Breaking News

အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၂



အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၂

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၀


ဒီမိုကရေစီစနစ်မှာ၊ လူသည် ရွေးကောက်ပွဲသတ္တဝါ ဖြစ်သည်။

(၁)

ကျနော် ပြည်တွင်းမှာတုန်းက ရွေးကောက်ပွဲ မဲ မပေးခဲ့ဖူးပါ။ ၁၉၉၀ မေလ၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပစဉ်က ကျနော် ထောင်ထဲရောက်နေသည်။ ထောင်ထဲကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ကိုတော့၊ ကျနော်(တို့)လျှို့ဝှက် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုစဉ်က ကျနော်သည် NLD ဧရာဝတီတိုင်းစည်းရုံးရေး တွဲဖက်တာဝန်ခံဖြစ်သည်။ (တာဝန်ခံက ဒေါက်တာသက်မင်း ပါ)

ကျနော်တို့ ပုသိမ်အကျဉ်းထောင် ကြိုးတိုက်ထဲကနေ၊ ဒီမိုကရေစီလိုလားသူ အကျဉ်းထောင်ဝန်ထမ်းတချို့၏ အကူအညီဖြင့် အပြင်နှင့်(ပုသိမ်တိုင်းရုံး၊ ရန်ကုန်ဗဟိုရုံး) အပြန်အလှန်ဆက်သွယ်နိုင်ခဲ့သည်။ ဗဟိုမှာ ကျနော်တို့နှင့် တာဝန်ယူဆက်သွယ်သူမှာ ကဗျာဆရာမြတ်လှိုင်း ဖြစ်သည်။

"ငုနဲ့ပိတောက် နွေမှာလှိုင်တယ်။ စုနဲ့ခမောက် မေမှာနိုင်မယ်"

ဆရာမင်းသုဝဏ်လား၊ ဆရာတင်မိုးလား၊ ခွဲခြား မမှတ်မိတော့ပါ။ ထိုစဉ်က အဖွဲ့ချုပ်ကို မဲပေးဖို့ သင်္ကေတမှာ ခမောက်ပုံဖြစ်သည်။ တကယ်လည်း အဲဒီ ၉၀ ရွေးကောက်ပွဲမှာ ခမောက်တွေ ပလူပျံ၊ NLD သောင်ပြို ကမ်းပြို အနိုင်ရ သောအခါ၊ ကျနော်တို့ ပုသိမ်ထောင်တစ်ခုလုံး အုံးအုံးကျွက်ကျွက် အောင်ပွဲ ခံခဲ့ကြပါသည်။ လွမ်းမိပါသေးသည်။

အခုတော့ ကျနော်က Party Veteran တစ်ယောက် ဖြစ်နေပါပြီ။ ပြည်ပြေး တစ်ယောက်အနေနှင့် အမေရိကကို ရောက်နေပါသည်။ အမေရိကန် သမ္မတရွေးကောက်ပွဲတွေကို ကျနော် စပြီးစိတ်ဝင်းစားခဲ့တာက ကျနော် လွတ်မြောက်နယ်မြေကို ရောက်လာတဲ့ ၂၀ဝ၇-၂၀ဝ၈ က ဖြစ်သည်။

ဒီမိုကရက်ပါတီတွင်းမှာ ပါတီသမ္မတလောင်းအဖြစ် ဘားရက်အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ အကြိတ်အနယ် မဲဆွယ်ယှဉ်ပြိုင်နေချိန်က ကျနော် မဲဆောက်မှာဖြစ်သည်။ ကျောင်းသားတပ်မတော်၊ ဒေါင်းရင်ပြင် မောင်လွမ်းဏီအိမ်တော်မှာ နေစဉ်အချိန်။

ကျနော်က ဟီလာရီကလင်တန်ကို သဘောကျသည်။ သူ့ကို ဒီမိုကရက်ပါတီ သမ္မတလောင်းဖြစ်စေချင်သည်။ သို့သော် ... သူ မဖြစ်။

အမေရိကန်နိုင်ငံရေးမှာ GLASS CEILING ဆိုတာကြီး ရှိသည်။ မှန်သားမျက်နှာကျက်ဟု ပြန်ရမည်။ ထို မှန်သားမျက်နှာကျက်က အမေရိကန်လူ့အဖွဲ့ အစည်းမှာ၊ အမျိုးသမီးတစ်ယောက် "သမ္မတလောင်း" ဖြစ်ဖို့ အခက်အခဲ၊  အဟန့်အတား၊ ခွဲခြားမှုတွေရှိကြောင်းပြနေသည်။

(၂)

