Breaking News

အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ - ၂

Illustration - U Ba Kyi, file picture


အောင်ငြိမ်းချမ်း - အမျိူးသားရေးဝါဒ အခန်းဆက်များ  - ၂

အခန်း (၂) - အမျိုးသားရေး အမှတ်လက္ခဏာ

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၀  


[ဗမာနိုင်ငံလက်ရှိကြုံနေရတဲ့ ရခိုင်ဘက်က ကိစ္စတွေ၊ နိုင်ငံသားဖြစ်မှု။ တိုင်းရင်းသားဖြစ်မှု။ အမျိုးသားရေး အမှတ်လက္ခဏာ ဆိုတာ ဘာ ဆိုတာကို ဒီအခန်းက ရှင်းပြသွားမှာဖြစ်ပါတယ်။ အခက်အခဲဆုံး အခန်းမဟုတ်ပေ မယ့် အရေးကြီးဆုံးအခန်း၊ အမျိုးသားရေးဝါဒ ကို နားလည်ဖို့ အခြေခံအကျဆုံး အခန်းလို့ ဆိုချင်ပါတယ်။ ကျတော် တို့နားလည်ထားတဲ့ လူမျိုး၊ တိုင်းရင်းသားဆိုတွေဟာ ပညာရပ်ပိုင်းအရ ဖွင့်ဆိုထားတဲ့လူမျိုး(Race)၊ တိုင်းရင်းသားဖြစ်မှု (Ethnicity) ဆိုတာတွေနဲ့ ကွဲလွဲနေတာတွေ့ရမှာပါ။ တိုင်းရင်းသားအဖြစ် ဘယ်လို ဖွင့်ဆိုကျမလဲ။ ဖွင့်ဆိုချင်တိုင်း ဖွင့်ဆိုလို့ရလား။ ဘာအတွက်ကြောင့် ခိုင်မာမှန်ကန်တဲ့ သမိုင်းကြောင်းတွေကို မသုံးဘဲ လိုရာဆွဲသမိုင်းတွေ၊ ဒဏ္ဍရီတွေဟာ အမျိုးသားရေး အမှတ်လက္ခဏာ ပုံဖော်ရေးမှာ အရေးပါလာရတာလဲ။ အတိတ်။ အနာဂတ် နဲ့ ပစ္စပ္ပန် နဲ့ အမျိုးသားရေး ဝါဒ ဘယ်လို ချိတ်ဆက်နေသလဲ။ နောက်ဆုံး တောတောင်ရေမြေ သဘာဝ ရှုခင်းတွေ နယ်မြေတွေဟာ အမျိုးသားရေး ဝါဒ အတွက် ဘာကြောင့်အရေးကြီးနေရတာလဲ စတာတွေကို တွေ့ရမှာပါ။ ]

အမျိုးသားရေး အမှတ်လက္ခဏာ အပေါ် လေ့လာမှုသည် အမှတ်အသား သရုပ်အပေါ် လေ့လာမှုဖြင့် စတင်သင့် သည်။ လူတစ်ဦးတစ်ယောက်ခြင်း၏ အမှတ်အသား သရုပ်ဆိုသည်မှာ လူမှု ပတ်ဝန်းကျင် အပေါ် ထားရှိသည့် အဆိုပါ ပုဂ္ဂိုလ်၏ အမြင်ပင်ဖြစ်သည်။

လူသားများ သည် အော်ဒါ အပေါ် မည်သို့ရှုမြင်သင့်သည်ဟု မွေးကတည်းက ဇီဝဗေဒ အားဖြင့် ကြိုတင် စီစဉ်ပြီး ပါလာသည် မဟုတ်ပေ။ ယင်း အမြင်ကို ကိုယ့်ဘာသာ တည်ဆောက်ယူရခြင်းဖြစ်သည်။ ယင်း တာဝန်ကို ယဉ်ကျေးမှု က ထမ်းဆောင်ပေးသည်။ လူတစ်ဦး၏ အမှတ်အသား သရုပ်သည် ၎င်းကြုံတွေ့ဖြတ်သန်းခဲ့ရမှုများ အပေါ် မှီခိုလျက်ရှိသည်။ ထို့ကြောင့် ထိတွေ့ဆက်ဆံရသည့် ပတ်ဝန်းကျင်၊ ပြောဆိုဆက်သွယ်မှု၊ အပြန်အလှန် ဆက်ဆံရမှုတို့က အမှတ်အသား သရုပ်အပေါ် သက်ရောက် နေသလို လူသား၏ ဦးနှောက်အပေါ် အခြေတည်ပြီး အမှတ်အသား သရုပ်ပေါ်လာရခြင်းကြောင့် ဇီဝဗေဒပိုင်း စွက်ဖက်မှုကိုပင် ကြုံတွေ့ခဲ့ရနိုင်သည်။

ယဉ်ကျေးမှု ဆိုသည်မှာလည်း အစဉ်ပြောင်းလဲ လျက်ရှိသည့် ဖြစ်စဉ်ကြီး တစ်ခုဖြစ်သည်။ အဆိုပါ ပြောင်းလဲမှု သည် လူသားများ အပေါ်တွင်ပါ သက်ရောက်လျက်ရှိသည်။ လူသား တစ်ဦး၏ ပင်မ သရုပ်လက္ခဏာ ဆိုသည်မှာ ပြင်ပ ကမ္ဘာကြီးတစ်ခုလုံး နှင့် ဆက်ဆံရာတွင် ၎င်းမည်သို့ပြုမူမည်ကို လမ်းညွန်ပေးနေသည့် အရာဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ သရုပ် လက္ခဏာ၊ ပရော်ဖက်ရှင်နယ် သရုပ် လက္ခဏာ၊ မိဘ တစ်ဦး အနေနှင့် ရပ်တည်ရာတွင် ကျင့်သုံးသည့် သရုပ် လက္ခဏာ စသည်ဖြင့် အသီးသီးရှိသည်။

ဥပမာအားဖြင့် အမေရိကန် အမျိုးသမီး တစ်ဦး၏ အပြုအမှုသည် အထွေထွေသဘောဆောင်နေသည့် အမျိုးသမီး တစ်ဦး နှင့် မတူနိုင်ပေ။ အလားတူပင် အဆိုပါ အမျိုးသမီးသည်လည်း အလယ်ခေတ် ခရစ်ယာန် အမျိုးသမီး တစ်ဦး နှင့် မတူနိုင်ပေ။ အမေရိကန် ဆိုရှယ်လစ်တစ်ဦးမှာလည်း ရုရှား ဆိုရှယ်လစ် တစ်ဦး နှင့် မတူနိုင်ပေ။ အဘယ်ကြောင့်ဆိုသော အမျိုးသားရေး အမှတ်လက္ခဏာများ အသီးသီး ကွဲပြားနေသဖြင့် ဖြစ်သည်။

အမျိုးသားရေး အမှတ်လက္ခဏာဆိုသည်မှာ နိုင်ငံရေးရာ အမှတ်လက္ခဏာဖြစ်သည်။ ထို့အပြင် အမျိုးသားရေး အမှတ်လက္ခဏာ ဆိုသည်မှာ ဘာသာရေး အမှတ် လက္ခဏာ မဟုတ်ပေ။ အမျိုးသားရေး အမှတ် လက္ခဏာ ဆိုသည်မှာ လက်တွေ့ရှိမြင်နေသည့် ဤကမ္ဘာလောက၏ အမှတ် လက္ခဏာဖြစ်သည်။ နောက် အချက်မှာ တန်းတူညီမျှ ရှိမှုဖြစ်သည်။ သာတူညီမျှရှိသူများ စုပေါင်းနေထိုင်သည့် အသိုက်အဝန်း ကို ကိုယ်စားပြုမှု ဖြစ်သည်။ အမျိုးသားရေး အမှတ်လက္ခဏာ၏ နောက်ဆုံး လက္ခဏာ မှာ ပြည်သူများ အချုပ်အခြာ အာဏာပိုင် စိုးမှုဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေး အမှတ်လက္ခဏာ ဆိုသည်မှာ လောကီရေး မဟုတ် လောကုတ္တရာ ဖြစ်သည်၊ တန်းတူညီမျှမှုကို ကိုယ်စားပြုသည်၊ ပြည်သူများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လက်ခံသည်။

ယင်းကြောင့်ပင် ခေတ်သစ် ဒီမိုကရေစီ၏ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဘလူးပရင့် သို့မဟုတ် ရင်းမြစ်သည် အမျိုးသားရေး အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်ဟု ခံယူထားခြင်းဖြစ်သည်။

