Breaking News

အောင်မြို့- အောင်အေး(ရန်ကုန်တက္ကသိုလ်) မြန်မာပြန် (ကြည်ဝင်းစိန်(MALCOLM)၏ တော်လှန်ရေး ကောင်စီမှသည် စစ်အာဏာရှင်စနစ်ဆီသို့)


ကြည်ဝင်းစိန်မှတ်တမ်း

"အတိတ်ကိုပြန်ပြောင်းတွေးကြည့်မည်ဆိုလျှင် နိုင်ငံရေးနှင့်စစ်ရေးကဏ္ဍတွင် အမှားကြီးမှားခဲ့သော ဗိုလ်နေဝင်း၏ဆုံးဖြတ်ချက်ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် နစ်နာဆုံးရှုံးမှုများ အကြီး အကျယ်ပေါ်ပေါက်ခဲ့ရလေသည်"

ကြည်ဝင်းစိန်(MALCOLM)၏ 

တော်လှန်ရေး ကောင်စီမှသည် စစ်အာဏာရှင်စနစ်ဆီသို့)

Revolutionary Council Military Dictatorship by Kyi Win Sein(Malcom)2018

အောင်အေး (ရန်ကုန်တက္ကသိုလ်)  မြန်မာပြန်သည်။

အောင်မြို့

ပထမအကြိမ်၊ ၂၀၂၀ သြဂုတ်လ

တန်ဖိုး ၁၀၀၀၀ ကျပ်

စာ ၅၈၈၊ပုံများ၊ ၂၃ စင်တီ

လွင်ဦးစာပေ(လှည်းတန်း)၊ 

မျက်နှာဖုံးဒီဇိုင်း ကျော်မင်းမောင်

-

ဂျပန်နိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး ၁၉၆၂ အာဏာသိမ်းတော်လှန်ရေးကောင်စီလက်ထက်မှာ စီးပွားရေးနဲ့ ထောက်လှမ်းရေးကော်မရှင်တွေမှာ ဥပဒေအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူ ဦးကြည်ဝင်းစိန်ရဲ့ မှတ်တမ်း စာ အုပ်ပါ။ ဦးကြည်ဝင်းစိန်ဟာ ကျွန်တော်နှင့်ဗိုလ်ချုပ်များ ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ဖူးပြီး ဒီစာအုပ်ကတော့ ပထမစာအုပ်ရဲ့အဆက်ဖြစ်ပါတယ်။ ၂၀၁၈မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့ပြီး ခု မြန်မာပြန်သူက အောင်အေး(ရန်ကုန်တက္ကသိုလ်)ဖြစ်ပါတယ်။

မူရင်းစာရေးသူ ကြည်ဝင်းစိန် (Malcom) ဟာ အသက် ၁၆ နှစ်သားဘဝ ပုသိမ်မှာ အထက်တန်ကျောင်းတက် နေစဉ်ကတည်းက တိုင်းမှူး ဗိုလ်မှူး ကြီးသောင်းကြည်ရဲ့သိမ်းသွင်းမှုနဲ့ စစ်ထောက်လှမ်းရေး ဖြစ်ခဲ့သူပါ။ ဂျပန်နိုင်ငံမှာ ဥပဒေပညာမဟာဘွဲ့ယူခဲ့ပြီး ၁၉၅၉မှာ မြန်မာပြည်ပြန်ရောက်လာတဲ့အခါအဲ့ဒီကာလ အိမ်စောင့်အစိုးရခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်မှူးချုပ်အောင်ကြီးတို့က စစ်ဥပဒေချုပ်ရုံးမှာခန့်ထားခဲ့ပေမယ့် ဗိုလ် သင်တန်းသွားမတက်ဘဲ ဗမာရေနံကုမ္ပဏီဘီအိုစီရဲ့ တောင်ပိုင်းတိုင်း ဈေးကွက်တာဝန်ခံလုပ်ခဲ့ပါတယ်။ အဲ့ဒီကနေ ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ယူကေဆိုင်ရာ လုပ်ငန်းစီမံချက်အဖွဲ့ဝင်အဖြစ် လျှို့ဝှက်တာဝန်ယူခဲ့ပါတယ်။

