မိုးမခ - ပိုင်စိုးဝေ (၇၁) နှစ်ပြည့်မွေးနေ့ပွဲ
မိုးမခ - ပိုင်စိုးဝေ (၇၁) နှစ်ပြည့်မွေးနေ့ပွဲ
သြဂုတ် ၁၀၊ ၂၀၁၄
(ကဗျာဆရာကွယ်လွန်ခြင်း အမှတ်တရ ပြန်လည်ဆန်းသစ်ပါတယ်)
လာမယ့် သြဂုတ် (၁၂) ရက် မန္တလေးမြို့၊ ၁၂ လမ်း၊ ၈၆×၈၇ ကြား ဝင်းရတနာ ခန်းမ မှာ ဆရာ ပိုင်စိုးဝေ (၇၁) နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ ဖိတ်စာကို ကဗျာဆရာ မင်းနဒီခ ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ယူပါတယ်။
မန္တလေး ကဗျာဆရာ၊ စာရေးဆရာ ပိုင်စိုးဝေ ဟာ မြန်မာ့ခေတ်ပေါ် စာပေ ရဲ့ အလေးထားအပ်သူ ပုဂ္ဂိုလ်စာရင်းမှာ ထိပ်တန်းက ပါသူ တယောက်ပါ။ သူ့ ကဗျာ စာသား နဲ့ သူ့ကို ပြန်ဂုဏ်ပြု ဆိုရရင် “သားရေဖုံးပြီး ရွှေစာလုံးနဲ့ ကမ္ဗည်းထိုးရမယ့် ပိုင်စိုးဝေပါ”။
ငါ အနုလောမ ပဋိလောမ
ငါ့ အတိတ်မှာ
ငါ့ သိက္ခာ ချော်လဲဖူးခဲ့။
သို့ပေမယ့်
ငါ့ စိတ်ကို
ငါ အိတ်မှာ အသေအချာထည့်
ငါ့ အတိတ်ကို ဆုတ်ဖဲပစ်လိုက်ရဲ့။
ကဲ.. ငါ့မိတ်ဆွေတို့ရေ…
ငါ့ အရိပ်ဟာ
ငါ့ အတိတ်ပါပဲ
ငါ့ စိတ်မှာ
ငါ့ လိပ်ပြာ သန့်ရှင်းခဲ့။
ခုတော့
ငါ့ အိတ်မှာ
ငါ သိက္ခာ အပြည့်အဝနဲ့။
ပိုင်စိုးဝေ
(၁၉၉၃ ကလျာ မဂ္ဂဇင်း)
“ငါ အနုလောမ ပဋိလောမ” ကို ဖတ်ပြီး ပိုင်စိုးဝေ ရဲ့ “ငါ” ကို တစွန်းတစ တွေ့နိုင်မယ်ထင်ပါတယ်။
အခု ဆရာ ပိုင်စိုးဝေ မွေးနေ့ ဂုဏ်ပြု သူ့ရဲ့ နာမည်ကျော် မိဝင်းဖို့ ကဗျာများကို မိုးမခ က ပြန်လည် တင်ဆက်လိုက်ပါတယ်။
မိဝင်းဖို့ ကဗျာများ ကို မူလ ၁၉၉၀ ခုနှစ်များတွင် ဟန်သစ် မဂ္ဂဇင်း မှာ ဆရာ ရေးခဲ့တယ်။ နောက် ဣတ္ထိယ တောင်တန်း (ကဗျာစု) စာအုပ် မှာ ထပ်မံ စုစည်းခဲ့တယ်။
မိဝင်း ကဗျာ ခေါင်းစဉ် အကြောင်း ဆရာ့ ရဲ့ ဣတ္ထိယ တောင်တန်း (ကဗျာစု) စာအုပ် ပါ ရှင်းလင်းချက်
ကဗျာများကို မိန်းကလေး တဦးဦး၏ အမည်ပေးရန် လိုအပ်သည့် အတွက် စဉ်းစားသော အခါ ရင်းနှီး ခင်မင်သော မိန်းကလေးတို့၏ အမည်ကို စဉ်းစားမိသော်လည်း ထိုအချိန်မှာ ကျွန်တော့်ဇာတိ အောင်သာရွာသို့ အပြန် မန္တလေး-မြင်းခြံ ဝင်း အမြန် မော်တော်ကားကြီး ပေါ် စီးနင်း လိုက်ပါလျက် ရှိရာ ၄င်း ဝင်း အမြန် မော်တော်ကားကြီးကို အစွဲပြု၍ “မိဝင်းဖို့ ကဗျာ” ဟူ၍အမည်ပေးလိုက်ပါသည်။