အမျိုးသားရေး အမှတ်လက္ခဏာ ကို ခွဲခြမ်း စိတ်ဖြာခြင်း

အမျိုးသားရေး အမှတ် လက္ခဏာ ဆိုသည်မှာ 'ဘာ' ဆိုသည့် မေးခွန်းသည် အမျိုးသားရေး ဝါဒ၏ အဓိက မေးခွန်း တစ်ရပ်ဖြစ်သည်။ အမျိုးသားရေး အုပ်စု တစ်ခု၏ အဖွဲ့ဝင် အဖြစ် မည်သည့် အတိုင်းအတာ ထိ ခံယူထားသည်ကို ယင်း မေးခွန်းက အဖြေပေးသည်။ ဤ ရေးသားချက်တွင် အမျိုးသားရေး အမှတ်လက္ခဏာ ဖန်တီး တည်ဆောက်မှု နှင့် ဆိုင်သည့် အကြောင်းများကို ဆွေးနွေးသွားမည်။ ယင်းသို့တည်ဆောက်ရာတွင် 'ငါတို့ အုပ်စုဝင်'၊ 'ငါတို့အုပ်စု ပြင်ပ လူ' ဆိုသည့် ခွဲခြားမှုများ လုပ်ဆောင်ရသဖြင့် ပြဿနာများစွာ ပေါ်ပေါက်နိုင်သည်။

အမျိုးသားရေး အမှတ်လက္ခဏာ ဖန်တီး တည်ဆောက်မှုသည် အလိုအလျောက် ပေါ်ပေါက်လာသည့် ဖြစ်စဉ် မဟုတ်ပေ။ သြဇာကြီးမားလှသည့် အဖွဲ့အစည်းများ၊ သတင်းစကားများ၊ သင်္ကေတများကို ရည်ရွယ်ချက်ရှိ ရှိ အသုံးပြုရန် လိုအပ်သည်။

အမှတ် လက္ခဏာ

ဗဟုစုံလင်မှု မှ နေ၍ အမှတ်လက္ခဏာ ကို သူ့အလိုလို မွေးထုတ်နိုင်မည် မဟုတ်ပေ။ အမှတ် လက္ခဏာ ဆိုသည်မှာ အုပ်စု သဘောဆောင်ခြင်းကြောင့် ဗဟုစုံလင်မှုကို ခွဲခြားမှု အဖြစ် ပြောင်းလဲပစ်ရန် လိုသည်။ ထို့ကြောင့် အုပ်စု အမှတ်လက္ခဏာ တည်ဆောက်မှု မှန်သမျှတွင် မည်သူသည် အုပ်စုဝင်၊ မည်သူသည် အုပ်စုဝင် မဟုတ်ဟု ခွဲခြား သတ်မှတ်မှု လိုသည်။

အမျိုးသားရေး အမှတ်လက္ခဏာ နှင့် ပတ်သတ်လျင် မေးရန်လိုသည်မှာ အမျိုးသားရေး အုပ်စု တစ်ခုလုံး ကို လွမ်းခြုံသည့် အမျိုးသားရေး အမှတ်လက္ခဏာ လိုအပ်သလား ဆိုသည့် မေးခွန်းဖြစ်သည်။ အုပ်စု တစ်ခုတွင်း ပါဝင်လိုခြင်းသည် လူသားများတွင် အခြေခံကျကျ အမြစ်တွယ်နေသည့် စိတ်ဖြစ်သည်ဟု အလွယ်ဖြေနိုင်သည်။ ( ယင်း အချက် နှင့် ပတ်သတ်သည့် အသေးစိတ် အချက်များကို ဤ နေရာတွင် ရှင်းလင်း ပြောကြားသွားမည် မဟုတ်ပေ။ )

ခေတ်သစ်အယူအဆကို လက်ခံကြသူများ အနေနှင့် အမျိုးသားရေး အုပ်စုများသည် မကြာသေးခင်ကမှ ပေါ် လာသည်ဟု ထောက်ပြကြမည်ဖြစ်သည်။ ရှေးကနဦး အစ အယူအဆ ကို လက်ခံကြသူများ အနေနှင့် ယင်းအမြင်ကို လက်ခံမည် မဟုတ်ဘဲ အမျိုးသားရေး အုပ်စုဝင် ဖြစ်မှု နှင့် အမျိုးသားရေး အမှတ် လက္ခဏာသည် တစ်ထပ်တည်းဖြစ်ရမည်ဟု ခံယူထားသည်။

အမျိုးသားရေး အမှတ်လက္ခဏာ ဟု အဓိပ္ပာယ်ဖွင့်ဆိုမှုကြောင့် အချို့သူများသည် အုပ်စုဝင် မဖြစ်နိုင် တော့ဘဲ သတ်မှတ်ချက် နှင့် ကိုက်ညီသူသာ အုပ်စုဝင် ဖြစ်နိုင်တော့သည်။ အမျိုးသား နိုင်ငံတော်များသာ အများစု ရှိသည့် လောကတွင် ယင်းကဲ့သို့အုပ်စုဝင် ဖြစ်ခြင်း မဖြစ်ခြင်းသည် အခွင့်အရေး တန်းတူရရှိမှု၊ ရုပ်ဝတ္ထု ရင်းမြစ် လက်ခံ ရရှိမှုများတွင် အရေးပါသော နေရာမှ ပါဝင်နေသည်။

ယင်းသို့သော အုပ်စုဝင် ပိုင်းခြား သတ်မှတ်မှုများကို မည်ကဲ့သို့လုပ်ဆောင်သနည်း။ နဂိုရှိပြီးသား ဖြစ်သည့် ပိုင်းခြားမှုများ အပေါ် အခြေခံ တည်ဆောက်ခြင်း ဖြစ်သလား။ ပိုင်းခြားမှု အသစ်များ ကို ဖန်တီးသလား။ မည်သူ၏ ဆုံးဖြတ်ချက် နှင့် လုပ်ဆောင်သနည်း စသည့် မေးခွန်းများ ပါဝင်လျက်ရှိသည်။

အမျိုးသားရေး အမှတ်လက္ခဏာ ဆိုသည်မှာ အများပြည်သူများ၏ နေ့စဉ် ဘဝ နှင့် ကင်းလွတ်၍ အထီးတည်း တည်ရှိနေခြင်း မဟုတ်ဘဲ နေ့စဉ်ဘဝများတွင် ပါဝင် ပတ်သတ်လျက်ရှိသည်။ အမျိုးသားရေး အလံများ၊ တူညီဝတ်စုံများ၊ လေယာဉ် တံဆိပ်များ၊ မြေပုံများ၊ နိုင်ငံတော် သီချင်းများ၊ အမျိုးသားရေး လက္ခဏာ အဖြစ် သတ်မှတ်ထားသည့် ပန်းပွင့်များ၊ ရိုးရာ အစားအစာများ၊ ဗိသုကာ လက်ရာများ၊ အခမ်းအနားများ၊ ပွဲတော်များ စသည်တို့တွင် တွေ့နိုင်သည်။

ယင်းသို့ဆိုသဖြင့် ပြည်သူများသည် အီလိခ်များ၏ ပုံသွင်းမှုများကို ခေါင်းငုံလက်ခံသည်ဟု မယူဆနိုင်ပေ။ အမျိုးသားရေး အမှတ်လက္ခဏာများကို မြှင့်တင်ရန် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးပမ်းလေ့ရှိသော်လည်း ယင်းသို့သော ရိုက်သွင်းမှုများကို ပြည်သူများက လက်ခံလိမ့်မည်ဟု ကံသေကံမ မပြောနိုင်ပေ။

အဆိုပါ အစဉ်တစိုက် ပုံသွင်း ရိုက်သွင်းမှုများကြောင့်လည်း အမျိုးသားရေး အမှတ်လက္ခဏာ ဆိုသည်မှာ ဖန်တီး တည်ဆောက်ထားသည့် အရာဟု မယူဆကြတော့ဘဲ 'တသက်မှတ်တည်း မပြောင်းမလဲ' ရှိ နေသည့်အရာဟု ယူဆလာကြခြင်းဖြစ်သည်။ အမျိုးသားရေး အမှတ်လက္ခဏာ ဆိုသည်မှာ ဘာ၊ သမိုင်းကြောင်း အောင့်မေ့ဖွယ်ရာ များ မှာ ဘာ ဆိုသည်ကို မစဉ်းစားတော့ဘဲ ပုံသွင်းပေးထားသည့်အတိုင်းသာ စဉ်းစားလေ့ ရှိတော့သည်။

လူတစ်ဦးချင်းဆီတွင် မတူညီသည့် အမှတ်လက္ခဏာများ ရှိနေနိုင်ပြီး ယင်းအရာများသည် အမျိုးသားရေး ဝါဒီ များ ပုံဖော်ထားသည့် အမျိုးသားရေး အမှတ်လက္ခဏာ နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်များလည်း ရှိနိုင်သည်။

