Breaking News

ဒေါက်တာသိန်းလွင် - ကျောင်းသားဘ၀များ



ဒေါက်တာသိန်းလွင် -  ကျောင်းသားဘ၀များ

(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၀


မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၁၀)
၂၀၂၀ စက်တင်ဘာလ ၄ ရက်

ဤစာတွင် ကျနော်၏ ငယ်ဘဝကို ရေးထားပါသည်။ သူငယ်တန်းမှ ဆယ်တန်းအထိ ပဲခူးမြို့ အမျိူးသားကျောင်းတွင် တက်ရောက်ခဲ့စဉ်က သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများနှင့် မှတ်မိသမျှ အတွေ့အကြုံများကိုရေးထားပါသည်။

ဤစာမူကို အမျိုးသားအောင်ပွဲနေ့ နှစ် (၁၀၀) အထိမ်းအမှတ်အဖြစ် ပဲခူးမြို့၊ အမျိုးသားတန်းမြင့်ကျောင်း (ယခု အမှတ် ၃ အထက) က ထုတ်ဝေမည့် စာစောင်အတွက် ရေးသားခြင်း ဖြစ်ပါသည်။ စာမူရွေးချယ်ရေး အဖွဲ့သို့ ပေးပို့ထားပါသည်။ ရွေးချယ်ခြင်း ခံရမည်/မခံရမည်ကို မသိသေးပါ။

မိတ်ဆွေ သူငယ်ချင်းများ ဖတ်ရှု၍ ဝေဖန် အကြံပြုနိုင်စေရန် ပေးပို့ပါသည်။ ကျနော်ရေးသားနေသော ရှေ့ရောက်၊ နောက်ရောက်၊ တောင်ရောက်၊ မြောက်ရောက် စာများကို အချိန်ကုန်ခံ ဖတ်ရှုကြသဖြင့် အားနာလှပါသည်။

ဓါတ်ပုံများမှာ ကျနော်၏ ငယ်သူငယ်ချင်းများနှင့် အမျိုးသားကျောင်း အဆောက်အဦး ဖြစ်ပါသည််။

အမျိုးသားကျောင်းနှင့် ကျွန်တော်၏ငယ်ဘဝ
နိဒါန်း

ကျွန်တော်သည် ပဲခူးမြို့ အမျိုးသားတန်းမြင့်ကျောင်း (ယခု အမှတ် ၃ အစိုးရအထက်တန်းကျောင်း) တွင်သူငယ်တန်းမှ ဆယ်တန်းအထိ (၁၉၆၀ မှ ၁၉၇၂ အထိ) တက်ရောက်ခဲ့သူဖြစ်ပါသည်။ ကျွန်တော့်အား ပညာအခြေခံကောင်းများ ပေးခဲ့သော၊ ပညာသင်ယူလိုစိတ်ကို မြှင့်တင်ပေးခဲ့သော၊ ကျောင်းတော်ကြီးကို လေးစားဂုဏ်ယူလျှက် ဤဆောင်းပါးကို ရေးသားပါသည်။ ဤအမျိုးသားကျောင်းကို ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း (၁၀၀) ရှိပြီဖြစ်ပါသည်။ ၁၉၂၀ ကျောင်းသားသပိတ် ဆင်နွှဲပြီးနောက် အမျိုးသားကျောင်းများကို စတင်ထူထောင်ကြစဉ်ကတည်းက ပေါ်ထွန်းလာသော ကျောင်းကြီးဖြစ်ပါသည်။ 

နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်မှ ရုံးထွက်၍ နိုင်ငံအတွက်လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်း အတွက်လည်းကောင်း၊ အသိဥာဏ်ပညာ လွတ်မြောက်မှုအတွက် အမျိုးသားကျောင်းများကို ထူထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ကျွန်တော့်အား “လွတ်မြောက်ရေးအတွက် ပညာရေး” အသိစိတ်ကို မွေးမြူပေးသော ကျောင်းတော်ကြီးနှင့်တကွ၊ ဆရာဆရာမများကို ကျေးဇူးတင်လျှက် ရှိပါသည်။ ဤဆောင်းပါးတွင် သူငယ်တန်းမှ ဆယ်တန်းအထိအမှတ်ရစရာ အဖြစ်အပျက်များ၊ သူငယ်ချင်းများနှင့် ဆရာ၊ ဆရာမများအကြောင်း ရေးသားထားပါသည်။

ရှေးဦးကလေးသူငယ်ပညာရေးဘဝ 

​ကျွန််တော် ၅ နှစ်ပြည့်တော့ အမေက ကျွန်တော်ကို ပဲခူး၊ ဟင်္သာကုန်းက အဖွားအိမ်ကို ကျောင်းတက်ဖို့အတွက် ပို့ပါတယ်။ အဖွားရဲ့အိမ်မှာ အမေ့ရဲ့အစ်မနှစ်ယောက်၊ မောင်တစ်ယောက်နဲ့ ညီမတစ်ယောက် အတူနေကြပါတယ်။ အဖွားတို့အိမ်မှာ ယက်ကန်းစင်တွေ ရှိပါတယ်။ စျေးဆိုင်လည်း ရှိပါတယ်။ အမေက အဖေဆောက်ပေးခဲ့တဲ့ ရွာက အိမ်မှာပဲနေပါတယ်။ ကမာနတ်ရွာပါ။ အဖေက ကျွန်တော် သုံးနှစ်သားမှာကွယ်လွန်သွားခဲ့ပါတယ်။ 

​ကျွန်တော် အဖေ့ကို ရေးရေးဘဲမှတ်မိပါတယ်။ ပုဆိုးကို ဖင်ပြောင်အောင် ခါးတောင်းကျိုက်ပြီး၊ အိမ်ရှေ့မှာ ကနဖျင်းတဲ ထိုးနေတာရယ်၊ အဖေ လှည်းနဲ့ တောထဲ သစ်ခုတ်သွားဖို့ပြင်နေတုံး ကျွန်တော်က အဖေနဲ့လိုက်ချင်လို့ ကျွန်တော့် ဖိနပ်နှစ်ဖက်ကို လှည်းရံတိုင်မှာ ချိတ်ပြီး လှည်းပေါ်တက်ထိုင်နေတာရယ်၊ မှတ်မိပါတယ်။ အဖေနဲ့မလိုက်ရလို့ ငိုပြီးကျန်ခဲ့တာလဲ မှတ်မိပါတယ်။ အဖေတောတက်တာ အဲ့ဒါနောက်ဆုံးအခေါက်ဘဲ ထင်ပါတယ်။ တောကပြန်ရောက်ပြီး အဖျားတက်ပြီး အဖေဆုံးပါတယ်။ 

