Breaking News

မြသွေးနှင်းဆီ - အိမ်ပြန်ခက်ချိန်

အိမ်ပြန်ခက်ချိန်

မြသွေးနှင်းဆီ

(မိုးမခ) စက်တင်ဘာ ... ၊ ၂၀၂၀


ဝေးတော့လည်းဝေးလို့

နီးတော့လည်းနီးသမို့

အကြောင်းအမျိုးမျိုးနဲ့

ခေါင်းတိုးဝှေ့ချင်မိတယ်အမေ။

တစ်မြို့ထဲပေမယ့်

အဆီးအတားတွေကြောင့်

ခရီးတွေခြားနေတော့

အမေ့အရိပ်နားတောင်မရောက်နိုင်ခဲ့ပြန်ဘူး။

တစ်ရက်ထက်တစ်ရက်

ကြပ်ကြပ်လာတဲ့ မက်စ်အောက်က

အသက်ရှူသံတွေ

တစ်မနက်ထက် တစ်မနက်

ခက်ခက်လာတဲ့ဝမ်းရေးတွေ​ကြား

မဝရေစာ သိတတ်မှုလေးတွေတောင်

လှပသေချာ ပြင်ဆင်စားတတ်တဲ့

အမေ့ရဲ့ထမင်းပွဲလေးနဲ့

ကျနော်.....

ဘယ်လောက်ထိ

လွဲနေရဦးမှာလဲ အမေ။      ။


မြသွေးနှင်းဆီ

18 September 2020