၁၉၆၂ တော်လှန်ရေးကောင်စီလက်ထက်မှာတော့ ဗိုလ်ချုပ်နေဝင်းရဲ့အားထားရတဲ့ ဥပဒေအကြံပေးဖြစ်လာပြီး နောက်ပိုင်းမှာ ဖဆပလအစိုးရလက် ထက်က နိုင်ငံရပ်ခြားမှာလျို့ဝှက်အပ်နှံထားတဲ့ရန်ပုံငွေတွေ ပြန်ရဖို့လုပ်ရတဲ့ လန်ဒန်မြို့အခြေစိုက် မြန်မာ့ကုန်သွယ်ရေးမစ်ရှင်ရဲ့ အဓိကဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့အတွေ့အကြုံတွေထဲမှာ စိတ်ဝင်စားစရာကောင်းတာတွေက ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ်တင်ဦးရဲ့ လက်ချက်လို့ ဆိုတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးသောင်းကြည် သေ ဆုံးတဲ့ကိစ္စ၊ ဗိုလ်ချုပ်နေဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးကျော်စွာမြင့် စီအိုင်အေသူလျို ဖြစ်ပြီး ထွက်ပြေးသွားတဲ့ကိစ္စ၊ ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့ကြားက ပြဿနာ၊ ဗိုလ်မှူးချုပ် အောင်ကြီးအုပ်စုနဲ့ ဗိုလ်မှူးချုပ်တင်ဖေ၊ ဦးဘငြိမ်တို့အုပ်စုကြားက ပဋိပက္ခ၊ ဗိုလ်ချုပ်နေဝင်းရဲ့ စိတ်ရောဂါကုသမှု၊ လန်ဒန်မှာ ဝယ်လိုက်တဲ့ ဂေါက်ကွင်းကိုးကွင်း ပါစံအိမ်တော်၊ ရန်ပုံငွေတွေကို ရချင်တဲ့ ဗိုလ်ချုပ်နေဝင်းကတော် ဒေါ်ခင်မေသန်းအကြောင်းနဲ့ လူသိနည်းတဲ့ မဆလခေတ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အတွင်းရေးတွေ ဖြစ်ပါတယ်။ မြန်မာပြည်ထဲက တရုတ်လျှို့ဝှက်ဂိုဏ်းတွေကို တော်လှန်ရေးကောင်စီက လက်ဦးမှုရယူနှိမ်နင်း ခဲ့ပုံတွေကိုလဲ တင်ပြထားပါတယ်။ အထူးသဖြင့် ဗိုလ်မှူးချုပ်အောင်ကြီးကို  အသားပေးရေးထားတာလဲ တွေ့ရပါတယ်။

ဦးကြည်ဝင်းစိန်အနေနဲ့ လန်ဒန်မှာနေထိုင်ပြီးဆောင်ရွက်ပေးခဲ့တာတွေက လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရတည်ထောင်ထားခဲ့တဲ့ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းတွေ နိုင်ငံခြားမှာသိမ်းဆည်းစုဆောင်းထားခဲ့တဲ့ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံက တရုတ်၊ ဗမာ၊ အိန္ဒိယ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဘဏ္ဍာငွေတွေကို ဗိုလ်ချုပ်နေဝင်းဆီ ပြန်ယူပေးတဲ့လုပ်ငန်းပါ။ လုပ်ငန်းအောင်မြင်ပေမယ့်သူ့ကိုမယုံကြည်တဲ့ ဗိုလ်မှူးချုပ်တင်ဖေ၊ စီး ပွားရေးအကြံပေးဦးဘငြိမ်တို့ရဲ့ခြေထိုးမှုကြောင့် မြန်မာပြည်ကိုပြန်လာခဲ့ရသလို သက်ဆိုင်ရာရဲ့စစ်ဆေးမှုကို လနဲ့ချီခံခဲ့ရပါတယ်။ စစ်ဆေးအပြီးမှာ သူ့ကို အမျိုးသားထောက်လှမ်းရေးဌာန စီးပွားရေးသောင်းကျန်းမှုကွပ်ကဲရေးဌာနမှာ တာဝန်ပြန်ပေးခဲ့ပါတယ်။ ၁၉၇၂ မှာတော့ သူဟာ အလုပ်ထွက်ပြီး ဇနီးဖြစ်သူရဲ့ တိုင်းပြည်ဖြစ်တဲ့ ဂျပန်ပြည်ကိုမိသားစုနဲ့အတူ ထွက်ခွာသွားပါတော့တယ်။