​နွေစပါးရိတ်ပြီးချိန်ဆို အဖေတို့ရွာသားတစ်စု လှည်းလေးငါးခြောက်စီးနဲ့ ပဲခူးရိုးမတောကိုသွားပြီး သစ်ခုတ်ကြပါတယ်။ အိမ်ဆောက်ဖို့၊ တဲထိုးဖို့၊ ထင်းဆိုက်ဖို့၊ သစ်တွေ၊ ဝါးတွေကို တောမှာပဲသွားခုတ််ကြပါတယ်။ အဖေက သူ့အိမ်ဆောက်ဖို့ သူကိုယ်တိုင် တောတက်၊ သစ်ရှာ၊ သူကိုယ်တိုင်် လွှစင်မှာသစ်ခွဲပြီး သူကိုယ်တိုင် ဆောက်တာပါ။ အမေက အဖေကိုယ်တိုင် ဆောက်ပေးခဲ့တဲ့ အိမ်မှာ အသက် ၉၀ ကွယ်လွန်တဲ့အထိနေသွားပါတယ်။ 

​ပဲခူး၊ ဟင်္သာကုန်းက အဖွားတို့အိမ်နားမှာ ခရိုင်စံပြ မူလတန်းကျောင်းရှိပါတယ်။ အမေက အဲ့ဒီကျောင်းမှာ ကျွန်တော့်ကိုထားဖို့ အဖွားအိမ်ကို ပို့တာပါ။ ကျွန်တော်က ကျောင်းမနေချင်ပါဘူး။ ရွာကိုဘဲ ပြန်ချင်ပါတယ်။ကျောင်းစဖွင့် တဲ့နေမှာ ကြီးတော်ကြီးက ကျွန်တော့်ကို သနပ်ခါးလူး၊ အဝတ်လဲပေးပြီး ကျောင်းပို့ဖို့ လုပ်ပါတယ်။ 

ကျွန်တော်က ကျောင်းမသွားချင်လို့ ငိုပါတယ်။ ကျောင်းသွားရမယ်ဆိုပြီး ကြီးတော်က ကျွန်တော့်ကိုလက်မောင်းကနေဆွဲပြီး ခေါ်ပါတယ်။ အိမ်ရှေ့ရောက်တော့ ကျွန်တော်ဓာတ်တိုင်ကို အတင်းဖက်ထားပါတယ်။ ကြီးတော်ကလည်းအတင်းဆွဲပြီး ကျောင်းကိုခေါ် သွားပါတယ်။ ကျောင်းမှာလဲ တစ်ချိန်လုံးငိုနေလို့ ဆရာမက အိမ်ပြန်ပို့ပါတယ်။ ကြီးတော်ကြီး ကျွန်တော့်ကို လက်လျော့ပြီး “ဒီကောင်လေးစာတတ်မှာမဟုတ်ဘူး” ဆိုပြီး ရွာကိုပြန်ပို့ပါတယ်။ 

​အမေကတော့လက်မလျော့ပါဘူး။ ကျွန်တော့်ကိုရွာကမူလတန်းကျောင်းကို ပို့ပါတယ်။ ရွာကျောင်းမှာ အစ်မလည်းတက်တော့ အစ်မနဲ့ နေစဉ် ကျောင်းသွားဖြစ်ပါတယ်။ ကျွန်တော်ရွာမှာ ၂ နှစ်တက်ပြီး၊ ပထမတန်းအောင်ပြီးတော့ အမေက ကျွန်တော့်ကို မြို့ကျောင်းကို ထပ်ပို့ပါတယ်။ အမေက “သားရေ၊ မင်းအဖေ မသေခင်က၊ မင်းကို မြို့ကျောင်းမှာထားဖို့ မှာသွားတယ်၊ သား မြို့ကျောင်းမှာတက်ရမယ်နော််” လို့ပြောပါတယ်။ ကျွန်တော် ခေါင်းငြိမ့်ပါတယ်။ အဖေ့ရဲ့ မှာစကားက ကျွန်တော် ကျောင်းတက်ဖို့ ခွန်အားရပါတယ်။

​ပဲခူးမှာနေတဲ့ အမေ့ညီမရဲ့သားသမီးတွေ (ကျွန်တော့်ရဲ့ မောင်နှမဝမ်းကွဲတွေ)က ပဲခူးမြို့၊ အမျိုးသားတန်းမြင့်ကျောင်းမှာ တက်ကြပါတယ်။ အမေက ကျွန်တော့်ကို အဲ့ဒီကျောင်းမှာထားဖို့ မြို့ကိုပြန်ပို့တာပါ။ အဒေါ်ရဲ့ယောက္ခမကြီးက ကျွန်တော့်ကို ကျောင်းလိုက်အပ်ပေးပါတယ်။ ကျောင်းအပ်တော့ ကျွန်တော့် အဖေနာမည်ကို “ဦးစိန်ကြည်”လို့ ပေးပါတယ်။ ကျွန်တော့်ရဲ့ အဖေနာမည်က “ဦးထွန်းရှိန်” ပါ။ ဦးစိန်ကြည်က ကျွန်တော့် အဒေါ်ရဲ့ယောင်္ကျားပါ။ ကျွန်တော်ထင်တာက ဦးစိန်ကြည် သားသမီးတွေက အဲ့ဒီကျောင်းမှာထားတာမို့၊ ကျောင်းက ကျွန်တော့်ကိုလက်ခံဖို့အတွက် ဦးစိန်ကြည်သားလို့ ပြောပုံရပါတယ်။ အမျိုးသားကျောင်းက ကျောင်းအပ်ချင်သူများလို့ ဝင်ခွင့်ရဖို့ခက်ပါတယ်။ ပြီးတော့ အဲ့ဒီ အဒေါ့်ယောက္ခမ အဖိုးက ကျွန်တော့်မွေးသက္ကရာဇ်ကို သေချာမသိတော့ ၁၃၁၄ တော်သလင်းလပြည့်လို့ ပေးခဲ့ပါတယ်။ တကယ်က ၁၃၁၄ တော်သလင်း လဆန်း (၃) ရက်၊ သောကြာနေ့ပါ၊ ၁၉၅၂ ဩဂုတ်လ ၂၂ ရက်နေ့ဖြစ်ပါတယ်။ 

​ကျွန််တော့်ကို ကျောင်းကလက်ခံပြီး သူငယ်တန်းလေးကိုပို့ပါတယ်။ ရွာမှာ ကျွန်တော်ပထမတန်း အောင်ခဲ့ပေမဲ့ ရွာကျောင်းမှာ အင်္ဂလိပ်စာမသင်ခဲ့ရပါဘူး။ အမျိုးသားကျောင်းက အင်္ဂလိပ်စာကို သူငယ်တန်းက စသင်တာမို့၊ အင်္ဂလိပ်စာ မတတ်တဲ့အတွက် သူငယ်တန််းလေးကစပြီး တက်ခိုင်းတာပါ။ သူငယ်တန်းမှာ သူငယ်တန်းလေး၊ သူငယ်တန်းကြီး ဆိုပြီး သူငယ်တန််းနှစ်တန်း ရှိပါတယ်။ 

​သူငယ်တန်း မြန်မာစာနဲ့ သင်္ချာ ကတော့ ကျွန်တော် တတ်ပြီးပါပြီ။ အင်္ဂလိပ်စာဘဲ အခက်အခဲရှိပါတယ်။ ကျွန်တော့်အစ်မဝမ်းကွဲ မမြင့်မြင့်ရီက ကျွန်တော့်ကို အင်္ဂလိပ်စာကူပြီး သင်ပေးပါတယ်။ အင်္ဂလိပ်စာရပြီး၊ တခြားစာတွေလည်းရနေတာနဲ့ စာသင်နှစ်ဝက်မှာ ကျွန်တော့်ကို သူငယ်တန်းကြီး ကိုပို့ပေးပါတယ်။ သူငယ်တန်းကြီးကိုလည်း အခက်အခဲမရှိပဲ အောင်ပြီး၊ နောက်နှစ်မှာ ပထမတန်းတက်ရပါတယ်။