'ငါတို့' ဆိုသည့် အမျိုးသားရေး အမှတ်လက္ခဏာကို ပုံဖော်မှု၊ 'တခြားသူများ' ဟု တံဆိပ်ကပ်မှုမှ တစ်ဆင့် လည်း အမျိုးသား အုပ်စုဝင် မဟုတ်သည့် ပြင်ပလူများကို ရှုံ့ချပြောဆိုမှုများ ပေါ်ပေါက်လာနိုင်သည်။ ယင်းသို့သော အမြင်ပေါ်ပေါက်လာစေရေး လူထုကို လှုံဆော်ရန် လိုအပ်သည်။ ယင်း အမြင် ရရှိရေးအတွက် အမျိုးသားရေး အမှတ်လက္ခဏာသည် မပြောင်းမလဲ တည်ရှိနေသည့် အရာဟု ရှုမြင်ခံရရန် လိုသလို၊ အရာအားလုံးထက် ပိုမို ဦးစားပေးခံရရန်လည်း လိုသည်။ အခြားသော အမှတ်လက္ခဏာများ ရှိနေလျင်လည်း အမျိုးသားရေး အမှတ်လက္ခဏာလောက် ဦးစားပေးမခံရရန်၊ အရေးပေး မခံရရန်လိုသည်။ ထို့ကြောင့် အမျိုးသားရေး အမှတ် လက္ခဏာ သည် အရာရာကို လက်ဦးမှု ယူရန်လိုအပ်သည်။

အမျိုးသားရေး အုပ်စုများ အတွက် အသက်စွန့်ရန် ( စွန့်လွတ်မှုများ လုပ်ဆောင်ရန် ) လူပေါင်းများစွာ အသင့် ရှိနေရသည့် အကြောင်းတရားမှာ အောက်ပါ အတိုင်းဖြစ်သည်။ မိသားစု အရေး၊ မိမိတို့လူမှု အသိုက်အဝန်း အရေး နှင့် ပတ်သတ်လျင် လူသားများတွင် ခံစားမှု ကြီးကြီးမားမား ရှိနေတတ်ပြီး ယင်း စိတ်ပိုင်းဆိုင်ရာ ခံစား ချက်ကို အမျိုးသားရေး အမှတ်လက္ခဏာ နှင့် အမျိုးသာရေး ဝါဒက အုတ်မြစ် တစ်ခု အဖြစ် ရယူ အသုံးချ ထားသဖြင့် အမျိုးသားရေး အတွက် စွန့်လွှတ်မှုများ လုပ်ဆောင်ရန် အသင့်ရှိနေခြင်းဖြစ်သည်။

အမျိုးသားရေး အုပ်စု နှင့် လူတစ်ဦးချင်း စီသည် တစ်ထပ်တည်းကျလျက်ရှိသည်ဟု ပုံဖော်လေ့ရှိခြင်းကြောင့် လည်း ယင်းသို့သော စိတ်ခံစားမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ တစ်သီးပုဂ္ဂလ လူသားများ အနေနှင့် ပြောဆိုရာတွင် သုံးလေ့ရှိသည့် အကျင့်စရိုက်၊ အပြစ်ရှိမှု၊ ရှင်သန်မှု၊ ကိုယ့်ဘဝ ကိုယ်စီမံခြင်း၊ အကျိုးစီးပွား စသည့် အသုံးအနှုန်းများကို အမျိုးသားရေး အုပ်စုများ နှင့် ဆိုင်သည့် နေရာများတွင် အခက်အခဲမရှိ သုံးနှုန်း နေခြင်းကို ကြည့်ပါက သိသာသည်။

အမျိုးသားရေး အမှတ်လက္ခဏာ နှင့် နိုင်ငံတော်ကြားတွင် ချိတ်ဆက်မှု ရှိလာသည့်အခါတွင် လူမှုနေထိုင်မှု ပုံစံ တစ်ရပ်သာမကတော့ဘဲ ရုပ်ဝတ္ထုပစ္စည်းများ၊ အခွင့်အရေးများ လက်ခံရရှိမှုနှင့်ပါ ဆိုင်လာသည်။ သို့ဖြင့် အုပ်စုဝင် များအပေါ် ဆက်ဆံမှု၊ နိုင်ငံသားများ အပေါ် ဆက်ဆံမှု၊ နိုင်ငံခြားသားများ အပေါ် ဆက်ဆံမှုတို့ ကွဲပြားလာမည်ဖြစ်သည်။

ယခင်ကတည်းက ခိုင်ခိုင်မာမာ အမြစ်တွယ်တည်ရှိလာသည့် မတူကွဲပြားမှုများ အပေါ် အခြေမခံပါက အမျိုးသားရေး အုပ်စုဝင် မဟုတ်သူများ အပေါ် ခွဲခြား ဆက်ဆံမှု အပေါ် ခိုင်လုံစွာ ဆင်ခြေပေးနိုင်မည် မဟုတ်ပေ။ ယင်းကဲ့သို့ခိုင်မာရေး ကြိုးပမ်းရာတွင် အသုံးပြုသည့် နည်းလမ်း တစ်ရပ်သည် လူမျိုး ( race ) သို့မဟုတ် တိုင်းရင်းသား ( ethnicity ) ဖြစ်မှု အပေါ် အခြေခံ၍ အမျိုးသားရေး အမှတ် လက္ခဏာ ကို တည်ဆောက်ခြင်းဖြစ်သည်။

လူမျိုး နှင့် လူမျိုးရေး ဝါဒ ( Race and Racism)

လူမျိုးရေး ဝါဒ နှင့် အမျိုးသားရေး ဝါဒ တို့မတူညီဟု အချို့က ဆိုသည်။ လူမျိုးရေးဝါဒ သည် အပျက်သဘော ဆောင်သည်၊ အမုန်းတရား နှင့် အကြောက်တရားတို့ဖြင့် မောင်းနှင်လျက်ရှိသည်ဟု ဆိုသည်။ အမျိုးသားရေး ဝါဒ မှာ အပြုသဘောဆောင်သည်၊ ချစ်ခြင်း မေတ္တာ၊ ဖန်တီးမှု တို့ဖြင့် မောင်းနှင်လျက်ရှိကာ ပိုမို ကောင်းမွန်သည့် ဘဝ ပေါ်ထွန်းလာရေး ရည်မှန်းသည်ဟု ဆိုသည်။

သို့သော်လည်း အမျိုးသားရေး ဝါဒ ပေါ်ထွန်းလာမှု အထူးသဖြင့် ဥရောပ တိုက်တွင်း ပေါ်ထွန်းလာမှု တွင် လူမျိုးရေး ဝါဒ က အရေးပါသည့် ကဏ္ဍမှ ပါဝင်နေခြင်းကြောင့် ယင်းကဲ့သို့ ခွဲခြားမှု လုပ်ဆောင်ရန် ခက်ခဲ မည်ဖြစ်သည်။

လူမျိုးရေး အပေါ် အခြေမခံဟုဆိုသည့် အမျိုးသားရေး ဝါဒ ( Civic Nationalism ) တွင်ပင် လူမျိုးရေး ဝါဒ ကို တစ်ခါတစ်ရံ တွေ့နိုင်သည်။ ဗြိတိန် နိုင်ငံတွင်းရှိ သြစတြေးလျများ၊ ပြင်သစ် နိုင်ငံတွင်းရှိ ဆွစ်များ၊ ဂျာမနီ နိုင်ငံ ရှိ သြစတြီးယားများ အပေါ် မြင်သည့် အမြင်သည် အဆိုပါ နိုင်ငံများရှိ ဘင်္ဂလားဒေ့ရှ်များ၊ အယ်ဂျီးရီးယန်းများ၊ တာ့ခ်များ အပေါ်ထားရှိသည့် အမြင် နှင့် အစဉ်သဖြင့် တူညီနိုင်မည် မဟုတ်ပေ။

အမျိုးသားရေး ဝါဒ ကြောင့် အမျိုးသားရေး အုပ်စုများ ပေါ်ထွန်းလာသည်ဟု အချို့က လက်ခံထားသကဲ့သို့ပင် လူမျိုးရေး ဝါဒ ကြောင့် လူမျိုး များ ပေါ်လာခြင်းဖြစ်သည်။ လူသားများကို လူမျိုးအုပ်စုများ အဖြစ် ဇီဝဗေဒ ပညာရပ်ကို အခြေခံပြီး ခွဲခြမ်းရန် မဖြစ်နိုင်ကြောင်း သိပ္ပံပညာက ပြသထားပြီးဖြစ်သည်။ ထို့ကြောင့် ဇီဝဗေဒပိုင်းအရ ကွဲပြားမှု (အချို့ကိုသာ) လူမျိုးရေး ဝါဒီများက အသုံးချပြီး လူမျိုး အုပ်စုများ အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ဆိုသဖြင့် အမျိုးသားရေး ဝါဒ နှင့် လူမျိုးရေး ဝါဒ တူသည်ဟု မဆိုလိုပေ။ အမျိုးသားရေး တွေးခေါ်မှု တွင်းသို့လူမျိုးရေး ခွဲခြားမှု မည်သည့် ပမာဏထိ ပေါင်းဝင်လျက်ရှိသည်ကို သမိုင်းရေး အချက်အလက်၊ နိုင်ငံရေး အကြောင်းတရား၊ လူမှုဗေဒ ဆိုင်ရာ အချက်များက အဖြေပေးမည်ဖြစ်သည်။

