Breaking News

ဇာနည် - "ကျနော်နှင့်ဝင်းမိုး,အောင်နိုင်.." (ကျနော်နှင့်(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ..)

အောင်နိုင်၊ ဇာနည်၊ ဝင်းမိုး

""ကျနော်နှင့်(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ..""

"ကျနော်နှင့်ဝင်းမိုး,အောင်နိုင်.."

ဇာနည်

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၀

နိဒါန်း


ဆရာကြီးဒဂုန်တာရာက မကြာခဏပြောခဲ့ဖူးသည်။


"ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာကျနော့်ရဲ့စံ,ဗန်းမော်တင်အောင်ဟာကျနော့်ရဲ့နောက်ဆုံးရဲဘော်.."တဲ့...!


ကျနော်သည် ဆရာဒဂုန်တာရာရဲ့စာပေပေအနုပညာ စာပေသဘောတရား စာပေဝေဖန်ရေး သြဇာအောက်တွင်ကြီးပြင်းလာခဲ့ရသူတဦးဖြစ်ပါသည်။ ဆရာတာရာသည်ကျနော့်ရဲ့စာပေအနုပညာစံပြတဦးဖြစ်ခဲ့ပါသည်။

ဆရာတာရာရဲ့(Master piece)တခုဖြစ်သော "ရုပ်ပုံလွှာအဖွဲ့အနွဲ့" များကိုအင်မတန်မှနှစ်ခြိုက်စွဲလန်းခံစားခဲ့ဖူးပါသည်။

ထိုရုပ်ပုံလွှာအဖွဲ့များကိုအားကျမိသဖြင့် ကျနော်သည်လည်း ကျနော်နှင့်ခေတ်ပြိုင်ရုပ်ပုံလွှာများကိုစမ်းရေးကြည့်ခဲ့မိပါသည်။

မြင့်မိုရ်တောင်နဲ့ဇီးစေ့....ဆင်ပြောင်နဲ့ကမြင်းနီ..မနှိုင်းကောင်းမယှဉ်အပ်ပြောခြင်းမဟုတ်ပါ။ လေးစားအတုယူခြင်းသဘောကိုပြောခြင်းမျှသာဖြစ်ပါသည်။

(၁)

ကျနော်ရေးခဲ့ပြီးသော ခေတ်ပြိုင်ရုပ်ပုံလွှာများမှာ ...

"ကျနော်နှင့်ထွန်းအောင်ကျော် (အေဘီမြောက်ပိုင်းကျဆုံး)"။ ကျနော်နှင် သူရိန်(မင်းကိုနိုင်နာမည်နှင်ပတ်သက်သောရေးသားချက်)။ "ကျနော်နှင့်မိုးသီးဇွန်" ။ ကျနော်နှင့်သက်ထွန်း"။ "ကျနော်နှင့်ညိုထွန်း"။ ကျနော်နှင်ထူးအိမ်သင်"။ "ကျနော်နှင့်ဆက်အောင်နိုင်, ဆက်အောင်ခိုင်ညီအကို" ...စသည်...စသည်...

ကျနော်တို့ (၂၈,၈,၁၉၈၈) နေ့တွင်ပြန်လည်ဖွဲ့စည်းခဲ့သော (ဗကသ)တွင်.. အတွဲလိုက်အခေါ်အဝေါ်များရှိပါသည်။ "မိုးသီး၊ မိုးဟိန်း"၊  "ပေါ်ဦး၊ ကိုကိုကြီး"၊ ညိုထွန်း,တင်အေး(ခင်မောင်ရီ)"၊ "သက်ထွန်း,ဇာနည်"...။ ထို့အတူ ဝင်းမိုးနှင့်အောင်နိုင်ကိုလည်း..."ဝင်းမိုး, အောင်နိုင်" ဟု လူသိများပြီးတွဲခေါ်လေ့ရှိပါသည်။ 

