Breaking News

အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၄



အောင်ဝေး - မ စ် ရှီ ဂ န် မဲ ဇာ - ၂ ၄

(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၂၀

ဒီမိုကရေစီနိုင်ငံမှာလည်း၊ ဒီမိုကရေစီတော်လှန်ရေးဆိုတာ ရှိသည်။

(၁)
အမေရိကန် အထက်လွှတ်တော်အမတ် ဘာနေဆန်းဒါး(Bernie Sander) က ဤသို့နှယ် ဆိုလိုက်သည်။
"This is not just an election between Donald Trump and Joe  Biden. This is an election between Donald Trump and democracy _ and democracy must win." (The New York Times, September 24, 2020)

ယခု လာမည့် ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲသည်၊ အမေရိကန် ပြည်သူများအနေဖြင့်၊ လက်ရှီသမ္မတ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရေစီတို့အကြား ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲအဖြစ် ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်ကြောင်း ဘာနေဆန်းဒါးက ပြောဆိုလိုက်ခြင်းဖြစ်သည်။ (ဘာနေဆန်းဒါးမှာ ၂၀၁၆ သမ္မတရွေးကောက်ပွဲတုန်းက၊ ဒီမိုကရက်ပါတီတွင်း သမ္မတလောင်းယှဉ်ပြိုင် ရာတွင်၊ ဟီလာရီကလင်တန်ကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။ သူသည် နောင်(၄) နှစ် အကြာ၊ ၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက်၊ ဒီမိုကရက်ပါတီ သမ္မတလောင်း ရွေးရာတွင်၊ ဂျိုးဘိုင်ဒင်ကို ထပ်မံရှုံးနိမ့်ခဲ့သည်)

ဒါက ဘာကိုပြသလဲဆိုတော့၊ သူတို့ အမေရိကမှာလည်း။ ဒီမိုကရေစီကတော်လှန်နေရတုန်း ဆိုတာကိုပြသည်။ ထရန့်တက်စက အိမ်ဖြူတော်မှာ ဖြုတ်-ထုတ်-သတ် တွေ များခဲ့သည်။ လူကို သတ်တာတော့ မဟုတ်ပါဘူး။ အဲဒီလူရဲ့နိုင်ငံရေးကို သတ်ပစ်တာပါ။ သမ္မတထရန့်က ထင်ရာစိုင်းသူဖြစ်သည်။ သူထင်ရာ သူပြောသည်။ ကိုဗစ်-
19 ကိစ္စကိုကြည့်။ သူထင်ရာ သူလုပ်သည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထဲကထွက်ပစ်သည်။ နောက် အရေးကြီးတာတစ်ခု ရှိသေးသည်။ CLIMATE CHANGE ဒါက်ုလည်း ထရန့်လက်မခံ။ ငြင်းဆန်သည်။ သိပ္ပံပညာကို သူ အထင်သေးသည်။

ပြီးတော့၊ ထရန့်က ခေါင်းမာသည်။ မနေ့တစ်နေ့က နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးတစ်ဦးဖြစ်သူ မစ္စစ်ဂျင်းစဘတ်ဂ် (Ruth Bader Ginsburg) အသက်(၈၇)နှစ် ကွယ်လွန်သွားသည်။ ရီပတ်ဗလီကင်အမတ်တချို့နှင့်
ဒီမိုကရက်အမတ်တွေက ရွေးကောက်ပွဲပြီးမှ ဂျင်းစဘတ်ဂ်နေရာအစားထိုး ဖို့ တားနေတဲ့ကြားက၊ ထရန့်က တရားသူကြီး အေမီကော်နီဘားရက် (Amy Coney Barrett) ကို သူ့သဘောနှင့်သူ ရွေးချယ်လိုက်ပြီဖြစ်သည်။

ထရန့်သည် ကမ္ဘာကြီးတစ်ခုလုံး ဖတ်တလတ်တတ် မသေမရှင် ဖျတ်ဖျတ်လူး နေရသည့် ကိုဗစ်ကပ်အတွင်းမှာ၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကိုလည်း သူ မယုံ။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု CLIMATE CHANGE ကိုလည်း သူ မယုံ။ ထရန့်သည် ငါလည်း စာမတတ်၊ ငါ့ယောက်ဖ ငညိုပြောတာလည်း ငါ  မယုံ ဆိုသည့် အစားထဲကဖြစ်သည်။

သူက တက်လာကတည်းက အညှောက်ကလေးနှင့်။ သူ့လက်ထက်မှာ အမေရိကန်သတင်းစာတွေက "ဒီမိုကရေစီ သေဆုံးပြီလော" ဆိုပြီးရေးကြသည်။