မိဝင်းဖို့ ကဗျာ (၁)
ဒုက္ခတွေကို ပြပြပြီး
မင်းက ငါ့ကို မြှူဆွယ်ရဲ့
ငါ ဘာကောင် ဆိုတာ သိဖို့
ငါ့ ဗိုက်ကို ဓားနဲ့ ထိုးကြည့်ဖို့တော့
မကြိုးစားနဲ့လေ၊
ငါ့ ဘဝရဲ့ ဖြစ်တည်မှုဟာ
ငါ့ ဗိုက်ထဲမှာမရှိဘူး
ငါ့ မှာရှိသမျှငါ့ဘဝရဲ့ အဓိပ္ပာယ်တွေ
မင့်ကိုသာ ပေးလိုက်ချင်ရဲ့
ငါ့ မှာ ဗလာသက်သက် အခွံချည်း
ကျန်ရစ်ခဲ့ စမ်းပါစေ။
မင်းနဲ့ ပတ်သက် ပြီးတော့လည်း
ပြားပြားဝပ် မတတ်ကြောက်ဒူးတုန်ရဲ့
ပထမဆုံး သေနတ်သံ ကြားကတည်းက
လက်နက်ချဖို့သာ စိတ်ကူးနေသူပါ၊
မင်းနဲ့ ပတ်သက်တဲ့ ငါ့ရဲ့အနာဂါတ်တိုင်းဟာ
ဘယ်တုန်းကမှ ငါ့ဆီကို ရောက်မလာခဲ့ဘူး
ထင်းရှူးပင်တွေ ပေါတဲ့ တောအုပ်ကြီးထဲ
အမြဲတမ်း ပုန်းပုန်းနေတဲ့ အနာဂတ်ပါ။
ရူးစမ်းပါစေ ဆိုပြီး
မင်း ပစ်ပေးလိုက်တဲ့ အဲသည် အထုပ်ကို
ရတဲ့နေ့ကစ
တညမှ အိပ်မပျော်တော့ဘူး၊
ဟင်းလင်းပြင်ကြီးကို ပွေ့ဖက်
ငါ့ထွက်သက်နဲ့ ဝင်သက်တိုင်းမှာ
မီးနဲ့ရေ ကို ရှုသွင်း မှုတ်ထုတ်
အပြင်းစား အာရုံတွေကို ငါ စားသုံးရဲ့။
လှုပ်ခတ်နေတဲ့
ငါ့စိတ်ရဲ့အသံဗလံတွေကို
မင်းကြားရဲ့လား။
ဟေ့…
ငါ့ကိုသနားလို့ဆိုပြိးတော့များ
မင်းဖန်တီးထားတဲ့ဇာတ်ကွက်ဇာတ်လမ်းတွေ
ရပ်တန်းကရပ်မပစ်လိုက်ပါနဲ့
ငါဆက်ပြီးရူးစမ်းပါရစေ။
နားမလည်ပါဘူးဆိုတာကိုက
မင်း ငါ့ကို နားလည်တာပါပဲ။ ။
အောက်တိုဘာ ၁၅၊ ၁၉၉၄
ဟန်သစ် မဂ္ဂဇင်း
---
မိဝင်းဖို့ ကဗျာ(၂)
အုံ့ဆိုင်းတဲ့ နှင်းထုထဲ
နေရောင် ကျဲကျဲထိုးချလိုက်တဲ့အခါ
မင်း ငါ့ နှလုံးသားကို သတိရပေါ့ကွယ်။
ဟေ့..မိဝင်း
မင်းဟာ ငါ့ကိုမယုံဘူး
ဟုတ်လား
ငါ့ တကိုယ်လုံး ကိုင်ကြည့်လိုက်လေ
တဆတ်ဆတ်တုန်ခါနေတာ
မင်းတွေ့ရမှာပဲ။
ဟောသည် ကန္တာရတောအုပ်ကြီးကို
ဘယ်သူမှ တားဆီးမရသလိုမျိုးပေါ့
ငါ မင်းကိုချစ်တာ။
ကြည့်စမ်း
မင်းက ငါ့ကို
ဒုတိယတန်းစားထဲမှာ ထားခဲ့ချင်သပေါ့၊
တကယ်တမ်းကျ ငါက
တတိယတန်းစားလူတယောက်ပါကွာ။
လူတယောက် ဘယ်လောက်ထိ ချစ်နိုင်တယ်ဆိုတာ