၂၀ဝ၈ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ဘားရက်အိုဘားမား အနိုင်ရပြီး သမ္မတဖြစ်လာသည်။ ၂၀၁၂ ရွေးကောက်ပွဲမှာလည်းအိုဘားမား ဆက်အနိုင်ရသည်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ သမ္မတသက်တမ်း(၂)ဆက်ပြည့်သွားတော့၊ အိုဘားမား အိမ်ဖြူတော်က ထွက်ခွာရသည်။

၂၀၁၆ ရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီ သမ္မတလောင်းရွေးတော့၊  ဟီလာရီကလင်တန်က ဘာနေဆန်းဒါးကို နိုင်ပြီး အရွေးခံရသည်။ ရီပတ်ဗလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် ဟီလာရီ ပြိုင်ရသည်။

ကျနော်က ဟီလာရီကလင်တန်ကို အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုးသမီးသမ္မတ ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။ ဟီလာရီ ကလင်တန် ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေထဲ၊ ကျနော် ချွေးနှဲစာ
ဒေါ်လာ(၁၀ဝ)ထည့်ဝင်ကူညီခဲ့သည်။ (ကျနော် အမေရိကန်CITIZEN မဟုတ်ပါ။ မဲပေးခွင့်လည်း မရှိပါ)

၂၀၁၆၊ နိုဝင်ဘာလ(၈)ရက်။ အမေရိကန်သမ္မတရွေးကောက်ပွဲနေ့။ တစ်နေ့လုံး ကျနော်ရင်ခုန်နေသည်။ ညနက်တော့ ကျနော် စကားပင် မပြောနိုင်တော့ပါ။ ဟီလာရီကလင်တန် ရှုံးပြန်ပါသည်။ ဒေါ်နယ်ထရန့် အနိုင်ရပြီး၊ ၂၀၁၇၊ ဇန်နဝါရီ(၂၀)ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

အမေရိကန်လူထုက ဟီလာရီကို ချစ်ပါသည်။ လူတိုင်းကပေးသည့်မဲ (POPULAR VOTE ဟုခေါ်သည်)တွင် ဟီလာရီက ဒေါ်နယ်ထရန့်ထက်  မဲပေါင်း ၂ ဒသမ ၈၇ သန်း ပိုရသည်။ ဟီလာရီ (၆၅,၈၅၃,၅၁၄ )မဲနဲ့ ၄၈ ဒသမ ၂ %။ ထရန့် (၆၂,၉၈၄,၈၂၈)မဲနဲ့ ၄၆ ဒသမ ၁%။

သို့ရာတွင်၊ အမေရိကန်သမ္မတရွေးကောက်ပုံစနစ်ဟုခေါ်သည့် ELECTORAL VOTE အရ၊ စုစုပေါင်း (၅၃၈) မဲ (538 members of the Electoral College) တွင် ထရန့်က (၃၀၄)၊ ဟီလာရီက (၂၂၇) ဖြင့် ဟီလာရီ ရှုံးရခြင်းဖြစ်သည်။ (ELECTORAL VOTE တွင် အနိုင်ရရန် မဲ-၂၇၀ လိုအပ်သည်)

ကျနော် ဖြစ်စေချင်သည့် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသော အမျိုးသမီးသမ္မတကြီး ဟီလာရီကလင်တန် မဖြစ်တော့။ ဒီတစ်ခါလည်း GLASS CEILING ဟုခေါ်သည့် အမေရိကန်နိုင်ငံရေးတစ္ဆေကြီး က ချောက်ပြန်သည်။ အမျိုးသမီးတစ်ယောက် "သမ္မတ" ဖြစ်ဖို့ အခက်အခဲ၊ အဟန့်အတားတွေက ရှိနေတုန်းပင်။

(၃)

ကျနော်တို့မြန်မာပြည်မှာလည်း ထို GLASS CEILING ဆိုသည့် မှန်သား မျက်နှာကျက်ကြီး ရှိပါသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့ပါ။

စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ (နာဂစ် ခြေ/ဥ)   ဟုခေါ်ကြသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ထို ၂၀ဝ၈  နာဂစ် ခြေ/ဥ သည် မြန်မာပြည်၏ GLASS CEILING ဖြစ်သည် မဟုတ်လား။

၂၀ဝ၈ နာဂစ်မုန်တိုင်း မတိုင်မီ၊ န အ ဖ စစ်အုပ်စုက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲလုပ်မည်ဆိုတော့၊ ကျနော်တို့က ထိုင်းနိုင်ငံ၊ မဲဆောက်မှာ VOTE NO CAMPAIGN လုပ်ခဲ့ကြသည်။ NO VOTE မဟုတ်ပါ။ VOTE NO ဖြစ်သည်။ လူထုက န အ ဖ ၂၀ဝ၈ ခြေ/ဥ ကို ကန့်ကွက်မဲပေးဖို့ လှုံ့ဆော်တာဖြစ်သည်။