မှုလတန်းကျောင်းသားဘဝ

​သူငယ်တန််းလေးတုန်းက ဆရာမ ဒေါ်သောင်းသောင်း၊ သူငယ်တန်းကြီးမှာ ဆရာမ ဒေါ်ကြည်ကြည်တို့နဲ့ သင်ရပါတယ်။ ပထမတန်းရောက်တော့ ဆရာမ ဒေါ်အုန်းတင် အတန်းမှာ နေရပါတယ်။ ပထမတန်းရောက်တော့ ကျောင်းနေရတာ ပျော်လာပါတယ်။ သူငယ်ချင်းတွေလည်းရလာ၊ စာမေးရင်လည်းရလို့ ဆရာမတွေက ချီးကျူးကြတော့ကျောင်းမှာ ပျော်ပါတယ်။ 

ဆရာမ ဒေါ်အုန်းတင်က ကျွန်တော့်ကို အတန်းရဲ့ မော်နီတာ (monitor) ခန့်ပါတယ်။ အတန်းထဲမှာ ကျွန်တော်က နဲနဲ အသက်ပိုကြီးလို့ထင်ပါတယ်။ မော်နီတာဖြစ်တော့ ကျောင်းကိုနေ့တိုင်းပဲ စောစောသွားချင်ပါတယ်။ သောက်ရေအိုးရေဖြည့်တာ၊ အခန်းသန့်ရှင်းရေးလုပ်တာ၊ ကျောက်သင်ပုန်းမှာ မနေ့က ရေးထားတာတွေကို ဖျက်ပေးရတာတွေ တာဝန်ယူရပါတယ်။ တာဝန်ရှိတယ်ဆိုတဲ့အသိက ကျောင်းကိုနေ့စဉ် သွားချင်အောင်လှုံ့ဆော််ပေးပါတယ်။ မော်နီတာ လုပ်ရတာ မကောင်းတာတစ်ခုတော့ရှိပါတယ်။ အတန်းထဲမှာစကားများတဲ့သူ၊ စသင်ချိန်မုန့်ခိုးစားတဲ့သူတွေကို ဆရာမဆီ သတင်းပို့ရပါတယ်။ အတိုင်ခံရတဲ့သူတွေရဲ့ မုန်းတာခံရပါတယ်။

​ပထမတန်းမှာ ဆုတွေရတော့ ပိုပြီးပျော်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဆုပေးပွဲကျင်းပပါတယ်။ ကျွန်တော်က ပထမတန်းမှာ ပထမဆုရတဲ့အပြင်၊ မူလတန်းအားလုံးမှာလည်း ကျွန်တော် ပထမရပါတယ်။ ဘာသာရပ် အားလုံးမှာ အမှတ်ပြည့်ရတာကြောင့် မူလတန်းပထမဆုကိုရပါတယ်။ ဆုတက်ယူတော့ ရင်တွေခုန်၊ လက်တွေတုန်ပြီး ပီတိတွေလည်း တကိုယ်လုံး လွှမ်းခြုံသွားပါတယ်။ ဆုတွေရတော့ အမေ့ကိုပြရအောင် ရွာကိုသွားပါတယ်။ ရွာထဲဝင်လိုက်တာနဲ့ “ဖိုးငိုလေးပြန်လာပြီဟေ့” လို့ ကြိုဆိုကြပါတယ်။ ကျွန်တော့်ကိုရွာက ဖိုးငိုလို့ ခေါ်ပါတယ်။ ငယ်ငယ်က တရွာလုံးကြားအောင် တအားငိုလို့ “ဖိုးငို”လို့ နာမည်ပေးထားကြပါတယ်။ 

​ဒုတိယတန််းရောက်တော့ အတန်းပိုင်ဆရာမက ဒေါ်ခင်စန်းကြူ။ ဒုတိယတန်းမှာလည်း ပထမ။ တတိယတန်းမှာလည်း ပထမပဲရပါတယ်။ ကျွန်တော့ ဆုကဒ်ပြားတွေနဲ့၊ အောင်စာရင်းထွက်တဲ့အခါတွေမှာ အဘအမည် ဦးစိန်ကြည်လို့ ပါနေတာ ကျွန်တော့်စိတ်ထဲမှာ တမျိုးခံစားရပါတယ်။ တတိယတန်းရောက်တော့ ဆရာဦးတင်အေးကို ကျွန်တော့်ဖခင် အမည်ပြောင်းချင်ကြောင်း ကျွန်တော်သွားပြောပါတယ်။ ဆရာက ကျွန်တော့် အဒေါ်တွေကိုသွားမေးပြီး ကျောင်းစာရင်းမှာ ကျွန်တော့် ဖခင်အမည်ကို ဦးထွန်းရှိန်လို့ ပြန်ပြောင်းပေးပါတယ်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ 

​စတုတ္တတန်းရောက်တော့ အတန်းပိုင်ဆရာမ ဒေါ်အုန်းတင်နဲ့ ပြန်သင်ရပါတယ်။ ပထမတန်းတုန်းက အတန်းပိုင်ပါ။ ဆရာမက ကျွန်တော်တို့ကို သားသမီးလိုချစ်ပါတယ်။ ကျွန်တော်တို့လည်း ဆရာမကို ချစ်ပါတယ်။ မကြာသေးခင်က ဆရာမ ဒေါ်အုန်းတင် ကွယ်လွန်သွားပြီလို့ သတင်းကြားရပါတယ်။ ဆရာမရဲ့ ကျေးဇူးကို သတိရပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ 

စတုတ္တတန်းမှာလဲ ကျွန်တော် ပထမရပါတယ်။ မူလတန်းမှာ အခြေခံပညာ ကျွန်တော် ကောင်းကောင်းရခဲ့ပါတယ်။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္တတန်း၊ အတန်းပိုင် ဆရာ ဆရာမ များသာမက၊ ဘာသာရပ်အလိုက် သင်ကြားပြသပေးသော ဆရာ ဆရာမများအားလုံးကို ကျေးဇူးတင်ရှိပါတယ်။

အလယ်တန်းကျောင်းသားဘဝ

ပဉ္စမတန်း ရောက်တော့ အတန်းပိုင်ဆရာက ဦးအောင်သန်း၊ အင်္ဂလိပ်စာ သင်ပါတယ်။ ကျောင်းသားတွေကိူ ဆူတတ်၊ ငေါက်တတ်တယ်။ ကျနော်ကတော့ သူ့စာတွေ ရလို့ ဆူတာ ရိုက်တာ မခံရပါဘူး။ ကနေ့ထိ မှတ်မိနေတာတခုကတော့ တရက်မှာ အင်္ဂလိပ်ဖတ်စာထဲမှာ ပါတဲ့ “bright smiling eyes” ဆိုတာ ဘာအဓိပ္ပါယ်လဲလို့ အတန်းကို မေးပါတယ်။ အားလုံး ငိုင်နေတုန်း ကျနော်က လက်ထောင်လိုက်တယ်။ ဟိုကောင်ဖြေလို့ ဆိုတော့ - 'တောက်ပပြီး ပြုံးယောင်သန်းနေတဲ့ မျက်လုံး' လို့ ဖြေတော့ ဆရာက သဘောကျပြီး ချီးကျုးပါတယ်။ ဆရာတွေရဲ့ ချီးကျူးမှုများဟာ ကျနော်အတွက်တော့ ခွန်အားဖြစ်ပါတယ်။