မင်းက မယုံဘူး
ဟုတ်လား၊
လူတယောက် မိုးပေါ်ပျံနိုင်တယ်
ဆိုတာမျိုးကျ မင်းက ယုံပြန်ရော။
တငွေ့ငွေ့ ကျန်ရစ်ခဲ့တဲ့
မင်းရဲ့ သရော်တော်တော် အပြုံးလေးကိုပဲ
တသက်လုံး သိမ်းဆည်းထားရစ်တော့မယ်
ငါ့အပြစ်ပါ။
ငါ့ ဘဝရဲ့ ဖြစ်တည်မှုထဲ
မင်းလက်ကို ထိုးသွင်း ကြည့်လိုက်စမ်း
ကိုင်း...အချစ်နံ့တွေ ရတယ်မဟုတ်လား။
မင်းနဲ့ ပတ်သက်တိုင်း
ငါရရှိတဲ့ ပျော်ရွှင်မှုဆိုတာ
စစ်ပွဲကြီးတခု ပြီးသွားတဲ့အခါ
ကျည်ဆံခွံ လိုက်ကောက်ရတဲ့ ကလေးလိုပါပဲ။
ဘာမှန်းမသိတဲ့ အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတာ
ငါ့ဘဝပါကွယ်။
ငါ့ အချစ်ဟာ
မင်း ဘာသာပြန်လို့ မရနိုင်လောက်အောင်
မရှုပ်ထွေးလှပါဘူး။
ပြင်းထန်လွန်းတဲ့ အာရုံခံစားမှုနဲ့
တုန်ခါနေတဲ့ ဘဝရဲ့ရစ်သမ်ကို
ပေါင်းစပ်ထားတာတခုပါပဲ။
မြက်ခင်းပြင်ပေါ် လမ်းလျှောက်ရသလိုမျိုးတော့
မလွယ်ကူလှဘူး ပေါ့ကွာ။
ငါ့ အသက်အရွယ်ကြီးနဲ့ ကျမှ
အသည်းကွဲသီချင်းတွေလည်း ဆိုမနေပါရစေနဲ့တော့
ငါးမန်းတွေပေါတဲ့ ပင်လယ်ပြင်ကြီးထဲ
တခါတည်းသာ ခုန်ချလိုက်ချင်ရဲ့။
စက်တင်ဘာ ၁၉၉၃
ဟန်သစ် မဂ္ဂဇင်း
---
မိဝင်းဖို့ ကဗျာ(၃)
အမှန်တရားကို ဝန်ခံဖို့ရာ
မုသားတဝက်နဲ့ ငါရောက်လာခဲ့တာ
မင်းက ငါ့ကိုထင်နေရော့လား။
ဟေ့ ..မိဝင်း
မင်းက ငါ့ကို အဲသလိုမျိုး
ထင်နေသလား။
လူတချို့ကတော့ ဒါကို
အချစ်လို့ ဆိုကြတာပဲ
ငါကတော့
ငါ့နုပျိုမှုဆီ နောက်တကြိမ်ပြန်ရောက်လာတဲ့
ငါ့နှလုံးသားရဲ့ အော်သံလို့သာ
ဆိုလိုက်ချင်ရဲ့။
မင်းက
ငါ့ အသည်းနှလုံးရဲ့ အလင်းရောင်လေ
မင်းက
ငါ့ အိပ်မက်တွေကို ထည့်ပြီး
ထွန်းညှိထားတဲ့ မီးအိမ်ငယ်လေးလေ။
မင်းကသာ
စိတ်ပါလက်ပါ ဖြစ်လိုက်စမ်းပါကွာ
တစ္ဆေသရဲတွေနဲ့အတူ ငါ ‘က’ ပြမယ်
စုန်းမတွေရဲ့ သန်းခေါင်ယံ အစည်းအဝေးပွဲည
အော်ပရာကို ငါ လိုက်ပြမယ်
ဒွန်ကွီဇုတ် အကြောင်း ငါ ဖတ်ပြမယ်။
အမှန်တရား နည်းနည်း
အမှားတွေချည်းပဲ သူ့လက်ထဲ
ဆုပ်မိ ကိုင်မိတတ်တဲ့
ဟောဒီ
ညံ့ဖျင်းဖျင်း ကဗျာဆရာ တယောက်အနေနဲ့
ငါ စွမ်းဆောင်နိုင်တဲ့အရာဟာ