သို့သော်၊ န အ ဖ စစ်အုပ်စုက နာဂစ်အလောင်းပေါင်း (၂)သိန်းခွဲကျော်အပေါ် ကျော်ခွပြီး၊ သူတို့၏ ၂၀ဝ၈ ခြေ/ဥ ကို အတည်ပြု ပြဋ္ဌာန်းလိုက်လေသည်။

၂၀ဝ၈ နာဂစ် ခြေ/ဥ က သက်ဆင်းလာသော ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်တို့ အလိုကျ အတုအယောင်ရွေးကောက်ပွဲဖြစ်သည်။ (NLD က ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်)

၂၀၁၅ ရွေးကောက်ပွဲ NLD အနိုင်ရပြီး အစိုးရဖွဲ့နိုင်လာသောအခါ၊ ထို ၂၀ဝ၈ နာဂစ် ခြေ/ဥ သည် လူထုချဉ်ဖတ် အဟန့်အတား၊ အနှောင့်အယှက်ဖြစ်လာ ခဲ့သည်။

လွှတ်တော်တွင်းမှာ NLD က ၂၀ဝ၈ ခြေ/ဥ ပြင်ဖို့ ကြိုးပမ်းသော်လည်း၊ စစ် တပ်ကိုယ်စားလှယ် ၂၅% နှင့်၊ ကြံ့ဖွတ်နှင့်အပေါင်းပါ စစ်တပ်လိုလားသူများ၏ နှောင့်ယှက် ဟန့်တား ပိတ်ပင်မှုကြောင့်၊ ကာယကံမြောက် ပြင်ဆင်ခွင့် မရခဲ့။

သို့ပေမဲ့၊ ဒီ ၂၀ဝ၈ နာဂစ် ခြေ/ဥ ကို မဖြစ်မနေ ဆက်ပြီးပြင်နိုင်အောင် ကြိုးစားရမည်ဟူသော အတွေးအခေါ်စိတ်ဓာတ်အင်အား လူထုနှလုံးသားထဲ ရောက်သွားသည်။ ဒါက အမြတ်။ လူထု မရှုံး။ NLD လည်း မရှုံး။ သို့သော် ... အကြွေးတော့ တင်သွားသည်။

ယခု ၂၀၂၀။ ၂၀၂၀ ရွေးကောက်ပွဲသည် ထိုအကြွေးကို ပြန်ဆပ်ရမည့်ပွဲ ဖြစ်သည်။

ဒီမိုကရေစီစနစ်မှာ၊ လူသည် ရွေးကောက်ပွဲသတ္တဝါ ဖြစ်သည်။

ကျနော်တို့သည် ထိုအကြွေးကို ပြန်ဆပ်ဖို့ မဖြစ်မနေ မဲပေးကြရတော့မည်။

မဲပေးဖို့ မဲဆွယ်ကြရတော့မည်။ မဲဆွယ်စည်းရုံးရေးကလည်း ရွေးကောက်ပွဲ နိုင်ဖို့ လိုအပ်ချက်တစ်ရပ်ဖြစ်သည်။

(၄)

"ညောင်ပင်မှာနား၊ ညောင်သီးလည်းစား၊ လေးသံကြားလည်း နားထောင်" ဆိုသည့်စကား ရှိသည်။

ယခု အချိန်အခါသည် ကိုဗစ်-19 ကပ်ရောဂါဘေးဆိုးကြီး ကမ္ဘာတစ်လွှား ကူးစက်ပြန့်ပွားနေသော အချိန်အခါ ဖြစ်နေသည်။

အမေရိကမှာလည်း သမ္မတရွေးကောက်ပွဲ ရှိသည်။ ကိုဗစ် ရှိသည်။ မြန်မာပြည်မှာလည်း အထွေထွေရွေးကောက်ပွဲ ရှိသည်။ ကိုဗစ် ရှိသည်။

ယခု လတ်တလော မြန်မာပြည်မှာ၊ ကိုဗစ်-19 ကိုရိုနာဗီုင်းရပ်စ် ဒုတိယလှိုင်းက အတော်ပြင်းထန်ဆိုးဝါးလှသည်။ ကူးစက်မြန်သည်။ သေဆုံးသူများသည်။

ယခု ဤစာရေးနေချိန် WHO  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ထုတ်ပြန်ချက် အရ၊ 
ကမ္ဘာတစ်ဝန်းလုံး 
ကူးစက်ခံရသူ သန်း(၃၀)ကျော်(၃၀,၃၆၉,၇၇၈)။
သေဆုံးသူ (၉)သိန်းကျော်(၉၄၈,၇၅၉)။
အမေရိကန်ပြည်ထောင်စုမှာ 
ကူးစက်ခံရသူ (၆)သန်းကျော်(၆,၆၁၃,၇၃၇)။
သေဆုံးသူ (၂)သိန်းနီးပါး(၁၉၆,၄၆၅)။