ဂျူးလူမျိုးပေါင်း သန်းပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည့် ဟိုလိုကတ် ဖြစ်ရပ် အပြီးတွင် (ဥရောပ၌ ) အမျိုးသားရေး ဝါဒ ကို လူမျိုးရေး အပေါ် အခြေခံရန် လွန်စွာ ခက်ခဲသွားပြီဖြစ်သည်။ သို့သော်လည်း လူမျိုးရေး ဝါဒ သည် နိုင်ငံရေး မြေပုံပေါ်မှ ကွယ်ပျောက်သွားခြင်းမရှိပေ။ ယင်းအစား ပို၍ တွေ့ရများလာသည်မှာ လူမျိုးရေး အပေါ် အခြေခံထားသည့် အမျိုးသားရေး ဝါဒ မဟုတ်ဘဲ တိုင်းရင်းသားဖြစ်မှု ( ethnicity ) အပေါ် အခြေခံထားသည့် အမျိုးသားရေး ဝါဒ ဖြစ်သည်။

တိုင်းရင်းသားဖြစ်မှု ( ethnicity )

တိုင်းရင်းသားဖြစ်မှု သဘောတရားသည် လူမျိုးရေး ဝါဒ နှင့် မတူဘဲ ၂၀ ရာစုတွင်မှ လူမှုရေး သိပ္ပံပညာရပ် တွင် ပေါ်ထွက်လာသည့် သဘောတရား ဖြစ်သည်။ လူမျိုးရေး ဝါဒ ကို သီအိုရီပိုင်းအရရော ( လူမျိုး အုပ်စုများ တည်ရှိမှုကို သိပ္ပံနည်းကျ သတ်သေပြနိုင်ခြင်းမရှိ ) နိုင်ငံရေးအရပါ ( နာဇီ ဝါဒ အပြီးတွင် ) လက်ခံနိုင်ခြင်း မရှိသည့်အတွက် တိုင်းရင်းသား ဖြစ်မှု အယူအဆ ပေါ်ထွက်လာခြင်းဖြစ်သည်။

၁၈ ရာစု ဉာဏ်အလင်းသစ် လှုပ်ရှားမှု အပြီးတွင် ပေါ်ထွက်လာသည့် တစ်လောကလုံးကို လွမ်းခြုံနိုင် သည် ဆိုသည့် ရည်မှန်းချက်များကို တန်ပြန်ရန် တိုင်းရင်းသားဖြစ်မှု အယူအဆ ပေါ်ထွက်လာခြင်းဖြစ်သည်။ လူသားများကြားတွင် အမြစ်တွယ်လျက်ရှိသည့် မတူကွဲပြားမှုများရှိနေသည့်အတွက် လူသားအားလုံး အတူတူဟု လက်ခံရန် မဖြစ်နိုင်ဟု ငြင်းချက်ထုတ်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။

သို့ဖြင့် တိုင်းရင်းသားဖြစ်မှုသည် အမျိုးသားရေး အုပ်စုဝင် ဖြစ်မူ မတိုင်ခင် တည်ရှိနေသည့်အရာ ဖြစ်လာပြီး အမျိုးသားရေး အုပ်စု အပေါ် ဝင်ရောက် လွမ်းမိုးတော့သည်။ တိုင်းရင်းသားဖြစ်မှု ကို မည်သို့မည်ပုံ အဓိပ္ပာယ်ဖွင့်မည် ဆိုသည့် အမြင် နှင့် အတူ အမျိုးသား အုပ်စုဝင် ဖြစ်မှု အပေါ် ထားရှိသည့် အမြင်လည်း အလိုက်သင့် လိုက်ပါ ပြောင်းလဲလာသည်။

အစွန်းတစ်ဖက်တွင်ရှိသည့် အမြင်မှာ မျိုးရိုး ဗီဇ အားဖြင့် တစ်ဆက်စပ်တည်းရှိမှုကသာ တိုင်းရင်းသား ဖြစ်မှု ကို ဆုံးဖြတ်ပေးမည်ဟု ဆို သည်။ ယင်းသို့ဖြင့် အမျိုးသား အုပ်စုဝင်ဖြစ်မှုကိုလည်း မျိုးရိုး ဗီဇ တူမှုဖြင့် အကဲဖြတ်ကြမည်ဖြစ်သည်။ တိုင်းရင်းသားဖြစ်မှုကို Òသွေးစစ်Ó မှု အပေါ် အခြေခံ ဖွင့်ဆိုမှု မျိုးကို ပညာရှင်များ စွာက စွန့်ပယ်ခဲ့ပြီး ဖြစ်သည်။

နောက် တစ်မျိုးမှာ တိုင်းရင်းသားဖြစ်မှုကို ဇီဝဗေဒ အပေါ် အခြေမခံဘဲ ( တစ်သားတည်းဖြစ်သည် ဟူသော ) ယုံကြည်မှု၊ ယဉ်ကျေးမှု အပေါ် အခြေခံထားသည်။ ယင်းကဲ့သို့သော ယုံကြည်မှုမှာလည်း အချိန် နှင့် အမျှ တိုးပွားလျက်ရှိနေပြီး အချိန်၏ တိုက်စားမှုကို ခံနိုင်သည်ဟု ဆိုသည်။ တိုင်းရင်းသား အုပ်စု တစ်ခု တွင် ( တုနှိုင်းမရနိုင်သည့်၊ အထူးသီးသန့်လက္ခဏာ ဆောင်သော ) ဘိုးဘေး စဉ်ဆက် လက်ဆင့်ကမ်းလာသည့် ဇီဝပိုင်းဆိုင်ရာ အရည်အသွေးများရှိပြီး ယင်းကပင် အဆိုပါ တိုင်းရင်းသား အုပ်စု၏ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို ဆုံးဖြတ်ပေးသည်ဟု ပညာရှင် အန်တိုနီ စမစ် ( Anthony Smith ) က ဆိုသည်။ ယင်းသို့သော တိုင်းရင်းသား အုပ်စု ကို လူမျိုးရေး အုပ်စု ဟု မကြာခဏ မှားယွင်း မိရခြင်းသည် လူမျိုးရေး အိုင်ဒီရော်လော်ဂျီများ ကျယ်ကျယ်ပြန့်ပြန့်လွမ်းမိုးထားသဖြင့်ဟု ဆိုသည်။ ယင်းကဲ့သို့မှားယွင်းမှုကို ငြင်းပယ် ရမည်ဟု စမစ်က ထောက်ပြထားသည်။

တိုင်းရင်းသား ဖြစ်မှုကို တည်ဆောက်ခြင်း

တိုင်းရင်းသား အုပ်စု တစ်ခု အတွက် အဓိက လိုအပ်သော အရည်အသွေး ၆ ရပ် ရှိသည်ဟု စမစ်က ဆိုသည်။

၁-အားလုံးကို လွမ်းခြုံ ခေါ်ဆိုသည့် အများဆိုင်နာမည် တစ်ခု

၂- တူညီသော ဘိုးဘေးတို့ထံမှ ဆင်းသက်လာသည်ဟူသော ဒဏ္ဍာရီ

၃-အတူမျှဝေ လက်ခံထားသည့် သမိုင်းဆိုင်ရာ အကြောင်းအရာများ

၄- တူညီသော ယဉ်ကျေးမှု

၅- သီးသန့်တည်ရှိနေသော အမိမြေ တစ်ခု နှင့် ချိတ်ဆက်ထားမှု

၆- တစ်သားတည်းဖြစ်သည်ဆိုသော ခံစားချက်ကို အုပ်စုတွင်းရှိ လူအချို့လက်ခံထားမှု

ယင်းကဲ့သို့သော သတ်မှတ်ချက် ၆ ချက် သည် အမျိုးသား အမှတ်လက္ခဏာ အပေါ် အဓိပ္ပာယ် စမစ် ဖွင့် ဆိုထားသည့် အချက် ၃ ရပ် နှင့် တူညီလျက်ရှိသည်။