သူတို့နှစ်ယောက် "ဝင်းမိုးနှင့်အောင်နိုင်" ကို နောက်ကျောင်းသားမျိုးဆက်တော်တော်များများက သိချင်မှသိပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်သည် (၁၉၈၈) ရှစ်လေးလုံးတိုက်ပွဲကာလ စစ်တပ်မှအာဏာမသိမ်းခင်ကပင် ဗကသရဲ့တာဝန်ပေးချက်ဖြင့်လက်နက်ကိုင်တော်လှန်ရေးပြင်ဆင်ရန် တောခိုသွားခဲ့ကြသူများဖြစ်ပါသည်။ သူတို့သည်မြေပေါ်ကျောင်းသားလှုပ်ရှားမူ့များနှင့်ကင်းကွာသွားခဲ့သည်မှာ ထိုစဉ်ကပင်ဖြစ်လေသည်။

(၂)

ဝင်းမိုးနှင့်အောင်နိုင်သည် (၂၈,၈,၁၉၈၈)နေ့တွင်ပြန်လည်ဖွဲ့စည်းခဲ့သော ဗကသများအဖွဲ့ချုပ်ရဲ့ဖောင်ဒါ (Founders) များနှင့်အဓိကကျသောခေါင်းဆောင်များလည်း ဖြစ်သည်။

ထိုစဉ်က ဝင်းမိုးမှာ အိုင်အာနောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး မြန်မာ့လက်ရွေးစင်စစ်တုရင်ချန်ပီယံတဦးလည်းဖြစ်သည်။ သူ့ကို "မုတ်ဆိတ်ဝင်းမိုး" ဟုလည်း ခေါ်ကြသည်။

ကိုအောင်နိုင်မှာ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားဖြစ်လေသည်။

သူတို့နှစ်ယောက်ကို(၁၉၈၈)ဇွန်လကျောင်းသားသပိတ်ကာလကပင်တွေ့သိခဲ့ဖူးသည်။ 

ဇွန်သပိတ်ကာလက အပန်းဖြေရိပ်သာ (အာစီ)ရှေ့အဓိပတိလမ်းမပေါ်တွင်ခုံများစီ၍တရားဟောစင်မြင့်လုပ်ထားပြီး ကျောင်းသားများတယောက်ပြီးတယောက်တရားတက်ဟောကြသည်။ တနေ့ စင်မြင့်ရှေ့အဓိပတိလမ်းမပေါ်မှလက်များဝေ့ရမ်းကာဆေးကျောင်းသားများဝင်ရောက်လာပြီး စင်ပေါ်တက်တရားဟောကြသည်။ ထိုအထဲတွင်ကိုအောင်နိုင်လည်းပါသည်။

ဇွန်သပိတ်ပြီးနောက်ပိုင်းတွင် ကျောင်းသားအစုအဖွဲ့များမြေအောက်လှုပ်ရှားမူ့အသွင်ဖြင့် စည်းရုံးလှုပ်ရှားနေသောကာလများတွင် သူတို့နှစ်ဦးနှင့်သိတွေ့ရင်းနှီးခဲ့လေသည်။

ကျနော်တို့သည် ဘောက်ထော်၊ ရန်ကင်းနှင့် ရန်ကုန်မြို့ထဲတဝိုက်ရှိရဲဘော်များရဲ့နေအိမ်တိုက်ခန်းများတွင် မကြာခဏ လျှိုဝှက်အစည်းဝေးများလုပ်ခဲ့ကြသည်။

ရန်ကင်းဆယ့်နှစ်လုံးတန်းရှိ အံဘွယ်ကျော်၊ ဝင်းမိုး တိုက်ခန်းနှင့် အနောက်ရန်ကင်းရှိ "မိုးကျော်၊ စိုးမိုးတို့" ရဲ့တိုက်ခန်းများတွင် မကြာခဏဆုံတွေ့ခဲ့ကြလေသည်။

ဝင်းမိုးအိမ်အစည်းဝေးများတွင် .ဌေးကြွယ်၊ ဝင်းကြွယ်၊ အောင်မျိုးတင့်၊ စည်သူ၊ ဇာနည်(မောင်မောင်ညွန့်)၊ လှမျိုးနောင်၊ မိုးသီးဇွန်၊ သက်ထွန်း၊ ကိုကိုကြီး၊ ညိုထွန်း၊ တင်အေး(ခင်မောင်ရီ)၊ သူရ၊ နေမျိုး၊ မိုးကျော်၊ စိုးမိုး၊ အောင်နိုင်နှင့် ကျနော်တို့သည်...ထိုစဉ်က (မဆလ)ဆန့်ကျင်ရေး...ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး...ကျောင်း သားလက်နက်ကိုင်တော်လှန်ရေး...စသည်တို့တို့ကို အကြိတ်အနယ်ဆွေးနွေးညှိနှိုင်းငြင်းခုန်ခဲ့ကြလေသည်။