ကျနော်တို့ မြန်မာပြည်မှာ 
ကူးစက် (၅,၂၆၃)ဦး။ သေဆုံးသူ (၈၁)ဦး။

ကိုဗစ်က ကျနော်တို့ ရွေးကောက်ပွဲ၊ နိုဝင်ဘာစီးချင်းထိုးပွဲတွေကို ချောင်း မြောင်းစောင့်ကြည့်နေသည်။ ကျနော်တို့ ရွေးကောက်ပွဲ မဲပေးဖို့တော့၊ မဲ ဆွယ်ကြရမည်။ မဲတော့ ဆွယ်ပါ။ ကိုဗစ်ကိုတော့ဖြင့် မေ့မထားကြပါနှင့်။ အနည်းဆုံးတော့ MASK တပ်ပြီးမှ မဲဆွယ်ပါ။ ၆-ပေ အကွာက စည်းရုံးပါ။ လူစုလူဝေးနှင့် ကိုဗစ်ကာလ စည်းကမ်းကန့်သတ်ချက်များကို ဖောက်ဖျက်ရာရောက်သည့် မဲဆွယ်စည်းမှုများ လုံးဝ(လုံးဝ) မပြုလုပ်မိရန် အလွန်အရေးကြီးပါသည်။

လူထုကို ချစ်သည့်သူအပေါ်၊ လူထုက ပြန်ချစ်ပါသည်။

အဓိကမှာ လူထုချစ်နေဖို့သာဖြစ်သည်။ ယခုအခါ ကိုဗစ်အန္တရာယ်ကို အမှန်တကယ် ထိထိရောက်ရောက် လက်တွေ့ကျကျ ခုခံကာကွယ်သူကိုသာ လူထုက အလိုရှိပေလိမ့်မည်။ လူထုက အသိအမှတ်ပြုပေလိမ့်မည်။

ယူတတ်လျှင် ကိုဗစ်သည် အဟန့်အတား။ အခက်အခဲ မဟုတ်။ အခွင့်အလမ်း၊ အခွင့်အရေးသာ ဖြစ်သည်။ လူထုကို ချစ်ကြောင်းပြသနိုင်သည့် အခွင့်ကို ကိုဗစ်က ပေးလိုက်ခြင်းဖြစ်သည်။

လူထုချစ်ရန်၊ ကိုဗစ်ရန်၊ ခုခံကာကွယ်ပါ။ ကိုဗစ်ကိုသာ အရင်ရွေးတိုက်ပါ။

ရွေးကောက်ပွဲက အဖြေထွက်ပြီးသား ဖြစ်သည်။

လူထုမဲကိုရဖို့၊ လူစုလူဝေးနှင့်မဲဆွယ်စည်းရုံးစရာ မလိုပါ။ စိတ်ချင်း ရင်းနှီးပြီးသား လူထုကို စိတ်နှင့်မဲဆွယ်ပါ။ စိတ်ချင်းစည်းရုံးပါ။ စိတ်ဆောင်လျှင် အောင်ပါသည်။

ယနေ့ ဒီမိုကရေစီတော်လှန်ရေးသည်ပင်၊ စိတ်နှင့်တိုက်ရသော စိတ်ဓာတ်တော်လှန်ရေးဖြစ်သည် မဟုတ်လား။

ကျနော်တို့ဘဝတွေ ၂၀ဝ၈ နာဂစ် ခြေ/ဥ အောက်မှာ ဖျတ်ဖျတ်လူး မသေမရှင် နဲ့ ဖတ်တလတ်တတ် ဖြစ်မနေချင်ဘူးဆိုရင် ... ။ အခုလို ၂၀ဝ၈ နာဂစ် ခြေ/ဥရန်ကို အံကြီးခဲခက် အံကြိတ်ကျော်ဖြတ်နေရသည့်အချိန်တွင် ကျနော်တို့ စိတ်ဓာတ်ခိုင်မာဖို့ လိုပါသည်။ စိတ်ဓာတ်ခိုင်မာမှ၊ အောင်လံခိုင်ပါမည်။

ယဉ်ကျေးမှုနှင့် ရိုင်းစိုင်းမှု၊ ဒီနှစ်ခုက ဒွန်တွဲနေဆဲလေ။

ယဉ်ကျေးသူတွေက သေနတ်ပြောင်းထဲ မေတ္တာပန်းတွေ ထိုးစိုက်ဖို့ စဉ်းစားကြတယ်။ လူရိုင်းတွေကတော့ သေနတ်မောင်း ညှစ်ဖို့ပဲ အစဉ်အမြဲ စဉ်းစားနေကြတယ်လေ။ ။

အောင်ဝေး
(၉- ၁၉- ၂၀)