုတော့ မလိုလားကြောင်း ပြောကြပါတယ်။ လူနဲနဲနဲ့ ကျဲကျဲ အလုပ်ဆင်းတာကို ပိုစိတ်ချတယ်လို့ ဆိုပါတယ်။

ကိုဗစ်နဲ့အတူ (ဆက်လက်) နေထိုင်ကြမယ့်ဆီမှာ မိမိတို့ ကိုယ်ရော စိတ်ပါ တင်းမာ ဖိဆီးမှုတွေချည်းနဲ့ ဆက်လက်နေထိုင်ကြဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒေါသတွေ ကြောက်ရွံ့စိတ်တွေ အတ္တ မာန လောဘတွေ တွေဝေမိန်းမောမှုတွေကို အဖော်လုပ်ပြီး ကိုဗစ်နဲ့အတူ ဆက်လက်နေထိုင်နေကြရင် အသက်တိုဖို့သာ ရှိပါတယ်။ သည်တော့ မိမိတို့စိတ်မှာ ပျော်ရွှင်စရာ ရယ်မောစရာ လွမ်းမော ချစ်ခင်စရာတွေကိုလည်း အချိန်ပေးပြီး ခံစားနေထိုင်ကြဖို့ လိုမယ် ထင်ပါတယ်။ ကျနော်တို့တွေ တင်းမာခက်ထန်နေလွန်းတော့ ပျော်ရွှင် ရယ်မောဖို့ မေ့လျော့နေကြလေ့ရှိပါတယ်။ လွမ်းစရာရှိတာလည်း လွမ်း။ ငိုစရာရှိတာလည်း ငိုလိုက်ပေါ့။ ပြီးတော့လည်း လူတွေအပေါ် အခြေအနေတွေအပေါ်ကို စိုးရိမ်ပူပန်မှုတွေ အလိုမကျမှုတွေ အငြင်းအခုံတွေ တင်းမာခက်ထန်မှုတွေနဲ့ တုန့်ပြန်နေတာထက် ဂရုဏာတရား မေတ္တာတရား လက်ကိုင်ထားပြီး ကျင့်သုံးရမယ့် လေ့ကျင့်ရမယ့် အချိန်အခါကောင်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

တနေ့က မစံပယ်က သူ့သမီးရဲ့ ကြောင်အိုကလေး ဆုံးသွားတာကို ရေးပါတယ်။ ဘိုလေးအတွက် လို့ ခေါင်းစဉ်နဲ့ပါ။ ဝမ်းနည်းစရာဖြစ်သလို ကြည်နူးပျော်ရွှင်စရာလည်း ပါဝင်ပါတယ်။ မိမိတို့ဆီမှာလည်း ကြောင်တွေ ရှိတော့ ကိုယ်ချင်းစာပြီး ခံစားလို့ရပါတယ်။ အိမ်အပြင်မှာ ပိုင်ရှင်မဲ့ကြောင်တွေကလည်း အများသားကလား။ တလောက ပေါက်ထားတဲ့ ပိုင်ရှင်မဲ့ကြောင်ပေါက်ကလေးတွေချည်းပဲ ၁၀ ကောင်လောက် ရှိနေပါပြီ။ သူတို့ကိုလည်း မိမိတို့ မိသားစုမှာ ကျွေးရ မွေးရနဲ့ သံယောဇဉ် ဖြစ်ရပြန်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အပြင်ကြောင်ပေါက်ကလေးတကောင်လည်း ဆုံးသွားပါတယ်။ ကိုယ့်ခြံထဲမှာ ဆုံးတာဆိုတော့ မိမိဖာသာပဲ တွင်းတူးပြီး မြုတ်လိုက်ပါတယ်။ သည်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မိမိအတိတ်က အရိပ်တွေကို အိမ်သူနဲ့ သမီးကို ရယ်စရာလေးတော့ ပြောရဦးမယ်ဆိုပြီး မျှဝေပေးမိပါတယ်။

ရန်ကုန်က အိမ်မှာလည်း ခွေးတွေ ကြောင်တွေနဲ့ အဖော်လုပ်ပြီး ငယ်စဉ်ကတည်းက ကြီးပြင်းလာရတာ ဖြစ်ပါတယ်။ သည်တော့ ကြောင်ခွေး နာရေးတွေကိုလည်း မလွဲမရှောင်သာ ဖြတ်သန်းရပါတယ်။ ကြောင်နာ ခွေးနာများ ကျပြီးဆိုရင် မိမိအတွက်ကတော့ အလုပ်များပြီးသားပဲ။ ကြောင်တွေ ခွေးတွေကို လူတွေက အသက်ရှင်တုန်းသာ ချစ်ကြခင်ကြတာပါ။ သူတို့သေပြီဆိုရင် မိမိပဲ ကျင်းတူးပြီး မြုတ်နှံ အဆုံးသတ်ပေးဖို့ တာဝန်ကျပါတယ်။ အဲဒါကြောင့် ကြောင်တကောင်ကောင် ခွေးတကောင်ကောင် နာမကျန်းဖြစ်နေပြီ တရှောင်ရှောင်ဆိုရင် မောင်ရစ်တို့ကတော့ ပေါက်တူးလေး တပြင်ပြင်နဲ့ ကျင်း ကြိုတူးထားဖို့ တာစူနေပါပြီ။ အဲသည်အတွေ့အကြုံများကို ပြန်ပြောင်း မြင်ယောင်ပြီး အခု မျက်မှောက်ကာလ အခုလို အိမ်ပြင်ကကြောင်ပေါက်ကလေး အသက်ငင်နေကတည်းက ကျင်းတူးပေးထားဖို့ စိတ်ကူးနေမိကြောင်း ရယ်စရာ မောစရာ ပြောပြလိုက်မိပါတယ်။ သို့သော် အိမ်သူကော သမီးကပါ မျက်ရည်တွေ ဝိုင်းပြီး - ‘ဒါ ရယ်စရာမဟုတ်ဘူး’ လို့ ဝိုင်းအော်တာ ခံလိုက်ရပါတယ်။

အင်း ဟုတ်ပါတယ်။ တခါတလေမှာလည်း မငိုမိအောင်လို့ ရယ်မောပစ်လိုက်ရတယ်လို့ ဆိုရိုးရှိတယ် မဟုတ်လား။ ကိုဗစ်နဲ့အတူ ဆက်လက်နေထိုင်ကြတဲ့ဆီမှာ မျက်နှာဖုံးကာထားပေမယ့် ငိုစရာရှိ ငိုပါ ရယ်စရာရှိတာ ရယ်လိုက်ပါ။ အမြဲတန်း တင်းမာခက်ထန်ပြီး နေစရာ မလိုပါ။ အမြဲတန်း ကြောက်ရွံစိုးရိမ်ပြီး နေစရာ မလိုပါ။ ကျင်းကြိုတူးမယ်ဆိုလည်း သဘောပဲပေါ့။