ဝင်းမိုးအိမ်တွင်လုပ်သောအစည်းဝေးများမှာ လူအတော်စုံကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဝင်းမိုးညီမများမှ ာအတော်ချောသောကြောင့်ဖြစ်သည်။

ကျနော်သည် လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့ခွဲရာ မိုးသီး၊ သက်ထွန်း၊ မိုးဟိန်း၊ နေမျိုး၊ တင်ထွန်းလှိုင်တို့နှင့် တအုပ်စုထဲကျခဲ့လေသည်။

ထိုနောက် ဝင်းမိုး,အောင်နိုင်,ကိုကိုကြီးနှင့်ကျနော်တို့သည် ဝတ်လုံတော်ရရှေ့နေကြီး ဦးဖိုးအောင် (ရဲဘော်အောင်သူ/တံတားနီရဲ့ဖခင်) ရဲ့ ကြားမှဆက်သွယ်ပေးမှုဖြင့် ထိုစဉ်ကသမ္မတ ဒေါက်တာမောင်မောင်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ဖူးလေသည်။ ကျနော်တို့ကဆွေးနွေပွဲအကြောင်းအရာအချက်လက်များကိုကိုတိုင်းသိပြည်သိကြေညာပေးရန်တောင်းဆိုခဲ့ကြပြီး..ဒေါက်တာမောင်မောင်ဘက်မှလျှိူ့ဝှက်တွေ့ဆုံဆွေးနွေးမှုအဖြစ် သဘော ထားခဲ့သဖြင့်..ဆွေးနွေးပွဲအစီစဉ်ကို ကျနော်တို့ဘက်က ဖျက်သိမ်းခဲ့လေသည်။

(၂၈,၈,၁၉၈၈) နေ့ ရန်ကုန်တက္ကသိုလ်သမဂ္ဂ မြက်ခင်းပြင်တွင် (၂၆)နှစ်ကြာ မြေအောက်တွင်ငုတ်လျှိူးကွယ်ပျောက်နေခဲ့ရသော (ဗကသများအဖွဲ့ချုပ်) မဖွဲ့စည်းမီတရက်အလိုညတွင်..ကျနော်၊ ဝင်းမိုး၊ အောင်နိုင်၊ ကိုကိုကြီးတို့သည် အနောက်ရန်ကင်းမှ "မိုးကျော်,စိုးမိုး" တို့ ညီအကိုစီစဉ်ပေးသော တိုက်ခန်းအတူညအိပ်ခါ..(ဗကသ)မူဝါဒသဘောထားကြေညာချက်ကို ရေးခဲ့ကြဖူးလေသည်။

(၃)

ထိုစဉ်က ဗကသသည် ဒီမိုကရေစီကိုတောင်းဆိုနေယုံဖြင့်မရတိုက်ယူမှရမည်ဟု ယုံကြည်ခဲ့လေသည်။ စစ်တပ်မှအာဏာသိမ်းတော့မည်ကိုလည်း ကြိုတင်တွက်ဆရိပ်စားခဲ့မိသည်။ ထိုကြောင့် (၈၈၈၈)ကာလ အာဏာမသိမ်းမီကပင် ဗကသသည် လက်နက်ကိုင်တော်လှန်ရေးအတွက်ပြင်ဆင်ခဲ့ကြလေသည်။