​ဆဋ္ဌမတန်းရောက်တော့ အတန်းပိုင် ဆရာမက ဒေါ်ခင်သီနွယ်ပါ။ မှတ်မိနေတဲ့ ဘာသာရပ် ဆရာ၊ ဆရာမတွေကတော့ မြန်မာစာ ဒေါ်မြရီ၊ သင်္ချာ ဦးကျင်သိန်း၊ သိပ္ပံ ဦးသန်းလွင်။ ဆရာဦးသန်းလွင်က အလွန်အရိုက်ကြမ်းပါတယ်။ စာမေးလို့မရလဲရိုက်၊ အိမ််စာမလုပ်လဲရိုက်၊ နဲနဲမှားလဲရိုက်။ မိန်းကလေးတွေရော၊ ယောင်္ကျားလေးတွေရော တစ်တန်းလုံးလိုလို အရိုက်ခံရ၊ ထိုင်ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပြီး ဒဏ်ပေးခံကြရပါတယ်။ ငယ်သူငယ်ချင်း ခင်ဦးလွင်က တရက်မှာ နေ့လယ် ထမင်းစားလွှတ်ချိန် အိမ်ခဏပြန်ပြီး ကျောင်းပြန်ရောက်ရောက်ချင်း ဆရာဦးသန်းလွင် စာမေးတာမရလို့ ခုံပေါ်တက်ရပ်ခိုင်းပြီး ဒဏ်ပေးတာခံခဲ့ရကြောင်း၊ အဲ့ဒီအချိန်က သူတို့မိသားစု အခက်အခဲတွေရင်ဆိုင်နေရချိန်မှာ ဒဏ်ပေးခံရတာ ဝမ်းလည်းနည်း ရှက်လည်းရှက် တစ်သက်မမေ့ဘူးလို့ တခါက ပြောဖူးပါတယ်။

ဆရာကကြမ်းတော့ ကျွန်တော်တို့ အတန်းသားတွေ ညီညွတ်ကြပါတယ်။ ကျွန်တော်က အတန်းမော်နီတာဖြစ်ပေမဲ့ ဆရာဘက်ကို မလိုက်ပါဘူး။ ကျောင်းသားတွေဘက်လိုက်ပါတယ်။ 

​တညနေ ကျောင်းလွှတ်ချိန်မှာ ဆရာဦးသန်းလွင် အိမ်ပြန်ဖို့ ကျွန်တော်တို့အတန်းဘေးမှာ ရပ်ထားတဲ့ သူ့စက်ဘီးကို လာယူပါတယ်။ ဘီးနှစ်ဘီးစလုံးပြားချပ်နေပါတယ်။ လေထိုးလို့လဲမရတော့ပါဘူး။ သူ့စက်ဘီးကို ကွန်ပါချွန်နဲ့ မွနေအောင် ထိုးထားတဲ့အရာတွေ တွေ့ပါတယ်။ ဆရာဦးသန်းလွင်က ကျောင်းအုပ်ဆရာကြီး ဦးသန်းကို သွားတိုင်ပါတယ်။ နောက်တစ်နေ့ ညနေ ကျောင်းလွှတ််ခေါင်းလောင်း ထိုးပြီးချိန်မှာ ဆရာကြီး ဦးသန်း ကျွန်တော်တို့ အတန်းကိုရောက်လာပါတယ်။ လက်ထဲမှာ ကြိမ်လုံးနှစ်လုံးပြူးကိုင်လာပါတယ်။ မျက်နှာထားလဲအတော်တင်းပါတယ်။ 

“ဘယ်ကောင်လဲကွ၊ စက်ဘီးကို စူးချွန်နဲ့ ထိုးတာ”
ဘယ်သူမှမပြောပါဘူး။
“ပြော၊ ဘယ်သူလုပ်တာလဲ၊ ပြော”
ဘယ်သူမှမပြောပါဘူး။
“မပြောရင် တစ်တန်းလုံးကိုရိုက်မယ်”
ဘယ်သူမှမပြောပါဘူး။

ကောင်းပြီ ဆိုပြီး ဆရာကြီးက ရှေ့ဆုံးတန်းကစပြီး တစ်ယောက်စီ အတန်းရှေ့ခေါ်ပြီး သုံးချက်စီ ရိုက်ပါတယ်။ အတော်နာပုံ ရပါတယ်။ ယောင်္ကျားလေး သုံးလေးယောက်ရိုက်ပြီး မိန်းကလေးတွေဘက်ရောက်တော့ မိန်းကလေးတစ်ယောက် အရိုက်ခံဖို့ အတန်းရှေ့အထွက်မှာ၊ ကျွန်တော်တို့ အတန်းနောက်ဆုံးနားမှာထိုင်တဲ့ တင်ငွေကြီးက ထပြီး 

“ကျွန်တော်လုပ်တာပါဆရာကြီး၊ သူတို့ကိုမရိုက်ပါနဲ့” လို့ ပြောပါတယ်။ 

ဆရာကြီးက “အေးဒီလိုမှပေ့ါကွ၊ ကိုယ်လုပ်တာကိုယ်ခံရဲရတယ်”။
တင်ငွေကြီးကို အတန်းရှေ့ခေါ်ပြီး ငါးချက်လောက် တအားလွှဲရိုက်ပါတယ်။ အံကြိတ်ခံပါတယ်။ 

တကယ့်တော့ ဦးသန်းလွင် စက်ဘီးကို ကွန်ပါစူးချွန်နဲ့ထိုးတာ တင်ငွေကြီး တစ်ယောက်ထဲမကပါဘူး။ သုံးလေးယောက်ပါပါတယ်။ တင်ငွေကြီးက သူတစ်ယောက်တည်းခံသွားပါတယ်။ 

အဲ့ဒီကတည်းကစပြီး ကျွန်တော်တို့ အတန်းကို လူဆိုးတွေလို့ သတ်မှတ်ထားကြပါတယ်။ ဆရာမ ဒေါ်မြရီကျွန်တော်တို့ အတန်းကို ဝင်လာရင်၊ ကျွန်တော်တို့ဆူညံနေရင်၊ ဆရာမက “သူပုန်တွေ၊ သူပုန်မယားတွေ၊ တိတ်” လို့အော်ပြီး စားပွဲကို ကြိမ်လုံးနဲ့ ဖျန်းကနဲ ရိုက်တော့မှ ကျွန်တော်တို့ ငြိမ်ကြပါတယ်။ 

