Breaking News

ရဲရင့်သက်ဇွဲ - စပယ်တွေဖွေးဖွေးလှုပ်လို့

စပယ်တွေဖွေးဖွေးလှုပ်လို့

ရဲရင့်သက်ဇွဲ

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၀


၁။

အရောင်တူငှက်တွေ

ဆုံမှတ်တခုကို

ဦးတည်ပျံသန်းသွားကြတဲ့နေ့က

စပယ်တွေ ပွင့်လိုက်တာ

ဖွေးဖွေးလှုပ်လို့

အမေ့မှာ တရားနဲ့ဖြေလည်း မရဘူး ။


၂။

ငါတို့နွေးထွေးသော

ခိုလှုံရာရင်ခွင်များ

အိမ်များ

အမေများ

ချစ်သူများ

အနာဂတ်များ

ပိုင်ဆိုင်နိုင်ခွင့်ရှိသောအရာများ

ထားရစ် ချန်ရစ်

ကျောခိုင်းထွက်ခွာခဲ့ကြ

ယုံကြည်ချက်တွေက

စပယ်တွေလို ပွင့်လိုက်တာ

ဖွေးဖွေးလှုပ်လို့ ။


၃။

အခုတော့

ဆရာမောင်သော်ကရဲ့

အနှစ်နှစ်ဆယ်လည်း မဟုတ်

ဗိုလ်မှူးချစ်ကောင်းရဲ့

အနှစ်နှစ်ဆယ်လည်း မဟုတ်

နူးညံ့သော နှလုံးသား

ခံနိုင်ရည်နဲ့ အားတင်းထားခဲ့တဲ့

အမေအိုရဲ့မျက်ဝန်းများမှာ

စွန်းထင်းပေကျန်နေတဲ့

သောကရဲ့အတိုင်းအဆ

သုံးဆယ်နှစ်နှစ် ကာလ

ဟုတ်တယ်

အမေအိုရဲ့ ... သုံးဆယ်နှစ် နှစ်တာကာလ ... ။


စပယ်ပွင့်တွေကြားမှာ အမေပြုံးတယ်

သောက မျက်ရည်စတွေနဲ့

နာနာ ကျည်းကျည်း ပြုံးတယ် ။


ကုန်လွန်ခဲ့တဲ့ အချိန်ကာလတွေနဲ့

ရောက်ရှိလာဦးမယ့် နေ့သစ်တွေမှာ

အမေ့ရဲ့စိတ်ဟာ သားနဲ့ထပ်တူ

အောင်ပွဲကို ပွေ့ဖက်မယ့်သူပါ

အမေ စောင့်နေတယ် သားရေ


စပယ်နံ့တွေနဲ့မွှမ်းထုံနေတဲ့

အမေ ရဲ့ စကား

သားရှိရာအရပ်ဆီကို

သယ်ဆောင်သွားပေးပါလား

လေညင်းကလေးရေ ။


၄။

အရောင်တူငှက်တွေ

ဆုံမှတ်တခုကို

ဦးတည်ပျံသန်းသွားကြတဲ့

မနေ့ကလိုပါပဲ

သားရယ် ...အခုလဲ

စပယ်တွေ ပွင့်လိုက်တာ

ဖွေးဖွေးလှုပ်လို့

အမေ့မှာ တရားနဲ့ဖြေလဲ မရဘူး ။

(တပ်ဦးမှရဲဘော်များနှင့် အမေများ ...  သို့)

ရဲရင့်သက်ဇွဲ