Breaking News

မောင်ကြီးပြည်စိုး - မိစ္ဆာချေချွတ်ခန်း( ၁၃ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့များအထိမ်းအမှတ်)

မိစ္ဆာချေချွတ်ခန်း

မောင်ကြီးပြည်စိုး

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၀


ဒီလမ်းကိုဆက်မလျှောက်ရင်

တောထလာတော့မယ်


ပေတရာမှာ

နာနာဘာဝကောင်တွေရပ်လို့

အရိပ်မည်းကြီးထုတ်ချင်းခပ်ထားသလို

မာတောင့်တောင့်

ရပ်လို့ ။


မုန်တိုင်းမလာမီငြိမ်သက်ခြင်း၌

ကိုယ့်တစ္ဆေကိုယ်အခြောက်ခံရသူတွေမှာ

အရိပ်ပျောက်လေးကျလာတာကအစ

သေနတ်နဲ့ ထိုးထိုးပစ်နေရ။


မြို့ကြီးတွေက

မဟာသြသဓဆေးကြီးမှီဝဲရင်း

ဗီတာမင်တွေပြည့်စုံဖြိုးကာ

မေတ္တာဓာတ်များ

ငွားငွားစွင့်စွင့်

ပွင့်လို့။


သူ့ကွန်ယက်သူ

ဖွင့်ဖောက်ခဲ့ရာ

လမ်းမြှောင် လမ်းသွယ် လမ်းမများ

ဆူဝေဖိတ်လျှံကျ

စကြဖန်ပြောင်းလှည့်ကာ

အံ့ဖွယ်နင်းကြိတ် ချီခဲ့ကြ။


နာနာဘာဝလေလော ...!

အို မီးသတ်သမား အတုအယောင်တို့

အို မောင်အယောင်ဆောင် မယ်အယောင်ဆောင်အပေါင်းတို့

အို မိစ္ဆာဒိဋ္ဌိတို့အယူကို ယူကြကုန်သူအပေါင်းတို့

မိစ္ဆာတို့၏အမိန့်ကို မျက်စေ့စုံမှိတ် လိုက်နာနေသူအပေါင်းတို့

ရာဇဝင်စွပ်ကြောင်းကြီးတွေပေါ်က

ဖယ်ကြ ရှားကြလော့

“ အို ချစ်သား အဂုင်္လိမာလ

သင်သာ သံသရာမှာ

မတန့်မနား မမောမပန်း ပြေးနေသူ ” တဲ့

တရားကို မြင်အောင် ရှုလော့


အလေနထောတို့

အမြစ်စွဲနေတဲ့ အနာ့ပဆုပ်ကြီးကို

မြင်အောင် ရှုကြလေလော့...


ယဇ်ကောင်ကိုယ်တိုင်ကတော့

သူ့နားထင် သူပြောင်းဝတေ့ရင်း

ဇာတ်သိမ်းခန်းကို

သေမင်းထံ သံကြိုးပို့နှင့်ပြီ။ ။

-

အောက်တိုဘာ၊ (၇)၊ ၂၀၀၇ 

( ၁၃ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့များအထိမ်းအမှတ် ဖော်ပြသည်)