ဗကသရဲ့လက်နက်ကိုင်တော်လှန်ရေးဆုံးဖြတ်ချက်အားဦးဆောင်အကောင်အထည်ဖော်ခဲ့သူများမှာ..ဝင်းမိုးနှင့်အောင်နိုင်တို့ဖြစ်ပါသည်။ သူတို့သည်အာဏာမသိမ်းမီနှစ်ပတ်လောက်ကထဲက လက်နက်ကိုင်တော်လှန်ရေးအတွက် ထိုင်းမြန်မာနယ်စပ်ကိုထွက်ခွာသွားခဲ့ကြသည်။ အောင်နိုင်တို့အဖွဲ့က စောသည်။ နောက်မှ ဝင်းမိုးကလိုက်သွားသည်။ သူတို့ဦးဆောင်သည့်အစုတွင် မြတ်စိုး၊ ကျော်ထင်၊ ကိုလှအောင်၊ ဝင်းအောင်၊ ဝင်းထွန်း၊ သိန်းဌေး၊ ဇာနည်လေး(တောင်ဥကလာ)၊ သီဟတင်စိုး(ရုပ်ရှင်မင်းသား)တို့ညီအကိုတွေ ပါသည်ထင်သည်။ အားလုံးကိုတောကျနော်မမှတ်မိတော့ပါ။

ကျနော်က (၁၈,၉,၈၈),အာဏာသိမ်းပြီးမှ နယ်စပ်သို့ထွက်ခဲ့ခြင်းဖြစ်သည်။ ဝင်းမိုး၊ အောင်နိုင်တို့ရဲ့တောင်းဆိုခချက်အရ ရန်ကုန်မြို့မှာလာသောကျောင်းသားအများစုကို ကေအင်ယူတပ်မဟာ(၆)နယ်မြေ "သေ့ဘောဘိုး "စခန်းသို့ ပို့ပေးခဲ့ကြလေသည်။

ကျနော်သေ့ဘောဘိုစခန်းရောက်တော့..ဝင်းမိုးကစျေးထိပ်မှလာကြိုခဲ့သည်။ ထိုစဉ်က သေ့ဘောဘိုးစခန်းတွင်ကျောင်းသားသုံထောင်ကျော်ခန့်ရှိမည်ထင်သည်။ သေ့ဘောဘိုးစခန်းမှာထိုင်းမြန်မာမှောင်ခိုစျေးတန်းကြီးတခုဖြစ်ပြီး ကျနော်တို့ကျောင်းသားများကို ကေအင်ယူစျေးကော်မတီဥက္ကဋ္ဌဖိုလခွားအစီအစဉ်ဖြင့်စျေးသူစျေးသားများကြိုဆိုဧည့်ခံရေးကော်မတီမှ "ကိုအာဘော်" တို့ဦးဆောင်ပြီး နေ့မီးညမီးမပြတ် ချက်ပြုတ်ကျွေးမွေးခဲ့လေသည်။ ထိုစဉ်က နေ့စဉ် သဘောင်္သီးရေလုံပြုတ်၊ ငှက်ပျောအူရေလုံပြုတ်ဟင်းကို နေ့စဉ်တန်းစီတိုးဝှေ့စားခဲ့ကြရတာကို ယနေ့ထိတိုင်သတိရနေမိပါသည်။

ကျနော်ရောက်ပြီးတပတ်ခန့်အကြာ စက်တင်ဘာလနောက်ဆုံးအပတ်ခန့်တွင် သေ့ဘောဘိုးစခန်းတွင်ရောက်ရှိနေသော ကျောင်းသားအင်အားစုများရဲ့အစည်းဝေးကိုစျေးတန်းအိမ်တအိမ်တွင်ခေါ်ယူကျင်းပခဲ့ပြီး.. ."မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားမျာ းဒီမိုကရေစီတပ်ဦး (All Burma Students Democratic Front)”..ဟူသောအမည်ဖြင့်..သေ့ဘောဘိုးစခန်းကော်မတီကိုစတင်ဖွဲ့စည်းခဲ့ကြပါသည်..၎င်းကော်မတီကို(၉)ဦးကော်မတီဟုလည်း ခေါ်ပါသည်။ ဤသည်မှာ..(ABSDF) ရဲ့အစဟုလည်းပြောနိုင်ပါသည်။

ထိုကော်မတီတွင်..ဥက္ကဋ္ဌ ဆလိုင်းကိုကိုဦး၊ ဒုဥက္ကဋ္ဌ ဦးယုနွယ်၊ အတွင်းရေးမူးကိုလှအောင်၊ တွဲဖက်အတွင်းရေးမူးဇာနည်၊ လုံခြုံရေးကို ဖုန်းကို၊ စည်းကမ်းထိမ်းသိမ်ရေးကို မျိုးချစ်၊ ကျန်းမာရေးဒေါက်တာမြင့်ချို၊ ပြန်ကြား ရေး ဦးစိုးခိုင်၊ စည်းရုံးရေး ကိုသန်းလွင်တို့ဖြစ်ကြသည်။

