Breaking News

ဆိုင်းဗျူ - ပေါင်မုန့်တလုံးရဲ့ ဒိုင်ယာရီ

ပေါင်မုန့်တလုံးရဲ့ ဒိုင်ယာရီ 

ဆိုင်းဗျူ

(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၀


ကုန်စုံဆိုင်က ပေါင်မုန့်တစ်လုံးဟာ

နွမ်းပါးတဲ့လူတွေ သူ့ဆီလာမှာ ကြောက်ရွံ့နေတယ်။ 

နေ့ရက်စဉ်တိုင်း မနက်စာအဖြစ်

စားသုံးတာကို တော်လှန်ချင်လာတယ်တဲ့ ။ 

သူ့ဆီလာဝယ်တဲ့လူတွေဟာ 

မြို့ပြဘဝထဲက နွမ်းပါးတဲ့လူတွေပဲ

သူတို့သွေးကြောထဲကို အဟာရ အဖြစ် ပြောင်းလဲပစ်တာကို 

ပေါင်မုန့်တစ်လုံးက နာကျင်နေရှာတယ်။

သူ့ကိုပဲ စားသုံးတာဟာ 

မိသားစု လူမှုဖူလုံဖို့အတွက် အဖေတယောက်က စတေးလိုက်တာတဲ့။ 

ထမင်းမရှိတဲ့ 

အသားဟင်းတွေ မရှိတဲ့ ခန္ဓာကိုယ်ထဲကို 

မမြိုချပါနဲ့တော့တဲ့ တောင်းပန်နေရှာတယ်။

နွမ်းပါးတဲ့ ဘဝကြားမှာ ရှင်သန်နေရတာ 

စိတ်​ကုန်​လာပြီတဲ့

တကယ်တော့ သူထင်တာက လူကုန်ထံဘဝထဲက 

ပေါင်မုန့်တလုံးဖြစ်ချင်တာတဲ့။

သူ့ဆီလာနေတဲ့သူတွေ ဟာ 

တရာကျပ်တန် ကိုင်လျက် 

လာတာကို ကုန်ဆုံးချင်ပြီတဲ့။ 

​မေတ္တာတရား ကြီးမားတဲ့ 

ခန္ဓာ ကိုယ်

အစာအိမ်ထဲ အဟာရ ဖြစ်ဟန်ဆောင်တဲ့ 

ပေါင်မုန့်တလုံးကနေ ကွယ်ပျောက်ချင်နေပြီတဲ့။

လူသာတွေရဲ့ နေ့စဉ်ရုန်းကန်

လှုပ်ရှားတဲ့ ဒိုင်ယာရီထဲက ထွက်သွားနိုင်မလား။

ကလေးတွေ

မိသားစုတွေ ကို နားလည်စေချင်တယ်တဲ့ 

လက်ဖက်ရည်ဆိုင်မှာ ပေါင်မုန့်တလုံးနဲ့ လက်ဖက်ရည်ကြမ်း သောက်ပြီး 

လမ်းမပေါ် 

ရုန်းကန်သွားတဲ့ လူသားတယောက်အကြောင်းကို

စာနာစေချင်တယ်တဲ့။ 


ဆိုင်းဗျူ