ဦးကြည်ဝင်းစိန်အနေနဲ့ ၈၈ အရေးတော်ပုံမှာ စစ်တပ်က  စစ်တပ်ရဲ့ပစ်ခတ်မှုကို မှန်ကန်တယ်လို့မြင်ပြီး စစ်ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို တာဝန်ကျေပွန်ပြီး သတ္တိကောင်းသူတွေအဖြစ် ချီးကျူးထားတာတွေ့ရပါတယ်။ မဆလပါတီရဲ့စီးပွားရေးမအောင်မြင်ရခြင်းဟာ ဗိုလ်မှူးချုပ်တင်ဖေနဲ့စစ်ခရိုနီတွေ စီးပွားရေးအကြံပေး ဦးဘငြိမ်နဲ့ မြေပေါ်ကွန် မြူနစ်တွေကြောင့်လို့ သုံးသပ်ထားပါတယ်။

အငြင်းပွားစရာတစ်ခုကတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်မှာနေစဉ် ဗိုလ်မှူးကြီးဇူစူကီးအိမ်မှာ ရေးခဲ့တယ်ဆိုတဲ့ လွတ်လပ်သော မြန်မာနိုင်ငံအတွက်စီမံချက် ဆိုတာပါ။ တနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးခဲ့တယ်လို့ ဆိုပြီး တနေရာမှာကျ ဗိုလ်မိုးကြိုး ခေါ် ဗိုလ်မှူးကြီး ဆူဇူကီးက ပေးခဲ့တယ်လို့ ရေးထားတဲ့ အချက်ပါ။ အဲ့ဒီစီမံချက်ဟာ အလွန်အကျွံ လက်ဝဲစွန်းကျပြီး စိတ်ကူးယဉ်ဆန်တဲ့ ဆိုရှယ်လစ်လမ်းစဉ် ပါတဲ့။ ဘာမဆို လူကြီးအကြိုက် ခေါင်းညိတ်ပြတတ်တဲ့ နောက်လိုက်တွေကြောင့်ရော ဗိုလ်ချုပ်နေဝင်းက အဲ့ဒီစီမံချက်ကို အသေဆုပ်ကိုင်ပြီး အကောင်အထည်ဖော်မိတာကြောင့်ရော လမ်းစဉ်ပါတီက ကျရှုံးခဲ့ရတာ ဖြစ်ပါသတဲ့။ ဗိုလ်ချုပ်အောင်ဆန်း ရေးခဲ့ ကူးခဲ့ တယ်ဆိုတဲ့ အဲ့ဒီစီမံချက်ဆိုတာက တကယ်ရှိ မရှိသမိုင်းပညာရှင်တွေ ဖော်ထုတ်သင့်ပါတယ်။

ဒီစာအုပ်မှာပါတဲ့ အဓိကဇာတ်ကောင်တွေထဲမှာ ဦးကြည်ဝင်းစိန်ကလွဲပြီး ကျန်သူအားလုံး ကွယ်လွန်ပြီး ဖြစ်တာကြောင့် သူရေးတဲ့အချက်အလက်တွေ မှန်မမှန်ကို ဆန်းစစ်ဖို့ မလွယ်ပါဘူး။ သူကတော့ လူကြီးတွေက သူတို့အားလုံး ကွယ်လွန်ပြီးမှ ရေးဖို့ သူ့ကို မှာခဲ့တယ်လို့ ဆိုပါတယ်။

မှတ်တမ်းမှတ်ရာနည်းပြီး လွတ်လပ်စွာရေးသားထုတ်ဝေခွင့် မရှိခဲ့တဲ့ ခေတ်ကာလတုန်းက အဖြစ်အပျက်တွေမို့ မြန်မာ့နိုင်ငံရေး လေ့လာလိုသူတွေ ဖတ်မှတ်ဝေဖန်သင့်တဲ့ စာအုပ်တအုပ်ပါ။ လွင်ဦးစာပေ လှည်းတန်းကထုတ်ဝေပြီး စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါကြောင်း။

အောင်မြို့

BookReview