​သတ္တမတန်းရောက်တော့လည်း အရိုက်ကြမ်းတဲ့ ဆရာတစ်ဦးနဲ့ ထပ်ကြုံရပါတယ်။ ဆရာဦးဘညှင်းပါ။ အင်္ဂလိပ်စာသင်ပါတယ်။ အတန်းပိုင်ဆရာမက မြန်မာစာသင်တဲ့ ဒေါ်မြရီ။ တခြား ဆရာ ဆရာမတွေက ဒေါ်ခင်တိုး၊ ဒေါ်ခင်လှမြင့်၊ ဒေါ်ခင်သီနွယ်၊ ဒေါ်မေပြုံးဇင်၊ ဒေါ်အေးသိန်း၊ ဦးစံသိန်းတို့ ဖြစ်ကြပါတယ်။ ဆရာဦးဘညှင်းက ဦးသန်းလွင်ထက် ပိုကြမ်းပါတယ်။ စာမရရင် တင်းပါးကိုရိုက်ပါတယ်။ နောက်တစ်ခါမေးလို့မရရင် ခုံပေါ်တက်ခိုင်းပြီး ရိုက်ပါတယ်။ တတိယအကြိမ် မေးလို့မှ မရရင် ကျောကို ရိုက်ပြီး အတန်းပြင်ထွက်ခိုင်းပါတယ်။ 

​နှစ်စမှာ ကျွန်တော်က စာမေးရင် ရလို့ အရိုက်မခံရပါဘူး။ တရက်မှာ ကျောင်းကအပြန် မိုးတွေမိပြီး ကျွန်တော် ဖျားပါတယ်။ ကိုယ်အပူချိန်တွေ အရမ်းမြင့်ပြီး ကျောင်းမသွားနိုင်ပါဘူး။ သုံးလေးရက် ကျောင်းပျက်သွားပါတယ်။သောကြာနေ့ရောက်တော့ အဖျားရှိနေသေးပေမဲ့ ကျွန်တော်ကျောင်းသွားပါတယ်။ သူငယ်ချင်းတွေဆီက စာအုပ်ငှားပြီး၊ တစ်ပတ်လုံးသင်တဲ့ စာတွေကူးဖို့ပါ။ 

ကံဆိုးချင်တော့ ဆရာဦးဘညှင်းအချိန်မှာ ကျွန်တော့်ကို စာမေးတော့ မဖြေနိုင်တာနဲ့ အရိုက်ခံရပါတယ်။ တခြားကျောင်းသားတွေကိုမေးပြီး ကျွန်တော့်အလှည့် ပြန်ရောက်တော့ ထပ်မေးတော့လည်း ကျွန်တော် မဖြေနိုင်ပါဘူး။ “ဆရာကြီးကျွန်တော်နေမကောင်းလို့ ကျောင်းမတက်ရလို့ အဲ့ဒီစာတွေ မသင်ရသေးပါဘူး”။ ဆရာကြီးက “ကျောင်းမတက်လဲ စာကျက်ရမယ်” ဆိုပြီး၊ ခုံပေါ်တက်ခိုင်းပြီး ထပ်ရိုက်ပါတယ်။ ကျွန်တော်ထူပူသွားပါပြီ။ စာအုပ်ကိုဖတ်လဲ နားမလည်တော့ပါဘူး။ 

တတိယအကြိမ်ပြန်မေးတဲ့အခါလည်း မဖြေနိုင်ပါဘူး။ ဒါကြောင့်ဆရာကြီးက “စာမရတဲ့ကောင် အတန်းအပြင်ထွက်” ဆိုပြီး ကျွန်တော့်ကို တင်ပါးရော၊ ကျောပြင်ရော၊ ခေါင်းကိုရော အဆက်မပြတ်ရိုက်ပြီး အတန်းပြင်ထုတ်ပါတယ်။ ကျွန်တော် ဝမ်းနည်းပြီး ငိုပါတယ်။ 

​နေ့လည်မုံ့စားဆင်းတော့၊ အတန်းပိုင်ဆရာမ ဒေါ်မြရီက ကျွန်တော်ငိုနေတာတွေ့လို့ မေးပါတယ်။ “စာမရလို့ ဆရာဦးဘညှင်းက ရိုက်တယ် ဆရာမ” ဆိုတော့၊ “မင်းနေမှမကောင်းတာ၊ အိမ်ပြန်တော့” ဆိုပြီး ကျွန်တော့်ကို ပြန်လွှတ်လိုက်ပါတယ်။ အဲ့ဒီကစပြီး ဆရာဦးဘညှင့်းရဲ့ ဘာသာကို ကျွန်တော် ကောင်းကောင်းမလုပ်တော့ပါဘူး။ ရိုက်ရင်လည်းခံပါတယ်။ 

တခြားဘာသာတွေမှာတော့ အမှတ်ကောင်းတဲ့အတွက် သတ္တမတန်းမှာလည်း ပထမဘဲရပါတယ်။ နှစ်စဉ် ပထမရလို့ လူရည်ချွန် စာမေးပွဲအတွက် ကျွန်တော်ဖြေဆိုခွင့်ရပါတယ်။ ကျွန်တော်တို့ကျောင်း သတ္တမတန်းက လူရည်ချွန်ဝင်ဖြေခွင့် ရသူတွေထဲမှာ မြို့နယ်အဆင့်ကို နှစ်ယောက်အောင်ပါတယ်။ ကျွန်တော်နဲ့ ကျော်လင်းပါ။ ကျော်လင်းလဲစာတော်ပါတယ်။ သူက ပဲခူးမြို့နယ် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှုးထွန်းလင်းရဲ့ သားပါ။ လူရည်ချွန် စာမေးပွဲ ခရိုင်အဆင့်မှာ တစ်ခြားမြို့က ကျောင်းသား တွေနဲ့ အတူဖြေရပါတယ်။ ကျော်လင်း လူရည်ချွန် အရွေးခံရပါတယ်။ 

​အဋ္ဌမတန်းရောက်တော့ လူရည်ချွန်စာမေးပွဲ ဖြေဖို့ထပ်ကြိုးစားပါတယ်။ လူရည်ချွန််စာမေးပွဲမှာ မေးတဲ့ ဗဟုသုတမေးခွန်းတွေ ဖြေနိုင်ဖို့အတွက်လည်း ဗဟုသုတဖြစ်ဖွယ် စာအုပ်တွေ ဖတ်ပါတယ်။ သတင်းစာလည်း ဖတ်ပါတယ်။ အားကစားလည်း လုပ်ပါတယ်။ ဒါပေမဲ့ လူရည်ချွန်စာမေးပွဲအတွက် ကျွန်တော့်ကို ကျောင်းက ရွေးပြီးချိန်မှာ၊ လူရည်ချွန်စာမေးပွဲ ဝင်ခွင့်အတွက် အသက်ကန့်သတ်ချက်ထွက်လာပါတယ်။ ကျွန်တော်က အသက်နဲနဲကြီးနေတာမို့ လူရည်ချွန်ဖြေခွင့်မရတော့ပါဘူး။ 

​နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့ဟာ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းက နှစ်စဉ် အမျိုးသားအောင်ပွဲ့နေ့ ကျင်းပပါတယ်။ အမျိုးသားကျောင်းဝတ်စုံဖြစ်တဲ့ ပင်နီအင်္ကျီ၊ ပုဆိုး/ထမီ အနီရောင်တွေကို ဆရာတွေရော၊ ကျောင်းသားတွေရော ဝတ်ပြီး၊ မြို့တစ်ပတ် စီတန်းလှည့်လည်ပါတယ်။ အတန်းအသီးသီးက ကျောင်းသား၊ ကျောင်းသူတွေက အိုးစည်၊ ဒိုးပတ်တွေနဲ့ ကခုန်ပြီး စီတန်းလှည့်လည်ရာမှာ လိုက်ကြပါတယ်။ 

အမျိုးသားအောင်ပွဲနေ့ညမှာ ကျောင်းသားဟောင်းများ မိတ်ဆုံညစာစားပွဲ ကျင်းပပါတယ်။ ကျွန်တော်တို့ လက်ရှိကျောင်းသားတွေက အကနဲ့ ဖြေဖျော်ကြပါတယ်။ ကြည်ကြည်အေးက အကကောင်းတဲ့ မင်းသမီးပါ။ တင်ငွေ၊ ထွန်းရွှေ၊ ဇော်ဝင်းတို့က ဒိုးပတ်တို့ လင်းကွင်းတို့ တီးကြပါတယ်။ သိန်းဝင်း၊ မင်းစိန်နဲ့ ကျွန်တော်တို့က ဝါးလက်ခုပ်တီးပါတယ်။ ကျွန်တော်တို့ အတန်းက “အမိမြန်မာပြည်” ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ်နဲ့ ဖြေဖြော်ပါတယ်။ မို့မို့ခင်က ဇာတ်ထဲက မင်းသမီးတွေလို ထိုင်မသိမ်းအင်္ကျီဝတ်၊ နိုင်ငံတော်အလံ ကိုင်ပြီး အမိမြန်မာပြည်အဖြစ် သရုပ်ဆောင်ပါတယ်။ 

ကျွန်တော်တို့ အတန်းသူ အတန်းသားတွေက တိုင်းရင်းသားဝတ်စုံ အမျိုးမျိုးဝတ်ပြီး အမိမြန်မာပြည်ကို ဝိုင်းပတ်ပြီး ကကြပါတယ်။ အဖွဲ့သားတွေကတော့၊ ကြည်ကြည်ဝင်း၊ ရီရီဝင်း၊ နွဲနွဲ့အေး၊ ဆက်ဆက်ဋ္ဌေး၊ မအုန်းတင်၊ မြမြဝင်း၊ ခင်ဆွေဦး၊ ခင်မြဝင်း၊ ခင်မမ၊ ခင်လှမူ၊ ဝင်နီသိန်း၊ နယ်လီသိန်း၊ တင်မောင်မောင်၊ ကိုကိုထွေး၊ ဝင်းမြင့်၊ မျိုးသက်၊ မြင့်ဆွေ၊ ခင်ကျော်၊ ယူနွတ်။ တစ်ချို့သူငယ်ချင်းတွေကို နာမည်မေ့ကုန်ပါပြီ။ 

ဇာတ်စင်ပေါ်ကို ကချင်ဝတ်စုံနဲ့ တက်လာရင် စင်အောက်က ကလေးတွေက “ကချင်၊ ကချင်” လို့အော်ပါတယ်။ ကရင်ဝတ်စုံနဲ့ တက်လာရင် “ကရင်၊ ကရင်” လို့ အော်ပါတယ်။ မှတ်မှတ်ရရ ယူနွတ်က ချင်းဝတ်စုံဝတ်ပြီးကပါတယ်။ သူက အိန္ဒိယနွယ် ဖွားပါ။ သူလည်းစင်ပေါ်တက်လာရော၊ စင်အောက်က ကလေးတွေက “ကုလားကြီး၊ ကုလားကြီး” လို့ အော်ပါတယ်။ ပျော်စရာကောင်းပါတယ်။ 

ကျွန်တော် အဋ္ဌမတန်းစာမေးပွဲကို သိပ္ပံဘာသာတွဲနဲ့အောင်ပါတယ်။ သင်္ချာနဲ့ အင်္ဂလိပ်စာ ဂုဏ်ထူးထွက်ပါတယ်။ အလယ်တန်းဘာသာရပ်တွေကို ကောင်းကောင်းမွန်မွန် တတ်မြောက်ခဲ့ပါတယ်။ 

အထက်တန်းကျောင်းသားဘဝ

​နဝမတန်းရောက်တော့ အတန်းပိုင်ဆရာမက ဒေါ်ဦးပါ။ ရူပဗေဒ သင်ပါတယ်။ ဓါတုဗေဒက ဒေါ်မြကြည်၊ သင်္ချာ ဦးစံသိန်းနဲ့ ဒေါ်အေးသိန်း ၊ အင်္ဂလိပ်စာ ဦးမြင့်ဦးနဲ့ ဒေါ်ခင်ခင်တင့်၊ မြန်မာစာက ဒေါ်စန်းမြင့်နဲ့ ဒေါ်မေပြုံးဇင်၊ ဇီဝဗေဒကို ဒေါ်မြင့်မြင့်ရီတို့ သင်ပါတယ်။ 

ကျောင်းစဖွင့်ပြီးမကြာခင် ကျွန်တော်ကျောင်းတလပျက်ပါတယ်။ တရက်မှာ ကျောင်းလွှတ်ပြီး အိမ်ပြန်ရောက်တော့ ကြီးတော်ကြီးက ရွာကို ကိစ္စတစ်ခုနဲ့ သွားဖို့ ခိုင်းပါတယ်။ ဟင်္သာကုန်းကနေ ရွာကို တစ်နာရီနီးနီး လမ်းလျောက်ရပါတယ်။ မိုးမချုပ်မီ အမှီပြန်နိုင်အောင် သုတ်သုတ်လေး သွားပါတယ်။ ရွာထဲရောက်တော့ တချို့နေရာတွေမှာ ရေလျံနေပါတယ်။ ဗွက်လည်းထူပါတယ်။ ဖိနပ်ဗွက်နစ်လို့ ဖိနပ်လေးချွတ်ကိုင်ပြီး သွတ်သွတ် လျှောက်ပါတယ်။ ရွာလယ် ရောက်တော့ ဗွက်ထဲနင်းချလိုက်တာ ခြေသလုံးအထိ မြုတ်သွားပြီး ဘယ်ဘက်ခြေဖဝါးမှာ စူးကနဲ နာပါတယ်။ ခြေကြွပြီး ဗွက်ရေထဲမှာ ခြေထောက်လှုပ်ဆေးလိုက်တော့ စူးကနဲ နာတဲ့နေရာက သွေးထွက်ပါတယ်။သံချောင်းတစ်ချောင်း စိုက်ဝင်နေပါတယ်။ ချက်ချင်းဆွဲနှုတ်လိုက်ပါတယ်။ 