သေ့ဘောဘိုးစခန်းတွင်ပထမဆုံး(ABSDF)နာမည်ဖြင့် စခန်းကော်မတီကိုဖွဲ့စည်းပြီးနောက်..တနေ့တွင် ကျနာ်တို့နှင့် "မောင်မောင်ကျော်" တို့သည် မဲဆောက်မဲတော်ရှိကေအင်ယူဗိုလ်မူစိုးစိုးနေအိမ်တွင်တွေ့ဆုံခဲ့ကြပြီး ကျနော်တို့က(ABSDF) အနေဖြင့်၎င်း၊ သူ (မောင်မောင်ကျော်)မှ(BYLF)အဖြစ်၎င်း၊ လုပ်ဆောင်သွားကြရန်လက် မှတ်ရေးထိုးခဲ့ကြလေသည်။

သေ့ဘောဘိုးစခန်း (ABSDF)စခန်းကော်မတီကိုဖွဲ့စည်းပြီးနောက်တလကျော်ခန့်အကြာ ဝင်းမိုး၊ အောင်နိုင်တို့ရဲ့စည်းရုံးလှုပ်ရှားကြိုးပမ်းမှု၊ မဟာမိတ် ကေအိုင်အေဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း၊ တွဲဘက်အတွင်းရေးမှူး ဒေါက်တာတူးဂျာတို့ရဲ့ကူညီပံပိုးမူ့တို့ဖြင့် ကေအင်ယူအထူးတပ်ရင် (၁၀၁)၊ ကော့်မူးရာ(ဝမ်းခသစ်)စခန်းတွင် (၁၉၈၈)ခုနှစ်နိုဝင်ဘာလဆန်းတွင် ပထမဆုံး ( ABSDF) ညီလာခံကို ကျင်းပခဲ့ကြပါသည်။ 

(၄)

(ABSDF)ပထမဆုံးညီလာခံတွင် နယ်စပ်ဒေသရောက်ကျောင်းသာစခန်းမျာမှရွေးခြယ်စေလွှတ်သော ကျောင်း သားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး...(ABSDF),အမည်,အလံ,အမှတ်တံဆိပ်,နှင့်ဖွဲ့စည်းပုံကိုဆွေးနွေးအတည်ပြုခဲ့ကြပြီး..မဲပေးနိုင်သူကိုယ်စားလှယ်(၂၀)ဦးမှ..ဗဟိုလုပ်ငန်းကော်မတီကိုမဲပေးရွေးချယ်ခဲ့ကြပါ သည်။

ထိုညီလာခံသို့.. ဝင်းမိုးနှင့် ကျနော်မှာ (ဗကသ)ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြပါသည်။

ဗဟိုအလုပ်အမူဆောင်ရွေးချယ်ပွဲနေ့တွင် မဲပေးနိုင်သူ(၂၀)ဦးမှအဆိုပြုသူတဦးကိုထောက်ခံသူသုံးဦးဖြင့်အတည်ပြုချက်ရယူပြီး...မဲအများဆုံးရသူကိုဗဟိုအလုပ်အမူဆောင်ဥကဌ,ဒုတိယမဲအများဆုံးရသူကိုဒုဥကဌ,တတိယမဲအများဆုံးရသူကိုအတွင်းရေးမူး,စသည်ဖြင်အဆင့်ဆင့်ပြန်ရွေးချယ်ခဲ့ရာတွင်..ဥကဌနေရာအတွက်..မဲပေးသူ(၂၀)အားရေတွက်ရာ ကိုထွန်းအောင်ကျော်(၇၄ကျောင်းသား)က(၂၀)မဲဖြင့်ဥကဌဖြစ်သွားပြီးင်းမိုးက(၁၉)မဲဖြင့်ဒုဥကဌ,သန်းဝင်းက(အတွင်းရေးမူး),အောင်နိုင်က(တွဲဘက်အတွင်းရေးမူး-၁),စလိုင်းကိုကိုဦးက(တွဲဘက်အတွင်းရေးမူး-၂)ဖြစ်ခဲ့လေသည်။ 