၁- သမိုင်းဆိုင်ရာ နယ်မြေ သို့မဟုတ် အမိမြေ

၂- တူညီသည့် ဒဏ္ဍာရီ တစ်ခု၊ သမိုင်းဆိုင်ရာ အကြောင်းအရာများ

၃- တူညီသည့် လူထု ယဉ်ကျေးမှု တို့ဖြစ်သည်။

ယင်းသို့သော ဖွင့်ဆိုချက်များ နှင့် ပတ်သတ်၍ ပြဿနာ များစွာရှိနေသည်။

ပထမ အချက်မှာ တိုင်းရင်းသား အသိုက်အဝန်း တစ်ခု၏ ထူးခြားသော ဝိသေသများသည် ယခင်ကတည်းက သီးခြား ကင်းလွှတ်တည်ရှိနေသည်ဟု မှတ်ယူလိုက်မှုဖြစ်သည်။ အမှန်မှာ တိုင်းရင်းသား အုပ်စုများဟု ခွဲခြား လိုက်မှုမှ ကြောင့်သာ ထူးခြားသည့် ဝိသေသများ ပေါ်ထွက်လာခြင်းဖြစ်သည်။

ဒုတိယ အနေနှင့် ယင်းကဲ့သို့ခွဲခြား သတ်မှတ်မှုရာတွင် မည်သည့်အရာကို အခြေခံ၍ ရွေးခြယ်မည် ဆိုခြင်းမှာ လွန်စွာ အရေးကြီးသည်။

လက်တွေ့တွင်မူ နိုင်ငံရေး အီလိခ်များသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် တိုင်းရင်းသား လက္ခဏာ ဆိုသည် မှာ မပြောင်းမလဲ တရားသေရှိနေသည့်အရာဟု ထင်မှတ်လာစေရန် ပုံဖော်ခဲ့ကြခြင်းဖြစ်သည်။ တဖန် အမျိုးသားရေး လက္ခဏာ အများစုသည် တိုင်းရင်းသား ဖြစ်မှု အပေါ် အခြေခံထားသဖြင့် ယင်းတို့ နှစ်ခုကြား ကွာဟချက်မှာ မှုန်ဝါးလျက်ရှိသည်။ အမျိုးသားရေး လှုပ်ရှားမှု များစွာသည် တိုင်းရင်းသားဖြစ်မှု အပေါ် အခြေခံ ထားသော်လည်း အမေရိကန်၊ မော်ရစ်ရှ နိုင်ငံတို့ရှိ အမျိုးသားရေး ဝါဒသည် တိုင်းရင်းသားဖြစ်မှု အပေါ် အခြေမခံဘဲ civil right အပေါ်တွင်သာ အခြေခံသည်။

ယဉ်ကျေးမှု၊ ယုံကြည်မှု နှင့် အမျိုးသားရေး အမှတ်လက္ခဏာ

တိုင်းရင်းသားဖြစ်မှု တွင် အာဏာဖြင့် ဝင်ရောက် စွက်ဖက်မှုများ၊ မညီမျှမှုများ ပါဝင်နေသည်ဟု ဆိုလျင် အမျိုးသားရေး အမှတ်လက္ခဏာကို မည်သည့် အုတ်မြစ်ပေါ် အခြေပြု တည်ဆောက်ကြမည်နည်း။ ယင်း မေးခွန်း၏ အဖြေသည် Òယဉ်ကျေးမှုÓ ပင် ဖြစ်သည်ဟု အချို့က ပြောကြားလေ့ရှိသည်။ အမှတ်လက္ခဏာ နှင့် တိုင်းရင်းသားဖြစ်မှု အယူအဆများတွင် ယဉ်ကျေးမှု သည် အရေးပါသည့် နေရာမှ ပါဝင်နေကြောင်း အထက်ဖော်ပြပါ ရေးသားချက်များအရ သိရှိရပြီးဖြစ်သည်။

( အမျိုးသားရေး အမှတ်လက္ခဏာများ ကို ဖန်တီး တည်ဆောက်ထားသည်ဟု ယူဆကြသည့် ) ခေတ်သစ်ဝါဒီများက တိုင်းရင်းသားဖြစ်မှု ဆိုသည့် ယူဆ ချက်ကို ဆန့်ကျင်သော်လည်း အမျိုးသားရေး အုပ်စုဝင်များ ကြားလုံး လက်ခံသည့်၊ မျှဝေ ကျင့်သုံးသည့် အမျိုးသား ယဉ်ကျေးမှု၊ ယုံကြည်မှု တစ်ရပ်ရှိသည်ဟု ခံယူထားသည်။

( အမျိုးသားရေး အမှတ်လက္ခဏာများ လွန်စွာ ရှေးကျသည့် ကာလတစ်ရပ်တွင် ပေါ်လာသည်ဟု ယူဆသည့် ) ကြားကာလ ဝါဒီများကမူ အမျိုးသားရေး အုပ်စု တစ်ခု၏ ယဉ်ကျေးမှု တည်တန့်ခိုင်မြဲမှုသည် လွန်စွာအရေးပါ သည်ဟု ခံယူသည်။ ခေတ်သစ် အမျိုးသားရေး အုပ်စုများသည် သမိုင်းရှည်ကြာ တည်ရှိနေသည့် တိုင်းရင်းသားအုပ်စုများ၊ ယဉ်ကျေးမှုများ အပေါ် အခြေတည်လာခြင်းဖြစ်သည်ဟု ယူဆသည်။ တစ်သွေးတစ်သားတည်းဖြစ်မှု၊ တူညီသည့် မျိုးရိုးမှ ဆင်းသက်လာမှုတို့ကို ကိုင်စွဲထားသူများဖြစ်သည်။ ယင်းအရာများကသာ ယဉ်ကျေးမှု စည်းနှောင်မှုကို ခိုင်မာစေသည်ဟု ခံယူသည်။

မူလ အစ ကတည်းက အမျိုးသားရေး လက္ခဏာများ တည်ရှိနေသည်ဟု ယူဆသူများအတွက်လည်း ယဉ်ကျေးမှုသည် အရေးကြီးသည်။ မည်သည့် အရာအပေါ် အခြေခံ၍ အမျိုးသားရေး အမှတ်လက္ခဏာ များကို ခေတ်သစ် ဝါဒီများ ဖန်တီးပုံဖော်ကြသနည်း။ ယခင်ရှိရင်းစွဲ ယဉ်ကျေးမှု များ အပေါ် အခြေခံရခြင်း ပင် မဟုတ်သလော။ ရှေးကျသည့် ယဉ်ကျေးမှု၊ ဘိုးစဉ်ဘောင်ဆက် တည်ရှိလာသူများ အပေါ် အခြေမပြုဘဲ မည်သို့ဖန်တီးပုံဖော်မည်နည်း။ စသည်ဖြင့် မူလ အစ ဝါဒီများက မေးခွန်းထုတ်လေ့ရှိသည်။

အမျိုးသား ယဉ်ကျေးမှု၏ အစိတ်အပိုင်းများ (Components of the national culture?)

ယဉ်ကျေးမှု နှင့် အမျိုးသားရေး အမှတ်လက္ခဏာကြား ဆက်နွယ်မှု အကြောင်းပြောလျင် ဘာသာစကား၊ အောင့်မေ့ဖွယ်ရာများ၊ သမိုင်းကြောင်း၊ ဒဏ္ဍာရီ၊ နယ်မြေ စသည်တို့ပါဝင်လာလေ့ရှိသည်။

ဘာသာစကားသည် ရှောင်လွှဲမရသည့် ကြားခံဖြစ်ပြီး ယင်း ကြားခံမှ တစ်ဆင့် အသိပညာပိုင်း၊ စိတ်ဝိဉာဏ်ပိုင်း၊ အနုပညာပိုင်း လှုပ်ရှားမှုများကို လုပ်ဆောင်ရခြင်းဖြစ်သည်။ ထို့အပြင် ဘာသာစကားဆိုသည့် ကြားခံဖြင့် အဓိပ္ပာယ်များ၊ တန်ဖိုးများ၊ ယုံကြည်မှုများကို လက်ဆင့်ကမ်းရခြင်းဖြစ်သည်။

အောင့်မေ့ဖွယ်ရာများ၊သမိုင်းကြောင်း နှင့် ဒဏ္ဍာရီတို့သည် အမျိုးသားရေး အုပ်စု တစ်ခု၏ သီးသန့်ယဉ်ကျေးမှု၊ ကြိုးပမ်းအားထုတ်မှု၊ ပြုမှု လုပ်ကိုင်မှု၊ အလေ့အထ ပေါ်ထွက်လာစေသည့် အတိတ်ကာလ ဖြစ်စဉ်များ အကြောင်းဖြစ်သည်။