ယခု၊ ဘာနေဆန်းဒါးက ဒါကိုရည်ညွှန်းလို၍၊ လာမည့် ၂၀၂၀၊ နိုသင်ဘာ(၃) အမေရိကန်သမ္မတရွေးကောက်ပွဲသည်၊ ဒေါ်နယ်ထရန့်နှင့် ဂျိုးဘိုင်ဒင်တို့ ယှဉ်ပြိုင်သည့်ပွဲ မဟုတ်ဘဲ၊ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရေစီ တို့ အားပြိုင်ပွဲ ဖြစ်သည်ဟု ဆိုလိုက်ခြင်းပင်။

(၂)

သူ့မြင်းသူစိုင်း၊ ဒီမိုကရေစီကို ကျောခိုင်းချင်သူ ဒေါ်နယ်ထရန့်။ သူ့မှာ ဒီမိုကရေစီ မရှိပေမဲ့၊ ကိုဗစ်ကတော့ ဒီမိုကရေစီ ရှိသည်။ လူတိုင်း လွတ်လပ်စွာ အသက်ရှင်သန်ခွင့်ရှိသည်။ သို့သော် ... အိမ်ထဲမှာ နေပါ။ STAY-AT-
HOME အမိန့်ကို နာခံရသည်။

လူတိုင်း အသက်ရှူခွင့် ရှိသည်။ သို့သော် ... MASK တပ်ပါ။ လူမှုဆက်ဆံရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးတို့တွင် တစ်ဦးနှင့်တစ်ဦး ၆-ပေ ခွာ နေပါ။ လက်ကို စင်ကြယ်အောင်ဆေးပါ။ စသည်ဖြင့် ဒါတွေက ကိုဗစ်ဒီမိုကရေစီဖြစ်သည်။ ကျောသားရင်သား မခွဲခြား။ သမ္မတသော၊ ကဗျာဆရာသော မခွဲခြား။ အမေရိကန်ပြည်ထောင်စုက ကမ္ဘာမှာထိပ်ဆုံး။ ကိုဗစ်-19 ရောဂါနှင့် ကူးစက်သူ၊ သေဆုံးသူစာရင်းမှာ ထိပ်ဆုံးက မဟုတ်လား။

ယနေ့ ကမ္ဘာတစ်ဝန်း ကူးစက်သူ(၃၂)သန်းကျော်(၃၂,၄၂၉,၉၆၅)။ သေဆုံးသူ (၁)သန်းနီးပါး(၉၈၅,၈၂၃)။ အမေရိကန်ပြည်ထောင်စု ကူးစက်သူ(၇)သန်း ကျော်(၇,၂၇၄,၈၉၁)။ သေဆုံးသူ(၂)သိန်းကျော်(၂၀၁,၆၃၄)။ ပြန်ကျန်းမာ လာသူ(၄)သန်းခွဲကျော်(၄,၅၀၄,၃၇၄)။ (WHO covid-19 dashboard September 26, 2020)

အမေရိကမှာ ကိုဗစ်ကပ်ကြီးအတွင်း၊ နောက်ထပ် ကပ်ဆိုက်တာတွေ ရှိသေးသည်။ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်းတွေ တစ်ခုပြီးတစ်ခု ၀င်ဝင်ဆောင့်နေသည်။ အမေရိကန် အနောက်ဘက်ကမ်းရိုး တန်း(အထူးသဖြင့် ကယ်လီဖိုးနီးယား)မှာ တောမီးတွေ အကြီးအကျယ် လောင်နေသည်။ အမေရိကန်မြို့ကြီးတွေမှာ အမေရိကန်လူမည်းထုကြီး၏ BLACK LIVES MATTER ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်း။ ကိုဗစ်ကပ်ဆိုးဘေးကြောင့် ပိန်ချုံးနေသော အမေရိကသည်၊ တောမီး- မုန် တိုင်း- လူမည်းမှာလည်း အသက်နဲ့ပါ ဆန္ဒပြ့ပွဲ၊ ညှပ် သုံးညှပ်ကြား၊ ကင်သော ငါးကဲ့သို့၊ ပြားကပ်ကပ်ကလေး ဖြစ်၍နေလေသည်။ ဒီကြားထဲမှာ သမ္မတက
ဒီမိုကရေစီ မဆန်ပြန်ဘူး။

ဒေါ်နယ်ထရန့်က နိုင်ငံတော်သမ္မတဆိုတော့၊ ကယ်လီဖိုးနီးယားတောမီးကို သွားကြည့်သည်။ ဟိုက ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဂေဗင်နယူးဆုမ်(Gavin Newsom) က ထရန့်ကို ထရန့်မယုံကြည်သည့်
CLIMATE CHANGE တရား ဟောလွှတ်လိုက်သည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု ဆိုးကျိုးရလဒ်အဖြစ် တောမီးလောင်တာတွေ၊ ရေကြီးတာတွေ ရင်ဆိုင်လာရသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက သမ္မတကို ပညာပေး လိုက်ခြင်းဖြစ်သည်။ ဒါက ဒီမိုကရေစီ ဖြစ်သည်။