ထိုနောက်မဲများကိုပြန်ဆန်းစစ်ကြည်ရာ..ဥက္ကဋ္ဌနေရာအတွက် (၂၀)မဲရသူ ကိုထွန်းအောင်ကျော်မှာ သူ့မဲကိုသူ့ဘာသာပြန်ပေးခဲ့ပြီး (၂၀)မဲရသွားကာ..ဝင်းမိုးမှာ သူ့မဲကိုအောင်နိုင်အားပေးခဲ့သဖြင့်(၁၉)မဲသာရရှိ၍ ဒုဥက္ကဋ္ဌ ဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။

နောက်တနေ့တွင်...ထိုဖွဲ့စည်းပုံကို မကျေနပ်ကြသဖြင့်..ထိုစဉ်က ဝမ်းခသစ်စခန်းတွင်ရှိသော ရခိုင်တပ် (ALP)၊ စခန်းရှိ ဦးခိုင်စိုးနိုင်အောင်၊ ဗိုလ်မူးခိုင်မျိုးမင်းတို့ထံတွင် ကျနော်တို့ဘက်မှစောဒကတက်ဖြေရှင်းခဲ့ကြပါသည်။

ကျနော်တို့က ဥက္ကဋ္ဌကိုထွန်းအောင်ကျော်မှာ (၁၉၇၄)ကျောင်းသားဟောင်းဖြစ်၍ ယခုဖွဲ့စည်းခဲ့သော (ABSDF) ကျောင်းသားအဖွဲ့အစည်းတွင်ဥက္ကဋ္ဌဖြစ်သူမှာ လက်ရှိတကသိုလ်တခုခုတွင်ကျောင်းတက်နေသော (Register Student) ဖြစ်စေချင်ကြောင်း..ထိုကြောင့် ဥက္ကဋ္ဌနေရာကို လက်ရှိကျောင်းတက်နေသူကျောင်းသားတဦးဦးအားပေးစေပြီး ကိုထွန်းအောင်ကျော်အား ဒုဥက္ကဋ္ဌလုပ်ရန်တောင်းဆိုခဲ့ကြပါသည်။ ကျနော်တို့ဘက်ကလည်း ဘယ်သူမှဥက္ကဋ္ဌမလုပ်ဘဲကြားလူတဦးဦးကိုတင်မြှောက်ပေးရန်အပြင်းအထန်အခြေအတင်တောင်းဆိုခဲ့ကြပါသည်။

သို့သော်လည်း ကိုထွန်းအောင်ကျော်ဘက်မှ ဥက္ကဋ္ဌနေရာကိုဖယ်မပေးနိုင်ကြောင်းငြင်းဆိုခဲ့သဖြင့်..(ABSDF) ပထမညီလာခံမှာ ပြဿနာဖြစ့်ခဲ့ကြလေသည်။

နောက်တပတ်အကြာတွင် ကေအင်ယူ "ကလာဒေးစခန်း" တွင်ကျင်းပခဲ့သော..."ဒီမိုကရေစီစီမဟာမိတ်များအဖွဲ့ချုပ် (Democratic Alliance Of Burma)” ညီလာခံတွင်..ဝင်းမိုး,အောင်နိုင်၊ ကိုကိုဦးနှင့်ကျနော်တို့မှာ ( ABSDF) အနေဖြင့်မတက်တက်ရောက်ကြဘဲ..(ဗကသ) ကိုယ်စားလှယ်များအဖြစ်သာတက်ရောက်ခဲ့ကြလေသည်။

(DAB) ပထမညီလာခံပြီးနောက်..သေ့ဘောဘိုးစခန်မှတာဝန်များအားလွှဲပြောင်းပြီး ကျနော်သည်ပြည်တွင်းသို့ပြန်ဝင်ခဲ့ပြီး...ဝင်းမိုး,အောင်နိုင်နှင့် ကိုကိုဦးတို့လည်း သေ့ဘောဘိုးစခန်းမှ ဘုရားသုံးဆူစခန်းဘက်သို့ပြောင်းရွေ့သွားခဲ့ကြပါသည်။ သူတို့သည်(ABSDF),ဗဟိုတွင် ဘာတာဝန်မှမယူတော့ဘဲ အခြေခံတပ်ရင်းများတွင်တပ်သား/တပ်မူးအဖြစ် နေခဲ့ကြသည်ဟု သိခဲ့ရသည်။