အမျိုးသားရေး အုပ်စု တစ်ခု၏ ကိုယ်ပိုင် နယ်မြေဆိုသည်မှာ အထက်ဖော်ပြပါ လုပ်ဆောင်ချက်များ ပေါ်ထွန်းရာ ရုပ်ပိုင်းဆိုင်ရာ နေရာ ဖြစ်သည်။

ပညာရှင်များ၏ အခန်းကဏ္ဍ

အမှတ်လက္ခဏာများကို ရှာဖွေဖော်ထုတ်သူများသည် ပညာရှင်များဖြစ်သည်။ ဘာသာစကား ကို သုတေသနလုပ်၊ စံ သတ်မှတ်ပေးသူများမှာလည်း ပညာရှင်များပင်ဖြစ်သည်။ သမိုင်းကြောင်းကို ရေးသားသူ၊ နယ်မြေ ပိုင်းခြားမှုများ လုပ်ဆောင်ရေး အထောက်အထားများကို တူးဖော်သူများမှာလည်း ပညာရှင်များ ပင်ဖြစ်သည်။ အမျိုးသားရေး ဟင်းပွဲ အတွက် ယဉ်ကျေးမှု အသားတုံးကို ရှာပေးသူမှာ ပညာရှင်များ ပင်ဖြစ်သည်။ အမျိုးသားရေး သဘောတရားများ ဖန်တီးခြင်း၊ ပြန်လည် ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်သူများလည်းဖြစ်သည်။ ဘာသာစကားများကို ဖော်ထုတ်ခြင်း၊ စံ သတ်မှတ်ခြင်း၊ အဘိဓာန် နှင့် သဒ္ဒါ တို့ပြုစုခြင်းတို့ကို စာပေပညာရှင်များ၊ ပညာရှင်များ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ အတိတ်သမိုင်းကြောင်း ဖော်ထုတ်မှု၊ အလိုရှိသည့် ပုံစံ တစ်ခု အဖြစ် ပုံဖော်မှုတို့ကို သမိုင်းပညာရှင် များ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့လုပ်ဆောင်မှုများသည် အမျိုးသားရေး ဝါဒ အဆင့် ( ၁ ) ဖြစ်သည်ဟု Hroch က ဖြစ်သည်။ အဆိုပါ အဆင့်တွင် ပညာရှင်များသည် သီးခြား ကြိုးပမ်းလုပ်ဆောင်မှုများကို ၎င်းတို့ဘာသာ သီးသီးသန့်သန့် လုပ် ဆောင်ခဲ့ကြသည်။ အမျိုးသားရေး ဝါဒ အဆင့် ( ၂ ) တွင် ပညာရှင်များ တူးဆွထားသည့် အရာများကို အမျိုးသားရေး လှုပ်ရှားမှုများတွင် ယူငင်အသုံးပြုကြသည်။ ယင်းသို့သော လှုပ်ရှားမှုများတွင် ပညာရှင်များ ကြီးကြီးမားမား ပါဝင် ပတ်သက်လျက်ရှိသည်။ ဗဟို နှင့် အရှေ့ဥရောပတွင် ၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်း နိုင်ငံရေး လှုပ်ရှားမှုများတွင်သမိုင်းပညာရှင်များစွာ ပါဝင်လှုပ်ရှားခဲ့သည်။

ယင်းကဲ့သို့ပညာရှင်များဘက်တွင် စိတ်အားတက်ကြွမှု ရှိခြင်းကြောင့်လည်း နိုင်ငံတော် နှင့် လူ့အဖွဲ့အစည်း တွင်းရှိ အင်အားကြီးမားလှသော နိုင်ငံရေး အင်အားစုများက ၎င်းတို့၏ ကြိုးပမ်းအားထုတ်ချက်များကို ရယူ အသုံးပြုရေး လွယ်ကူသွားခြင်းဖြစ်သည်။ နိုင်ငံရေးအင်အားစုများ ဝင်ရောက် လုပ်ဆောင်ခြင်းမရှိပါက ပညာရှင်များ၏ ကြိုးပမ်းလုပ်ဆောင်ထားချက်များသည် သက်ရောက်မှု အနည်းငယ်သာရှိမည်ဖြစ်သည်။

ဘာသာစကား

ဘာသာစကားသည် အမျိုးသားရေး ပရောဂျက်များ၏ အရေးပါသော နေရာတွင်ရှိနေသည်။ စိတ်ကူးယဉ်ဆန်သော အမျိုးသားရေးဝါဒ (Romantic Nationalism) ကို ဟာဒါး ( Von Herder ) က ဖော်ထုတ်လိုက်ပြီးနောက် တွင် အမျိုးသားရေး အမှတ်လက္ခဏာ နှင့် အမျိုးသားရေး အကျင့်လက္ခဏာတို့ကို ကိုယ်စားပြုသည့် အရာအဖြစ် ဘာသာစကား ကို မှတ်ယူလာကြသည်။ ယင်းအမြင် အားဖြင့်ဆိုပါက ဘာသာစကားသည် ဂုဏ်ရောင်ပြောင် သော အတိတ် နှင့် ပြည်သူများ၏ စစ်မှန်သော သဘော သဘာဝ ကို ချိတ်ဆက်ထားသည့်အရာဖြစ်သည်။

မတူညီသည့် လူအုပ်စု အသီးသီးတွင် မတူညီသည့် ဘာသာစကားများရှိသည်ဟု အလွယ်တကူ ယူဆ နိုင်မည်ဖြစ်သည်။ သို့သော် ဘာသာစကားကွဲပြားမှု ဆိုသည်မှာ ခေတ်သစ် အယူအဆ တစ်ရပ်သာဖြစ်သည်။ ထို့အပြင် ကွဲပြားခြားနားမှု သည် သီးသန့်သဘော ဆောင်မှုလည်း မဟုတ်သေးပေ။ ဘာသာစကား ကို အသုံးပြုပြီး သီးသန့်ဖြစ်မှုကို မသတ်မှတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော မည်သည့် ဘာသာစကား ကို မည်သူမဆို Òမူ အားဖြင့်Ó သင်ယူလေ့လာနိုင်သည့်အတွက်ဖြစ်သည်။ ထို့ကြောင့် မည်သည့် အတွက် ဘာသာစကား ဆိုသည့် သတ်မှတ်ချက်ကို အသုံးပြုပြီး Òငါတို့အဖွဲ့ဝင်Ó Òငါတို့အဖွဲ့ဝင် မဟုတ်သူÓ ဆို သည့် သတ်မှတ်ချက်ကို ပြုလုပ်သနည်း။

ယင်းသို့သော သီးသန့်သဘောဆောင်မှု ပေါ်လာစေရန် ဘာသာစကား တစ်ခုကို အခြား တစ်မျိုးထက် ပိုမို ဦးစားပေးခြင်း၊ ခွဲခြား ဆက်ဆံခြင်းတို့လုပ်ဆောင်ပေးရသည်။ နိုင်ငံတော် စပွန်ဆာပေး သည့် အမျိုးသားရေး ဝါဒ အထွတ်အထိပ် ရောက်ချိန်တွင် အီလိခ်များရော၊ တန်ပြန် အီလိခ်များပါ မိမိ၏ ပြိုင်ဘက် ဘာသာစကား များကို အပြိုင်အဆိုင် ရှုံ့ချ၊ ကန့်သတ်လေ့ရှိသည်။

တရုတ် ပြည်တွင်းစစ်တွင် အရေးနိမ့်သဖြင့် ထိုင်ဝမ်ကျွန်းသို့ထွက်ပြေးလာသည့် ကူမင်တန် များသည် ထိုင်ဝမ်ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး ပြည်မကြီးကို ပြန်လည် သိမ်းယူနိုင်ရန် ကြံစည်ခဲ့သည်။ ထို့အတွက် ကျွန်းသားများ၏ အခွင့်အရေးကို ပိတ်ပင်ထားမြစ်ခဲ့သည်။ ယင်းသို့ပိတ်ပင်သည့် အထဲတွင် ထိုင်ဝမ်ဘာသာစကား ပိတ်ပင်မှုလည်း ပါဝင်ပြီး မန်ဒရင်း တရုတ် ဘာသာ ကိုသာ ဖိအားပေးအသုံးပြုစေခဲ့သည်။ အလားတူပင် ထိုင်ဝမ် ဘာသာစကားကို ဆက်လက် အသုံးပြုနိုင်ရေးသည်လည်း ကျွန်းသားများ၏ ဒီမိုကရက်တစ် လှုပ်ရှားမှု ဖြစ်လာတော့သည်။ ဘာသာစကား အခွင့်အရေးသည် အမျိုးသားရေး ဝါဒ နှင့်သာမက ဒီမိုကရေစီ အခွင့်အရေး၊ လွတ်လပ်ရေးတို့နှင့်လည်း ချိတ်ဆက်နေသည်ကို ထိုင်ဝမ် ဥပမာက ပြသလျက်ရှိသည်။

