Breaking News

စာအုပ်မိတ်ဆက်- မိုးမင်းသိမ်း- ဇင်​သန့်၏ ကူးစက်တတ်သည်

ဇင်​သန့်- ကူးစက်တတ်သည်

မိုးမင်းသိမ်း

(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၂၀

-

ဇင်​သန့်

ကူးစက်တတ်သည်

Robin Cook ၏ Pandemic ကို ဘာသာပြန်သည်။

ဘဝတက္ကသိုလ် စာပေ

ပထမအကြိမ်၊ စက်တင်ဘာ ၂၀၂၀။

မျက်နှာဖုံး - ပန်းချီ တင်ထွဏ်း။

၁၃.၁ စင်​တီမီတာ x ၂၀.၂ စင်​တီမီတာ။

စာမျက်နှာ - ၃၅၁ ၊ တန်ဖိုး - ကျပ် ၅၀၀၀။


ရော်ဘင်ကွတ်ခ်၏ ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဆေးလောကနောက်ခံ သည်းထိတ်ရင်ဖို ဝတ္ထုရှည်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ နိဒါန်း၊နိဂုံးနှင့် အခန်း ပေါင်း ၄၂ ခန်း ပါရှိသည်။

ဘရုတ်ကလင်းမြို့နယ်၊ ၄၅ လမ်း၊ ဆန်းဆက် ပတ် မြေအောက်ဘူတာရုံမှ အာရ် ရထားကို '' ကာရိုး '' လိုက်ပါစီးနင်းလာသည်။ မန်ဟတ်တန်လိုဏ်ခေါင်းသို့ ရောက်ချိန်လောက်တွင် ရထားပေါ်၌ လူအတော်ကျပ်လာ သည်။ ကာရိုး တုန်၍ ချမ်းလာသည်။ တစ်ဘူတာပြီး တစ်ဘူတာဖြတ်သန်းလာရာ အခြေအနေ ပိုဆိုးလာသည်။ အသက်မရှူနိုင်ဖြစ်လာသည်။

ယူနီယံစကွဲယားဘူတာတွင် ခရီးသည် အတက်အဆင်း များလှသည်။ ကာရိုးတစ်ယောက် ဘာလုပ်ရမည် မသိ ဖြစ်နေသည်။ လေမရ ဖြစ်နေသည်။ ခြေထောက်များ လည်း လေးလံလာသည်။ ရထားတံခါးပွင့်သွားသည်တွင် သူ့လက်ထဲမှဖုန်း လွတ်ကျသွားရာ လူတစ်ယောက်က ကောက်ယူ၍ လူအုပ်ထဲရောပါ ဆင်းသွားတော့သည်။ ကာရိုး အော်ဟစ်အကူအညီတောင်းရန် ကြိုးစားသော်လည်း အသက်မရှူနိုင်သဖြင့် အသံက ထွက်မလာ။ နှုတ်ခမ်းထောင့်ဆီတွင် အမြှုပ်ကလေးများ လည်း ထွက်လာနေသည်။

ကာရိုး အရုပ်ကြိုးပြတ်လဲကျသတိလစ်သွားသည်။ အသားများ ပြာနှမ်းကာ တွန့်လိမ်ကွေးကောက်နေသည်။ သူ၏ကျောပိုးအိတ်လည်း ပါသွားပေပြီ။ အရေးပေါ်ဆေးအဖွဲ့သား များ ရောက်လာချိန်တွင် သူတို့တွေ့ လိုက်ရသည်က ပြာနှမ်းနေသည့် လူနာ။ နှလုံးခုန်သံနှင့် သွေးပေါင်မှာ တိုင်း၍မရလောက်အောင် နည်းနေသည်။ အသက်က ရှူသည်ဆိုရုံမျှသာ။ 

ဘယ်လီဗူးဆေးရုံ အရေးပေါ်ကယ်ဆယ်ရေးဌာနအရောက် ကာရိုး ကွယ်လွန်သွားသည်။ အရေးပေါ်ဌာန စာရေးက နယူးယောက်မြို့ ရင်ခွဲရုံသို့ ဖုန်းဆက်

အကြောင်းကြားသောအခါ ကာရိုးကို မည်သူမည်ဝါအထောက်အထားမတွေ့ရသဖြင့် ဂျိန်းဒိုးဟူသော အစားထိုးအမည်သာ ပေးလိုက်သည်။ လူနာတွင် 

အဖော်လည်းမပါဟုလည်း အသိပေးလိုက်သည်။

နယူးယောက်မြို့ သေမှုစစ် ဆရာဝန်ချုပ်ရုံး ( အိုစီအမ်အီး ) ၌ ကာရိုး၏အလောင်းကို ရင်ခွဲစမ်းသပ်စစ်ဆေး မည့်သူမှာ ဒေါက်တာ ဂျက်စတေပဲလ်တန် ဖြစ်သည်။ 

ရင်ခွဲစစ်ဆေးပြီးသည့်နောက် ထိုအမျိုးသမီးမှာ နှလုံး အစားထိုးကုသမှုခံယူထားသူမှန်း သိလာရသည်။ သို့သော် နှလုံးအဆို့ရှင်များနှင့် ပတ်သက်မှုမရှိဘဲ ပြင်းပြင်းထန်ထန်အဆုတ်ရောင်ကာသေဆုံးခြင်းဖြစ်နေ သည်။ ကူးစက်ရောဂါဟူသော အယူအဆကို ဂျက် စဉ်းစားမိသည်။ ၁၉၁၈ ခုနှစ်က လူတွေ သန်းပေါင်း ရာနှင့်ချီကာ သေစေခဲ့သည့် ဗိုင်းရပ်စ်မျိုးကြောင့် ထိုအမျိုးသမီး သေဆုံးရခြင်းပေလော။ 

မိုးမင်းသိမ်း

၁၉ စက်တင်ဘာ ၂၀၂၀