ဒါ အကုန်ပဲ လို့တော့ မထင်လိုက်ပါနဲ့ကွယ်။
မိဝင်းဖတ်ဖို့ ချစ်ပုံပြင်တွေ
ငါရေးနိုင်သေးရဲ့
သည်အချိန်မျိုးမှာ.. ငါဟာ
တဆတ်ဆတ် တုန်ခါပြီး
မှော်ဝင်နေတဲ့ ကဗျာဆရာတယောက်ပေါ့။
ကဗျာတွေနဲ့
မင့်ကို အစာကျွေးမယ့် ငါပါ။
သည်အချိန်မျိုးမှာ.. ငါဟာ
ဘုရားသခင်နဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာ
ငါ့ကို လွှင့်ပစ်လိုက်ချင်ရဲ့။
ရူးသွပ်မှုနဲ့
မင့်ကို အစာကျွေးမယ့် ငါပါ။
မိဝင်းရေ
ငါ့ အိမ်ခေါင်မိုးမှာ ကပ်နေတဲ့
တောက်တဲ့ တကောင်ဟာလည်း
ငါ့လိုပဲ
ခံစားမှုဝါဒီ သမား တယောက်ပါကွာ
ဒီကောင့် အကြောင်း ငါရိပ်မိတာ
ဘာကြာသေးလို့လဲ။
ကမ္ဘာကြီးဟာ တနေ့တခြား
လူသားရဲ့ ကာမရာဂနဲ့
မကောင်းမှုဒုစရိုက်တရားတွေကို
မျိုမျိုချခဲ့ရ
မျိုမျိုချခဲ့ရလွန်းလို့
ငါ့ တကိုယ်လုံး ရောင်ကိုင်းနေပြီ
ရောင်ကိုင်းနေပြီ မိဝင်းရေ
ရောင်ကိုင်းနေပြီ..။
ဇာတ်ကောင်များသည်
ခရီးလမ်းဆုံးသို့ ရောက်ကြသောခါ
အတိတ်၏ သင်ခန်းစာကိုယူပြီ
လူတော်လူကောင်း jဖစ်သွားကြလေသည်.. ဟူ၍
ဝီလျံဖော့ကနားက မဆိုလိုပေတဲ့။
ကဲ.. ဘယ့်နှယ့်လဲ
ငါ့စိတ်အခြေအနေ ငါကိုယ်တိုင်အjမင်မှန်ရ
တနေ့နေ့ကျရင်
သာသနာ့ဘောင်ကို ဝင်သွားလိမ့်မယ်လို့
မင်းက မျှော်လင့်နေသလား။
သွားစမ်းပါ
အနှစ်သာရဟာ
စကားလုံးတွေနဲ့ဝေးဝေး
ထွကေ်jပးနေသလိုမျိုးပေါ့။
အေးစက်ပြီ
အသံမထွက်နိုင်အောင်ဆွံ့အ
ဘုန်းဘုန်းလဲကျသွားသည်ထိ
ငါချစ်နေဦးမှာ။
အပြင်းစား အာရုံတွေ
မီးလောင်နေသလိုမျိုးနဲ့
ငါချစ်ခဲ့
မင်းကိုငါချစ်ခဲ့။
ကဗျာတွေနဲ့
မိဝင်းကို အစာကျွေးမယ့် ပိုင်စိုးဝေပါ။
အောက်တိုဘာ၊ ၁၉၉၃
ဟန်သစ်မဂ္ဂဇင်း
---
မိဝင်းဖို့ ကဗျာ (၄)
လှည့်ဖျားတတ်တဲ့ ရူပါရုံတွေနဲ့
အလှည့်စား ခံချင်လွန်းလို့
တဆတ်ဆတ် တုန်ခါနေသူပါ။
ငါဆိုတဲ့ ကောင်ကတော့
မအိပ်စက်ဘဲလည်း
အိပ်မက်တွေ အမြဲတမ်း မက်နေတတ်သူပါ။
နောက်တကြိမ် ကဗျာရေးတဲ့အခါ
ကမ္ဘာကြီးဆိုတဲ့ စကားလုံးမပါဖို့
အကြိမ်ကြိမ် ငါ ဆုံးဖြတ်ခဲ့
အဲဒီဆုံးဖြတ်ချက် တသက်လုံး ငါတည်ဖို့ရာ
ငါ့ ကိုယ်ငါ ဆုံးဖြတ်နိုင်ပါ့မလား။
ကမ္ဘာကြီး
တနေ့တကြိမ်