(၃)
ကျနော်တို့ မြန်မာပြည်မှာကော။

ကိုဗစ်-19 ကပ်ဘေးက ဒီမိုကရေစီရှင်သန် လူးလွန့်စ ကျနော်တို့နိုင်ငံ သေးသေးကလေးကိုလည်း ဘေးမဲ့မထား။
ပထမလှိုင်းတုန်းက မြန်မာပြည်က လူတွေက သူ့ကို မထီလေးစား လုပ်ရ ပါမလားဆိုပြီး၊ ကိုဗစ်က ဒုတိယလှိုင်းလွှတ်ပြီး၊ အသေရိုက်ချလိုက်တာ၊ ကျနော်တို့မြန်မာပြည်သူတွေ ကျောကော့အောင် ခံနေရပါပြီ။

ကူးစက်(၉,၉၉၁)ဦး။ သေဆုံး(၁၉၈)ဦး။ ပြန်ကျန်းမာ(၂,၆၈၁)ဦး။ (၉-၂၆- ၂၀) ကျနော်တို့နိုင်ငံမှာလည်း ကပ်ကြီးအတွင်း ရွေးကောက်ပွဲရှိသည်။ လာမည့် ၂၀၂၀ နိုဝင်ဘာ(၈) အထွေထွေရွေးကောက်ပွဲကကော ဘယ်သူနှင့် ဘယ်သူ့ ကြားက ယှဉ်ပြိုင်မှုလဲ။ ကြံ့ဖွတ်ပါတီနှင့် NLD ကြားက အားပြိုင်မှုလား။ သေချာပြန်သုံးသပ်ကြည့်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD က- ရ၉% အနိုင်ရခဲ့သည်။ အစိုးရ ဖွဲ့နိုင်ခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း (၄၄၀+၂၂၄ = ၆၆၄) နေရာတွင်၊ စစ်တပ်က (၁၁၀+၅၆=၁၆၆)နေရာ ရွေးချယ်မခံရဘဲ အလိုအလျောက်ယူထားသည်။ NLD က (၂၅၅+၁၃၅=၄၉၀)နေရာ အနိုင် ရသည်။ ကြံ့ဖွတ်ပါတီက (၃၀+၁၁=၄၁)နေရာသာ ရသည်။ ၆% ပဲရှိသည်။ "၄၉၀" နှင့် "၄၁" အကွာကြီး ကွာလှသည်။

သည်တော့ ဒီ ၂၀၂၀ ရွေးကောက်ပွဲက ကြံ့ဖွတ်ပါတီနဲ့ NLD ကြားက ယှဉ် ပြိုင်မှုလို့ ပြောလို့ရမလား။ ဝေးပါသေးတယ်။

တကယ်က မြန်မာပြည်ရွေးကောက်ပွဲက စစ်အာဏာရှင်စနစ်နဲ့ NLD ကြား က ပြင်းထန်တဲ့အားပြိုင်မှုပဲ။ တစ်နည်းအားဖြင့် မြန်မာပြည်ရွေးကောက်ပွဲဟာ စစ်အရေခြုံနဲ့ ဒီမိုကရေစီ အားပြိုင်မှုပဲ။

ကိုဗစ်က ဒိုင်လူကြီးလို့ပဲ ဆိုပါတော့။

ဒါပဲဖြစ်သည်။ ကျနော်တို့ ဒီမိုကရေစီတော်လှန်ရေး မပြီးဆုံးသေး။ ပြီးတော့၊ ကိုဗစ်တော်လှန်ရေးလည်း မပြီးဆုံးသေး။

မိတ်ဆွေ၊ ရွေးကောက်ပွဲနေ့မှာ သင် ကျန်းကျန်းမာမာနဲ့ မဲပေးနိုင်မယ်ဆိုရင်၊ ဒါဟာ ဒီမိုကရေစီတော်လှန်ရေးနဲ့ ကိုဗစ်တော်လှန်ရေး၊ တော်လှန်ရေးနှစ်ရပ် စလုံးမှာ သင် တစ်တပ်တစ်အား ပါ၀င်ဆင်နွှဲလိုက်တာပါပဲ။

ကိုဗစ်ကိုနိုင်မှ၊ ရွေးကောက်ပွဲ နိုင်မယ်။

ကိုဗစ်သေမှ၊ ဒီမိုကရေစီ ရှင်မယ်။ ။

(၉- ၂၆- ၂၀)