Breaking News

ကိုတင်ထွန်းနိုင် - ပြန်လည်ပြင်ဆင်ရေးသမား

KT#

ပြန်လည်ပြင်ဆင်ရေးသမား

ကိုတင်ထွန်းနိုင်

(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၀


လွဲနေတာလေးတွေပြန်စီဖို့

တောင်ကုန်းထိပ်ပေါ်တက်လိုက်ပြီ။

ရပ်နေဖို့လား သတ်သေမလို့လား

သချင်္ာတစ်ပုဒ်ကိုအစကပြန်တွက်ဖို့ စာမျက်နှာအသစ်ကိုဖွင့်

လေ့ကျင့်ထားတဲ့အစတွေ ဦးခေါင်းထဲကပြန်ထုတ်

လေတဟူးဟူးနဲ့တောင်ကုန်း​က ပုံမှန်အတိုင်း။

ရှေ့ကိုတလှမ်းတိုးလိုက်ဖို့ ငါ့မှာသံသရာနဲ့ချီပြီးစဉ်းစားရ

နောက်ဖက်က ဒဏ်ရာတွေကို ဘယ်ခလုတ်နဲ့ပိတ်ပါ့မလဲ

ဘယ်လိုပဲဖြစ်ဖြစ်လေ လေတဟူးဟူးနဲ့တောင်ကုန်းပေါ်မှာ

ငါရယ် ငါ့အသက်ရှူသံရယ် တဖျတ်ဖျတ်လွင့်နေတဲ့ငါ့ဆံပင်တွေရယ်။

တိတ်ဆိတ်မှုငြိမ်သက်မှုတွေအားကြီးလွန်းလို့ ငါ့နားကိုပိတ်ထားရ

ခပ်လှမ်းလှမ်းလယ်ကွင်းတွေမှာ ခေတ်အဆက်ဆက်သိမ်းထုတ်ထားတဲ့ချွေးစက်တွေတဖိတ်ဖိတ်

ခုနေအခါမတော့ ရပ်နေမလား သတ်သေမလားဆိုတာလည်း

လေတဟူးဟူးနောက် 

ငါ့ဆဲလ်တစ်ခုချင်းစီဟာလည်းလေတဟူးဟူးနောက်

လွဲနေတာလေးတွေတော့တည့်ကုန်ပြီ တောင်ကုန်းထိပ်ပေါ်မှာ။ ။