အောင့်မေ့ဖွယ်ရာများ၊ သမိုင်းကြောင်း နှင့် ဒဏ္ဍာရီ

ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသည့် ဘုံ ဘာသာစကား ဆိုသည့် အိုင်ဒီယာ အပြင် အမျိုးသားရေး သဘောတရား အတွက် အရေးပါသော အဓိက အစိတ်အပိုင်း တစ်ရပ်သည် တစ်စုတစ်စည်းတည်းရှိ သည့် အမျိုးသား အတိတ်သမိုင်းကြောင်းပင်ဖြစ်သည်။

ဘုံ အတိတ်သမိုင်းကြောင်း တစ်ခုကို ကျွနိုပ်တို့အားလုံး မျှဝေ လက်ခံထားရသည်ဆိုသည့် အမြင်ဖြင့် အမျိုးသားရေး အတိတ်သမိုင်းကြောင်းကို ဖန်တီးခြင်းဖြစ်သည်။ ယင်းသို့သော အတိတ်သမိုင်းကြောင်း များကို အောင့်မေ့သတိရရာတွင် အောင့်မေ့သည့် သမိုင်းဖြစ်စဉ် တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့ အပေါ် မူတည်၍ ပုံစံ နှစ်မျိုးရှိသည်။ ပထမ ဖြစ်စဉ်တွင် အတိတ်သမိုင်းကြောင်း အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒုတိယ ပုံစံတွင် တကယ်မရှိနိုင်သည့်၊ မဖြစ်နိုင်သည့် အတိတ် ဒဏ္ဍာရီ အပေါ် အောင့်မေ့သတိရခြင်းဖြစ်သည်။ သို့သော်လည်း ယင်းသို့သော အတိတ်သမိုင်းကြောင်း နှင့် ဒဏ္ဍာရီကြား ကွဲပြားခြားနားမှု သိပ်မရှိပေ။ ထို့ကြောင့်လည်း အမျိုးသား အမှတ်လက္ခဏာ၏ အဓိက အချက် တစ်ရပ် အနေနှင့် Òဘုံ ဒဏ္ဍာရီ၊ သမိုင်း အောင့်မေ့ဖွယ်Ó တို့ကို smith က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယင်းသို့သော ကြိုးပမ်းမှုများတွင် အခက်အခဲများ ရှိနေသည်။ ဆန္ဒစွဲကင်းသည့် ဓမ္မဓိဌာန် ကျသော သမိုင်းကြောင်းသည် အမြဲတန်း ပြသနာဖြစ်စေသည်။ ထို့ကြောင့် အတိတ်သမိုင်း တစ်မျိုးမျိုးကို ဖော်ထုတ်မည်ဆိုပါက မိမိအလိုအတိုင်း ရွေးခြယ်မှုများ၊ ဖန်တီးပုံဖော်မှုများ လုပ်ဆောင်ကြလေ့ရှိသည်။ မည်သို့သော နောက်ခံ အခြေအနေအောက်တွင် သမိုင်းကြောင်းကို ရေးသားသည်ကိုသိရန် လိုသည်။ သမိုင်းကြောင်းကို သမိုင်းပညာရှင်များရေးသားခြင်းဖြစ်သော်လည်း ယင်းသမိုင်းကြောင်းသည် အဆိုပါ သမိုင်းပညာရှင် ရှင်သန်ကြင်လည်လျက်ရှိသည့် လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုပိုင်း ထွတ်ကုန်ဖြစ်သည်ဟု ရှုမြင်ပါက အကျိုးများမည်ဖြစ်သည်။ အမျိုးသားရေး ဝါဒီများသည် ၎င်းတို့လုပ်ဆောင်လျက်ရှိသည့် လူမှု အင်ဂျင်နီယာ စီမံကိန်း နှင့် ကိုက်ညီမည့် အတိတ်သမိုင်းများကို ဖန်တီးရန် အားသန်လေ့ရှိသူများဖြစ်သည်ဟု Hobsbawm က သုံးသပ်ထားသည်။ ထို့ကြောင့်လည်း အမျိုးသားရေး လက္ခဏာ တည်ဆောက်မှု လုပ်ငန်းစဉ်တွင် အစဉ်အလာများ၊ ထုံးစံများကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခြင်း၊ လိမ်ညာလှည့်ဖျားခြင်းတို့ကို တွေ့နိုင်သည်။

သို့သော်လည်း Hobsbawm နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖတ်များ၏ အမြင်သည် လွန်စွာ အကြမ်းထည်ဆန်လှသည်၊ လူသားများ၊ သမိုင်းကြောင်းများကို စိတ်တိုင်းကျ ပုံဖော်နိုင်သည်ဟု ယူဆ ခြင်းသည် စိတ်ကူးယဉ်ဆန်လှသည်ဟု အချို့က ဝေဖန်လျက်ရှိသည်။ အစဉ်အလာများ၊ ဒဏ္ဍာရီများကို ဖန်တီးပုံဖော်ထားသည်ဆိုသဖြင့် ၎င်းတို့တွင် သြဇာကြီးလှသည့် အကျိုးသက်ရောက်မှု မရှိဟု မဆိုလိုနိုင်ပေ။ အစဉ်အလာများ ကို ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းတို့သည် အလိပ်အညာများဖြစ်သည်ဟု ပြသမှုသည် ဇာတ်၏ အဆုံးသတ် မဟုတ်ပေ။ အမျိုးသားရေး သမိုင်းစဉ် ကြီးသည် အချက်အလက် မှားယွင်း လျက်ရှိသည်ဟု ပြသရုံဖြင့် အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှု ကျရှုံးသွားမည် မဟုတ်ပေ။ သီးခြား ယဉ်ကျေးမှု အုပ်စု တစ်ခု တွင် ပါဝင်သည်၊ တိုင်းရင်းသား အမှတ်လက္ခဏာ တစ်ခု ပိုင်ဆိုင်ထားသည်ဟု အုပ်စုဝင်များ ( ဆန္ဒစွဲဖြင့် ) ယုံကြည်ရုံံဖြင့် ( ဆန္ဒစွဲကင်းသည့် ) လက်တွေ့လူမှု-နိုင်ငံရေး အချက်အလက် ဖြစ်လာနိုင်သည်။

မှားယွင်းသည့် အတိတ် အချက်အလက် အပေါ် အခြေခံထားသည်ဆိုရုံခြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု တစ်ရပ် အားပျော့သွားမည် မဟုတ်ပေ။ သမိုင်းဝင် အမျိုးသားရေး အုပ်စု အပေါ် အခြေခံထားသည် ဆိုသည့် ကြွေးကြော်မှုကိုသာ သိသိသာသာ အားပျော့စေမည်ဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပုံဖော်မှုများကို ဂုဏ်ပြု အောင်ပွဲခံနေမည့် အစား သေသေချာချာ သုံးသပ်သင့်သည်။ အစဉ်အလာ ယုံကြည်မှုများ အတိတ် ကာလတွင် မည်သို့ပေါ်ထွန်းခဲ့သည်။ လက်ရှိတွင် မည်သို့သက်ရောက်လျက်ရှိသည်ကို လေ့လာသင့်သည်။

ဒဏ္ဍာရီများ နှင့် ပတ်သက်လျင်လည်း လူ့အဖွဲ့အစည်း နှင့် အုပ်ချုပ်မှု အဝန်းအဝိုင်း တစ်ခုတွင်း ၎င်းတို့ထမ်းဆောင်လျက်ရှိသည့် လုပ်ဆောင်ချက်များ ကို သုံးသပ်သင့်သည်။ လူမှု စေးကပ်မှု နှင့် လူမှု ဖွဲ့စည်းပုံများ တရားဝင်လာစေရေးတွင် ဒဏ္ဍာရီများက လုပ်ဆောင်ပေးလျက်ရှိသည်။ ဒဏ္ဍာရီများ သည် ကျိုးကြောင်းဆီလျှော်မှု မရှိ၊ အချက်အလက်အားဖြင့် ခိုင်မာမှု မရှိသော်လည်း အာဏာနှင့် ဆက်နွယ်လျက်ရှိသည်။ သီးသန့်ဖြစ်တည်လျက်ရှိသည်ဆိုသည့် အချက် ကို ဒဏ္ဍာရီများဖြင့် အားဖြည့် ပေးထားခြင်းဖြစ်သည်။ မိမိတို့အမျိုးသားရေး အုပ်စု ဆိုသည့် အမြင်ကို ဒဏ္ဍာရီများဖြင့် တည်ဆောက် ထားခြင်းဖြစ်သည်။ အမျိုးသားရေး ဝါဒ နှင့် အမျိုးသားရေး အမှတ်လက္ခဏာ တို့သည် ကျိုးကျော် ဆီလျှော်မှု ပေါ် အခြေ မတည်ဘဲ စိတ်ခံစားမှုပိုင်း တွယ်ညှိမှု အပေါ် အခြေတည် လည်ပတ်လျက်ရှိခြင်းကြောင့် ဒဏ္ဍာရီ များ အပေါ် အာရုံစိုက်မှု မှ တစ်ဆင့် ၎င်းတို့၏ လည်ပတ်ပုံကို ပိုမို နားလည်လာနိုင်စေသည်။