ငါ့ဦးခေါင်းပေါ် ဖြတ်ဖြတ်သွား သတဲ့
နေမင်းကြီးလည်း နေ့တိုင်းပဲ လုံးလုံးဝိုင်းဝိုင်း။
ဒီလိုနဲ့
ငါမလိုချင်တာတွေ ငါ ပြန်ပြန်ရ
ငါထွေးပြီးသားတွေ ငါ ပြန်ပြန်မျိုချ
သုံးမရပေမယ့် လွှင့်မပစ်ရက်နိုင်တဲ့
ငါ့ဘဝကြီးကို ငါ ပြန်ပြီး တွယ်ငြိခဲ့ရပေါ့။
မေ့ပစ်လိုက်မိဝင်းရေ။
ဒီလိုနဲ့
ကွန်ဆာဗေးတစ် ဖြစ်လိုက်၊ လစ်ဘရယ် ဖြစ်လိုက်
ရိုမန်တစ် ဖြစ်လိုက်၊ အိပ်ဇစ် ဖြစ်လိုက်
မော်ဒန်နစ် မဖြစ်သေးတာ တခုပဲ
အသည်းနာ စရာ ပါကွယ်။
ငါမလိုချင်တာတွေပဲ ငါရပြီး
ငါလိုချင်တာ ဘာတခုမှ မရခဲ့တဲ့
ကမ္ဘာကြီးရေ
အရက်ဆိုင်တွေ မရှိတဲ့ ညနေခင်းဆိုတာ
ကျေးငှက်သာရကာတွေ မရှိတဲ့
တောအုပ် တအုပ်လိုပါပဲ။
သင်္ဘောမှောက်တဲ့ မိုးကောင်းကင်
ပင်လယ်အတုနဲ့ လူမှုရေး အနုပညာ
အဟောင်းတွေကို ပြောင်းပြန် လှန်ထားတဲ့
မော်ဒန်အတုကို ငါမလိုချင်ခဲ့ဘူး။
ဟောဒီ ရင်ဘတ်ကို စမ်းကြည့်လိုက်စမ်း
ခုန်နေတဲ့ နှလုံးသွေးဟာ
မင်းကလေး တယောက်တည်း အတွက်ပါကွယ်။
ဒါ ..ဝူဒီအယ်လင်ရဲ့ ပြက်လုံးမဟုတ်ဘူး၊
ဆိုကရေးတီး ဆန်တဲ့
အလွမ်းပြဇာတ်တပုဒ်လည်းမဟုတ်ဘူးကွဲ့၊
သားရေဖုံးပြီး
ရွှေစာလုံးနဲ့ ကမ္ဗည်းထိုးရမယ့်
ပိုင်စိုးဝေ ပါ။
မေ့ပစ်လိုက် မိဝင်းရေ
မြက်ခင်း ကသာ
နွားအုပ်ကို ရွေးချယ်ခွင့်ရှိသတဲ့၊
ကိုယ့်အိတ်ကပ်ထဲ တပြားတချပ်မှ မပါခဲ့ရင်
လမ်းပေါ်ကလည်း တပြားတချပ်မှ
ကောက်မတွေ့တတ်ဘူး။
ကံကြမ္မာဆိုတာ သည်လိုပဲ မျှားယူရသပေါ့။
အခုတော့ ငါဟာ
မရင့်ကျက်သေးတဲ့ ဖခင်အိုတဦး
ဖြစ်ခဲ့ပါပြီ။
မင့် နှလုံးသားဆီ အရောက်လာဖို့ရာ
အတောင်ပံ မပါတာက လွဲရင်
အားလုံးထံ ငါပျံဝဲနိ်ုင်ရဲ့။
အသည်းကွဲဖူးတဲ့ ငှက်တွေသာ
ပျံသန်းခွင့်ရှိတဲ့ မိုးကောင်းကင်မှာ
ထင်ရာကို ငါစိုင်းခဲ့ပေါ့။
ဇန္နဝါရီ ၁၉၉၆
ဟန်သစ် မဂ္ဂဇင်း
မိုးမခ မှတ်ချက် - ကဗျာတွေကို မြတ်ဝေ စာကြည့်တိုက် ကနေ ယူပါတယ်။ မူရင်း စာရိုက်သူ ကို ကျေးဇူးအထူးတင် ရှိကြောင်း မိုးမခ က မှတ်တမ်းပြုပါတယ်။ ကဗျာတွေကို အခကြေးငွေ အလို့ငှာ ယူငင် သုံးစွဲခြင်း မပြုရန် မိုးမခ က အလေးအနက် သတိပေးပါတယ်။