Breaking News

အောင်မြို့ - အောင်ဆန်းခေတ်ကြီး (ဗိုလ်ချုပ်အောင်ဆန်း (မောင်ဇေယျာစီစဉ်သည့် တစ်ခေတ်တစ်ယောက် စာစဉ် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းမှ)

အောင်ဆန်းခေတ်ကြီး

အောင်မြို့

(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၀


" လူယုတ်မာတွေဟာလဲ အလစ်မှာ နိုင်ငံရေးလောကထဲ ဝင်လာတတ်ပါတယ်။ 

အဲဒီလိုဝင်လာတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကိုမျက်ခြည်မပြတ်ဟန့်တားပိတ်ပင် ဝိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေးလောကကြီးဟာ သန့်ရှင်းစင်ကြယ်မွန်မြတ်လာပါလိမ့်မယ် "


ဗိုလ်ချုပ်အောင်ဆန်း

(မောင်ဇေယျာစီစဉ်သည့် တစ်ခေတ်တစ်ယောက် စာစဉ် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းမှ)

စီစဉ်သူမောင်ဇေယျာ

တစ်ခေတ်တစ်ယောက်စာစဉ်

မြန်မာ့လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်း

(၁၉၁၅ - ၁၉၄၇)

ဒုတိယအကြိမ်၊ ၂၀၁၇ ဇူလိုင်လ 

စာ ၃၉၀၊ ဓာတ်ပုံများ၊ ၁၂ x ၂၁ စင်တီ

တန်ဖိုး ၃၅၀၀ ကျပ်

ပဥ္စဂံစာပေ၊ မျက်နှာဖုံးဒီဇိုင်း ပန်းချီတင်ထွဏ်း


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ဆောင်းပါးတွေကို မောင်ဇေယျာက စီစဉ်သူအဖြစ် စုစည်းထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။ 

မောင်ထင်၊တက်တိုး၊ဒဂုန်တာရာ၊တက္ကသိုလ်နေဝင်း၊ သခင်ကျော်စိန်၊ သခင်တင်မောင်(ကျုံမငေး)၊သခင်နု၊ ဦးကျော်ငြိမ်း၊ အိုင်စီအက်စ် ဦးချမ်းသာ၊ ဦးဖေခင်၊ ဦးကျော်ရင်၊ ဗိုလ်မှူးဘရှင်၊ ဦးဘစံ၊ ဦးမေအောင်၊ ဒေါက်တာညီညီ၊ မောင်လှရွှေ၊ ရဲဘော်စိန်လှိုင်၊ တောင်အင်း၊ မောင်ဇေယျာတို့ရဲ့ ဆောင်းပါးအပုဒ် ၂၀ နဲ့ 

အင်္ဂလိပ်စာကဏ္ဍမှာတော့ N.N၊ U Nu နဲ့ Sir William Slim တို့ရဲ့ ဆောင်းပါးသုံးပုဒ် ထည့်သွင်း ဖော်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အောင်ဆန်းခေတ်ကြီးလို့ ဆိုနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝပုံရိပ်လွှာတွေ၊ နိုင်ငံရေးအယူအဆတွေ၊ နေပုံထိုင်နည်းတွေနဲ့ သူ့ရဲ့ အမြော်အမြင်ရှိတဲ့လုပ်ရပ်တွေက ဒီဆောင်းပါးတွေထဲမှာ ပေါ်လွင်နေပါတယ်။ ကိုအောင်ဆန်းတို့ ကျောင်းသားတွေ ​ခေါင်းဆောင်ပြီး ကုလား ဗမာ အဓိကရုဏ်းမှာ ဘယ်ဘက်ကမှ မပါဘဲ နှစ်ဘက်စလုံးက ပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းက ဒီနေ့ခေတ် ထိရှလွယ်နေတဲ့ လူမျိုးရေးပြဿနာ တွေကို ဖြေရှင်းရာမှာ အတုယူသင့်တဲ့လုပ်ရပ်တခု ဖြစ်ပါတယ်။

ငြိမ်ဝပ်ပိပြားရေးနဲ့ ပြည်သူတွေသက်သာချောင်ချိရေးမှာ ပြည်သူဘက်ကိုသာ ကြည့်ဖို့ တိုက်တွန်းနိုင်ခဲ့တဲ့ ဗိုလ် ချုပ်အောင်ဆန်းအကြောင်း အိုင်စီအက်စ်ဦးချမ်းသာရေးတဲ့ဆောင်းပါးမှာ လေ့လာနိုင်သလို အရှေ့ တောင်အာရှနိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ရေးကိစ္စအပေါ် ဗိုလ်ချုပ် ကြိုတင်စဉ်းစားခဲ့တယ် ဆိုတာ ဗိုလ်မှူးဘရှင်ရဲ့ဆောင်းပါးမှာ ဖတ်ရဦးမှာပါ။

အတိုက်အခံတွေ၊ ဖဆပလနဲ့ အမြင်မတူတဲ့အဖွဲ့တွေ၊ တိုင်းရင်းသားတွေအပေါ် သာတယ် နာတယ် မစဉ်းစားဘဲ ညီညွတ်ရေးကိုသာ ဦးစားပေးခဲ့ပုံတွေ၊ လိုအပ်ရင် နေရာကဖယ်ပေးဖို့အထိ လိုက်လျောပေးဖို့ ကမ်းလှမ်းတတ်သူ ဗိုလ်ချုပ်ရဲ့နိုင်ငံရေးအနုပညာကို ဒီဆောင်းပါးတွေမှာ လေ့လာနိုင်ပါတယ်။ ဆရာကြီးဒဂုန်တာရာရဲ့ နိုင်ငံရေး သမားအောင်ဆန်းကတော့ ဒီစာအုပ်ထဲမှာ ကျနော်အကြိုက်ဆုံးဆောင်းပါး ဖြစ်ပါတယ်။

စီစဉ်သူ မောင်ဇေယျာရဲ့ ရှာဖွေစုစည်းတတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စုစည်းထုတ်ဝေတဲ့စာအုပ်အများစုမှာမပါတဲ့ ဆောင်းပါးကောင်းတွေကို ဖတ်ရမှာပါ။ အထူးညွှန်းဆိုနေစရာမလိုတဲ့ ဒီစာအုပ်ကို ပဥ္စဂံစာပေကနေ တန်ဖိုး ၃၅၀၀ ကျပ်နဲ့ ထုတ်ဝေဖြန့်ချိထားတာဖြစ်ပါကြောင်း။

အောင်မြို့

BookReview