ဝင်းမိုးမှာတပ်ရင်း(၁၀၂)တပ်ရင်းမှူးအဖြစ် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပြီး..ကိုကိုဦးမှာ မိုးသီးဇွန်(ABSDF) ဥက္ကဋ္ဌအဖွဲ့တွင် အတွင်းရေးမှူးတာဝန် ယူခဲ့လေသည်။

  နောက်ပိုင်းတွင် အောင်နိုင်မှာအင်္ဂလန်သို့ထွက်ခွာသွားခဲ့ပြီး (BBC),တွင်မီဒီယာလုပ်ငန်းကိုလုပ်ကိုင်ခဲ့ရာ..(BBC)ဌာနမှူး၊ ထို့မှတဆင့်ယခုထိလည်း (VOA),တွင်မြန်မာဌာနမှူးအဖြစ် မီဒီယာလုပ်ငန်းကိုလုပ်ဆောင်နေလျက်ရှိလေသည်။

(၅)

ကျနော်ထောင်ကလွတ်ပြီး(၂၀၀၄) ခုနှစ်တွင် ထိုင်းနယ်စပ်မှတဆင့် အမေရိကားကိုရောက်ရှိခဲ့ပြီး...(၁၆)နှစ်ကျော်မှ ဝင်းမိုးနှင့် နှစ်ခါသုံးခါခန့်ပြန်ဆုံဖြစ်ခဲ့သော်လည်း အောင်နိုင်နှင့်ကား ဖုန်းနှင့်သာပြောဆိုဖြစ်ခဲ့ပြီး အနှစ်သုံးဆယ်အတွင်း လူချင်းပြန်မဆုံဖြစ်ခဲ့သေးပေ။

တလောက...ရုပ်မြင်သံကြားသတင်းတွင် အောင်နိုင်သည် (VOA)ဌာနမှူးအဖြစ် သမ္မတဦးသိန်းစိန်၊ တပ်ချုပ်မင်းအောင်လှိုင်တို့နှင့်တွေ့ဆုံမေးမြန်းခန်းကိုကြည့်မိပြီး...ကျနော်ပြုံးခဲ့မိလေသည်။ တခါက သပိတ်မှောက်ကျောင်းသား၊ ဗကသခေါင်းဆောင်နှင့် သူပုန်ကျောင်းသားတဦးက တခါက ရန်သူဖြစ်ခဲ့သောသူများနှင့်မျက်နှာခြင်းဆိုင်ထိုင်ပြီးမေးမြန်းနေသည်ကိုကြည့်ပြီး ပြုံးခဲ့မိခြင်းဖြစ်ပါသည်။ ၎င်းတို့ကတော့ အောင်နိုင်ဘာဆိုတာ သိချင်မှသိပေလိမ့်မည်။

ထို့အတူ ကျနော်တို့နောက်မျိုးဆက်ကျောင်းသားများကလည်း "ဝင်းမိုး,အောင်နိုင်"ကို သိသူရှားပေလိမ်မည်။

တကယ်တော့..."ဝင်းမိုးနှင့်အောင်နိုင်"မှာ..ဗိုလ်နေဝင်စစ်အာဏာရှင်စနစ်အောက်မှာ(၂၆)နှစ်ခန့်မြေအောက်သို့ငုတ်လျှိုးကွယ်ပျောက်ခဲ့ရသော ကျောင်းသားအဖွဲ့အစည်း(ဗကသများအဖွဲ့ချုပ်)ကိုပြန်လည်ရှင်ပြန်ထမြောက်စေခဲ့သော (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ခဲ့ကြလေသည်။

ဇာနည်(၁/၁၀/၂၀၁၈)

စာရေးသူ၏ ဖေ့ဘွတ်စာမျက်နှာမှ ခွင့်ပြုမှုဖြင့် ဖော်ပြပါသည်။ (မိုးမခ)