အမေ့အိမ်ရောက်တော့ ကြီးတော်ကြီး မှာလိုက်တာကိုပြောပြီး၊ သံစူးတဲ့အကြောင်း အမေ့ကိုပြောပါတယ်။ အမေက ခြေထောက်ရေဆေးပေးပြီး ကြည့်ပါတယ်။ အပေါက်ရာတစ်ခုရှိပြီး သွေးစို့နေပါတယ်။ အမေက ကြက်သွန်နီဥကို မီးဖိုထဲမှာ ဖုတ်ပြီး ဓါးနဲ့ နှစ်ပိုင်းပိုင်းပြီး အနာပေါ်ကပ်ပေးပါတယ်။ နှစ်ခြမ်းစလုံး အပူငွေ့ကုန်တဲ့ အထိကပ်ပေးပါတယ်။ မိုးလည်းချုပ်လုနီး၊ ကျွန်တော်လည်း နောက်နေ့ ကျောင်းတက်ရမှာမို့ ဟင်္သာကုန်းကို ပြန်ပါတယ်။ ခြေထောက်နာလို့ ထော့နဲ့ထော့နဲ့ နဲ့ပဲကြီးတော်တွေအိမ်ကို အရောက်ပြန်ခဲ့ပါတယ်။ 

အဲဒီညမှာ ကျွန်တော် အပြင်းဖျားပါတယ်။ နောက်နေ့မှာ ကျောင်းမသွားနိုင်တော့ပါဘူး။ ခြေထောက်လည်း ယောင်ကိုင်းလာပါတယ်။ ကြီးတော်တို့က ခြေထောက်ကို သံဆိပ်မတက်အောင် ရေနံချေး အုံပေးပါတယ်။ အဖျားကျအောင် ဆရာမောင်ဆေးနီမှုန့် တိုက်ပါတယ်။ မသက်သာပါဘူး။ နောက်နေ့မနက် အမေရောက်လာတော့ ကျွန်တော့်ကို ဆေးရုံခေါ်သွားပါတယ်။ ဆေးရုံမှာ ယောင်ကိုင်းနေတဲ့ အနာကို ဓါးနဲ့ခွဲတော့ ပြည်တွေရော သွေးတွေရော ထွက်ပါတယ်။ ဂွမ်းစနဲ့ အနာထဲကို ထိုးမွှေပြီး ဆေးထည့်ပါတယ်။ မခံနိုင်အောင်နာပါတယ်။ ဆေးရုံမှာ နေ့တိုင်းဆေးသွားထည့်ရပါတယ်။ တစ်လနီးပါးကြာမှ အနာကျက်စပြုပြီး လမ်းလျှောက်နိုင်တော့ ကျောင်းပြန်တက်ပါတယ်။ 

အဲ့ဒီအချိန်ကစပြီး ခြေဖဝါးက ခဲလုံးနင်းမိရင် တအားနာပါတယ်။ ဘောလုံး မကန်နိုင်တော့ပါဘူး။ လမ်းကြမ်းမှာ ဖိနပ်မပါဘဲ မနင်းနိုင်တော့ပါဘူး။ (နောင် ၁၈ နှစ်အကြာ ၁၉၈၈ ရောက်တော့ လမ်းလျှောက်တာများပြီးခြေထောက်ယောင်လာလို့ မိတ်ဆွေဆရာဝန်တစ်ယောက်က မြောက်ဥက္ကလာပ ဆေးရုံကိုခေါ်ပြီး ဓါတ်မှန်ရိုက်ကြည့်တော့မှ ခြေထောက်ထဲမှာ သံချောင်းကျန်နေတာတွေ့ပါတယ်။ ထုံဆေးထိုးပြီးခွဲထုတ်ရပါတယ်။) 

သံစူးလို့ ကျောင်းတစ်လ ပျက်တာကြောင့် စာတွေ မနည်း ပြန်လိုက်ရပါတယ်။ တခြားဘာသာရပ်တွေ လိုက်လို့မှီပေမဲ့ အင်္ဂလိပ်စာနဲ့ ဓါတုဗေဒမှာ အခက်အခဲ တွေ့ပါတယ်။ နှစ်စဉ် အတန်းတိုင်း ပထမ ရလာပေမဲ့ ကိုးတန်းရောက်တော့ ပထမ မရတော့ပါဘူး။ အလယ် အလတ်သာ လိုက်နိုင်ပါတော့တယ်။ 

ဆယ်တန်း (ဒသမတန်း) ရောက်တော့ ဆရာမ ဒေါ်ခင်ပြုံးအတန်းမှာ တက်ရပါတယ်။ ဓါတုဗေဒသင်ပါတယ်။ ကျောင်းအုပ်ဆရာကြီး ဦးသန်းက အင်္ဂလိပ်စာသင်ပါတယ်။ Shakespeare ပြဇာတ်နဲ့ Seven Inventors သင်ပါတယ်။ ဆရာမ ဒေါ်စန်းမြင့်က အင်္ဂလိပ်သဒ္ဒါ သင်ပါတယ်။ မြန်မာစာကို ဆရာဦးမြဟန် သင်ပါတယ်။ ဆရာဦးဘကြည်က သင်္ချာ (၁)၊ ဆရာဦးစံသိန်းက သင်္ချာ (၂) သင်ပါတယ်။ ဦးဝင်းမောင်က ရူပဗေဒ၊ ဒေါ်မြင့်မြင့်ရီက ဇီဝဗေဒ သင်ပါတယ်။ ဆရာ၊ ဆရာမတွေက အချိန်ပိုလည်း ခေါ်သင်ပါတယ်။ တခါတလေ မနက်စောစော၊ တခါတလေ ညနေကျောင်းလွှတ်ချိန်နဲ့ စနေ၊ တနင်္ဂနွေတွေမှာ သင်ပေးပါတယ်။ အခမဲ့ စေတနာနဲ့သင်ပေးကြတာပါ။ ကျွန်တော်တို့ဆယ်တန်းတုန်းက ကျူရှင်ယူစရာ မလိုခဲ့ပါဘူး။ 

ကျောင်းမှာ တစ်လ တစ်ကြိမ် ထုတ်တဲ့ နံရံကပ် စာစောင်ကို ဆယ်တန်းကျောင်းသားတွေက အလှည့်ကျ တာဝန်ယူရပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု တာဝန်ကျပါတယ်။ ဆရာတွေရော ကျောင်းသားတွေရော ရေးကြတဲ့ ဝတ္တုတွေ၊ကဗျာတွေ၊ ဆောင်းပါးတွေကို စက္ကူအဖြူရောင် ကတ္ထူချပ်ကြီးပေါ်မှာ အကွက်ချ၊ မျဉ်းသားပြီး လက်ရေးလှလှနဲ့ ကူးရေးရပါတယ်။ ပန်းချီလည်းဆွဲ၊ အရောင်တွေချယ်၊ ကျွန်တော်တို့ စိတ်ကြိုက်လုပ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာစာဆရာ ဦးမြဟန်က “လူမင်းဟန်” နာမည်နဲ့ ပဲခူးရွှေမော်ဓောဘုရားမှာ ဗေဒင်လည်းဟောပါတယ်။ စာလည်းရေးပါတယ်။ ဆရာက ကျောင်းနံရံကပ်စာစောင်အတွက် ဆောင်းပါးရေးပေးပါတယ်။ နံရံကပ်စာစောင်မှာ ဆရာ “လူမင်းဟန်” ရဲ့တည်တည်ခန့်ခန့် ဆောင်းပါးအောက်မှာ သူငယ်ချင်း သိန်းဝင်းက “ဖိုးသူတော်မင်းဟန်” နာမည်နဲ့ အပြောင်အပျက်၊ ရယ်စရာတွေ ရေးပြီး ထည့်ပါတယ်။ နံရံကပ်စာစောင်ထွက်တော့ ဆရာဦးမြဟန်ခမျာ ရယ်ရလည်းအခက်၊ ငိုရလည်းအခက်ဖြစ်သွားပါတယ်။ ရှေးခေတ်ကလည်း “ဖိုးသူတော်ဦးမင်း”၊ “လူဦးမင်း” ဆိုပြီး စာဆိုတွေပေါ်ခဲ့ဖူးတော့ သိန်းဝင်းက “ဖိုးသူတော်မင်းဟန်” လုပ်လိုက်တာပါ။ 

ဆယ်တန်းဖြေတော့ ကျွန်တော်က ဂုဏ်ထူး (၂) ဘာသာပါတယ်။ သူငယ်ချင်းတွေက (၃) ဘာသာ၊ (၄) ဘာသာထွက်ကြပါတယ်။ ကျွန်တော်က အင်္ဂလိပ်စာနဲ့ ဓါတုဗေဒမှာ အမှတ်နည်းပြီး စုစုပေါင်း အမှတ် (၄၁၀) ပဲရပါတယ်။ ကျွန်တော်ငယ်ငယ်က ဆရာဝန်ဖြစ်ချင်ခဲ့တာ စာစီစာကုံးရေးခိုင်းလို့ ဘဝရည်မှန်းချက်ဆိုရင် ဆရာဝန်ဖြစ်လိုကြောင်းပဲ အမြဲရေးပါတယ်။ ဆေးတက္ကသိုလ်တက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် စာဘဲကြိုးစားခဲ့ပါတယ်။ ဆယ်တန်းအောင်တဲ့အထိ ရည်းစားလည်း မထားဖူးခဲ့ပါဘူး။ သူငယ်ချင်းတွေက ကျွန်တော့်ကို “လူပျိုကြီး” လို့ ခေါ်ကြပါတယ်။ 

အဲဒီနှစ် (၁၉ရ၂) က ဆေးတက္ကသိုလ်ဝင်ခွင့်အနိမ့်ဆုံးအမှတ်က (၄၂၀) ဖြစ်ပါတယ်။ မြန်မာစာဆရာ ဦးမြဟန် (လူမင်းဟန်) က ကျွန်တော့်ကို မွေးသက္ကရာဇ်မေး၊ မဟာဗုတ်တိုင်ထူပြီး ဗေဒင်တွက်၊ လက္ခဏာပါကြည့်ပြီး “မင်း ကျောင်းဆရာဖြစ်မယ့်ကောင်၊ ပညာရေးတက္ကသိုလ်လျှောက်ကွ” လို့ပြောပါတယ်။ ကျွန်တော့် အမေကလည်း “ငါ့သား ကျောင်းဆရာလုပ်ပါလား” လို့ပြောပါတယ်။ အဲ့ဒီအချိန်က ကျောင်းဆရာအလုပ်ကို ကျွန်တော် စိတ်ကူးမရှိခဲ့ပါဘူး။ ဆေးတက္ကသိုလ်ကို ပထမဦးစားပေးလျှောက်တာမရဘဲ ဒုတိယဦးစားပေး စက်မှုတက္ကသိုလ်တက်ခွင့်ရခဲ့ပါတယ်။ 

ယခုဘဝ

စက်မှုတက္ကသိုလ်တက်ခဲ့ပေမယ့် အင်ဂျင်နီယာ မဖြစ်ခဲ့ပါဘူး။ ကျောင်းသားအရေးအခင်းတွေမှာ ပါဝင်ခဲ့တဲ့အတွက် စတုတ္ထနှစ်မှာ ကျောင်းထွက်ခဲ့ရပါတယ်။ ဆရာလူမင်းဟန်ရဲ့ ဗေဒင်မှန်ပါတယ်။ ကျနော် တွဲဖက်ကျောင်းဆရာ ဖြစ်ခဲ့ပါတယ်။ ညောင်တုန်းမြို့နယ်၊ ဧရာဝတီမြစ်ကမ်းပေါ်က ရွာသာအေး တွဲဖက် အလယ်တန်းကျောင်းမှာပါ။ 

၁၉၉၅ ခုနှစ်မှာ ကံအားလျော်စွာ ပညာသင်ဆုရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆုငွေနဲ့ မတည်ထားတဲ့ Prospect Burma အဖွဲ့က ကျွန်တော့်ကို အင်္ဂလန်မှာ ကျောင်းတက်ဖို့ ပညာသင်ဆုပေးပါတယ်။ အင်္ဂလန်နိုင်ငံ၊ နယူးကာဆယ်တက္ကသိုလ်မှာ ပညာရေးမူဝါဒနဲ့ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးရေး ဘာသာရပ်များကို ၆ နှစ် သင်ယူခဲ့ပါတယ်။ ပညာရေးမဟာဘွဲ့ (MEd) နဲ့ ပညာရေးပါရဂူဘွဲ့ (Doctor of Education) များ ရရှိခဲ့ပါတယ်။ 

အင်္ဂလန်မှ ပြန်လာပြီးနောက် Thinking Classroom Foundation ကို ထူထောင်ပြီး ဆရာအတတ်ပညာနဲ့ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးရေး ဘာသာရပ်များကို ၂၀၀၁ မှ ယနေ့အထိ ပို့ချလျှက်ရှိပါတယ်။ အခွင့်အခါသင့်ပါက ကျွန်တော် လေ့လာဆည်းပူးခဲ့သည့် ပညာရေး ဗဟုသုတများနှင့် အတွေ့အကြုံများကို ကျွန်တော့်အား ပြုစုပျိုးထောင်ပေးခဲ့သည့် ကျောင်းတော်ကြီးသို့ လာရောက် မျှဝေပေးလိုပါတယ်။ 

နိဂုံး

ကျွန်တော့်အား ပညာအခြေခံကောင်းများကို သင်ကြားပို့ချပေးခဲ့ပြီး ပညာသင်ယူလိုစိတ်ကို မြှင့်တင်ပေးခဲ့သော ကျောင်းတော်ကြီး၏ ဂုဏ်ကျေးဇူးကို သတိရအောက်မေ့လျှက်ရှိပါသည်။ စေတနာရှေ့ထား၍ သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်လျှက်ရှိပါသည်။ အတူတကွကျောင်းတက်ခွင့်ရပြီး အပြန်အလှန်သင်ယူခွင့်ရရှိခဲ့သော သူငယ်ချင်းများကိုလည်း အောက်မေ့သတိရလျှက်ရှိပါသည်။

ဒေါက်တာသိန်းလွင်
စဉ်းစားတွေးခေါ်သော စာသင်ခန်းဖောင်ဒေးရှင်း
www.thinkingclassroom.org
၂၀၂၀ စက်တင်ဘာလ (၄) ရက်။