အမျိုးသားရေး အမှတ်လက္ခဏာ ပုံဖော်ရေးတွင် ဒဏ္ဍာရီ အနေနှင့် နေရာ အသီးသီးမှ ပါဝင်နိုင်သည်။ နယ်မြေ နှင့် ချိတ်ဆက်နေသည့် ဒဏ္ဍာရီကြောင့် နိုင်ငံရေးရာ စေ့စပ်မှုများ လုပ်ဆောင်ရေး မဖြစ်နိုင်တော့ပေ။ ကံကို ယုံကြည့်ဝါဒ၊ အရာအားလုံးကို ခေါင်းငုံခံသည့် အမြင်တို့ကို အားပေးသည့် ကယ်တင်ခြင်း အယူအဆ၊ နာကြင်ခံစားရမှုတို့နှင့် ချိတ်ဆက်ထားသည့် ဒဏ္ဍာရီကြောင့် အထက်အောက် အမိန့်ပေးမှု ကို လက်ခံခြင်း၊ အာဏာရှင်စနစ်ကို လက်ခံခြင်းတို့ပေါ်ထွက်လာနိုင်သည်။ ရွေးကောက်ခံရမှု နှင့် ဆိုင်သည့် ဒဏ္ဍာရီများ ကြောင့် ကျင့်ဝတ်ပိုင်း၊ ယဉ်ကျေးမှုပိုင်း သာလွန်မှု ကို လက်ခံလာစေသည်။ ပြန်လည် မွေးဖွားမှု၊ ပြန်လည် ဆန်းသစ်မှုကို လက်ခံသည့် ဒဏ္ဍာရီကြောင့် အတိတ်ကာလက လုပ်ဆောင်ခဲ့သည့် မတရားမှုများကို လက်မခံ ခြင်း ဖြစ်နိုင်သည်။ တိုင်းရင်းသားဖြစ်မှု၊ ရှေးကျမှု၊ ဆွေစဉ်မျိုးဆက်ဖြစ်မှု တို့နှင့် ပတ်သတ်နေသည့် ဒဏ္ဍာရီ ကြောင့် အုပ်စုတစ်ခုက အခြား အုပ်စု တစ်ခုထက် သာလွန်သည်ဆိုသော အမြင်များ ပေါ်ထွက် လာစေနိုင်သည်။

အမျိုးသားရေး ဒဏ္ဍာရီ တစ်ခုစီတိုင်း ကို လေ့လာသုံးသပ်ရန် ဤနေရာတွင် မဖြစ်နိုင်သော်လည်း အချို့သော ဥပမာများကို ဖော်ပြသွားလိုသည်။ ဆဲတစ် လူမျိုးတို့သည် ရှေးယခင်ကတည်းက တည်ရှိနေခြင်းဖြစ် ပြီး ယနေ့အထိ မျိုးရိုးစဉ်ဆက် တည်ရှိလာသည်ဆိုသော ယုံကြည်မှုမျိုးဖြစ်သည်။ အစောပိုင်း ဥရောပ တိုက်တွင် ဆဲတစ် လူမျိုးဟု မိမိကိုယ်ကိုယ် ခံယူထားသူများ မရှိကြချေ။ ခေတ်သစ် ကာလ ၁၉ ရာစု နောက်ပိုင်းမှ စတင်ပြီး ဆဲတစ် လူမျိုးဇစ်မြစ်၊ ဆဲတစ် ယဉ်ကျေးမှု တို့ကို စိတ်ကူးယဉ်ဆန်ဆန် ဖော်ထုတ်မှု ပေါ်ထွက် လာခြင်းဖြစ်သည်။

အတိတ်အကြောင်းသည် သမိုင်းပညာရှင်များ နှင့်သာ ဆိုင်သည်မဟုတ်ဘဲ ရှေးဟောင်းသုတေသနပညာ ရှင်များ နှင့်လည်း ဆိုင်လျက်ရှိသည်။ ခေတ်သစ် ရှေးဟောင်း သုတေသနပညာ ထွန်းကားလာမှုသည် အမျိုးသားရေး ဝါဒ ဖွံဖြိုးလာမှု နှင့် နီးနီးစပ်စပ် ဆက်နွယ်လျက်ရှိသည်။ ရှေးဟောင်း တိုင်းရင်းသား ဗဟိုချက် မရှိသည့် အမေရိကန် ကဲ့သို့သော အမျိုးသား တိုင်းပြည်များတွင် သမ္မတများ၏ အုတ်ဂူများ၊ ဝါရှင်တန် မြို့တော် စသည်တို့ကိုယ်တိုင် အမျိုးသားရေး အထိမ်းအမှတ်များဖြစ်လာသည်။

နယ်မြေ နှင့် ရှုခင်း

အထွတ်အမြတ်ထားသည့် နယ်မြေ တစ်ရပ် အတွက် အသက်ပေးရန်၊ စွန့်လွှတ်ရန်၊ စတေးခံရန် ပြည်သူများ ကို စည်းရုံးလှုံဆော်လေ့ရှိသည်။ ယင်းသို့သော အမျိုးသားရေး အမိမြေဆိုသည့် ခံယူချက်ပေါ်လာစေရန် ပန်းချီဆရာများ၊ ကဗျာဆရာများ၊ ဂီတပညာရှင်များ ဝင်ရောက်လုပ်ဆောင်လေ့ရှိသည်။ ယင်းကဲ့သို့နယ်မြေ ကို ယဉ်ကျေးမှု ပိုင်းအရ သရုပ်ဖော်ပြသမှုသည် ထင်ထားသည်ထက် ပိုမို ပြဿနာများလေ့ရှိသည်။ ယင်းသို့ပုံဖော်မှုသည် တောင်ကုန်းများ၊ တောင်တန်းများ၊ တောင်ကြားဒေသများ၊ စမ်းချောင်းလေးများ အကြောင်း သက်သက်သာမကပေ။ ရှုမျှော်ခင်းများကို သင်္ကေတ အဖြစ် အသုံးပြုပြီး အမျိုးသားရေး အုပ်စု တစ်ခု၊ ၎င်း၏ တန်ဖိုး၊ ၎င်း၏ ယဉ်ကျေးမှု၊ ၎င်း၏ စရိုက်လက္ခဏာများကို ပုံဖော်ရခြင်းဖြစ်သည်။

ဤနေရာတွင် အမျိုးသားရေး အမှတ်လက္ခဏာ တွင် မည်သည့်အတွက် နယ်မြေများ၊ သဘာဝ တရားများ ပါဝင် နေသနည်းဟု မေးရန်လိုလာသည်။ အမှတ်လက္ခဏာကို အဘယ်ကြောင့် နယ်မြေသဘောဆောင်အောင် လုပ်ဆောင်သနည်း။ အခြားသော အကြောင်းတရားများ မပါဘဲ နယ်မြေ သက်သက်ကိုသာ တွယ်ကပ် အောင် လုပ်ဆောင်နိုင်မလား။ အထွက်အမြတ်ထားသည့် နယ်မြေသည် အများအားဖြင့် ကျေးလတ် ဒေသများ ဖြစ် နေတတ်ပြီး အဘယ်ကြောင့် မြို့ပြဒေသ မဖြစ်ရသနည်း။ ဘိုးဘေးများ မြှပ်နှံထားသည့် နေရာဖြစ်ခြင်းကြောင့် နယ်မြေကို အလေးအမြတ်ထားရခြင်းဖြစ်သည်ဟု Michael Ignatieff က ဆင်ခြေပေးထားသည်။ တိုင်းရင်းသားဖြစ်မှု အခြေခံ အမျိုးသားရေး ဝါဒ တွင် ဂူသချိုင်းများသည် အထွတ်အမြတ်ထားသည့် အရာများ ဖြစ်နေလေ့ရှိသည်။

နယ်မြေများကို အထွတ်အမြတ်ထားအောင် လုပ်ဆောင်ခြင်းအတွက်ကြောင့်သာ အထွတ်အမြတ် ဖြစ်ခြင်း ဆိုသည့် ဂုဏ်ရည်ကို ပိုင်ဆိုင်လာခြင်းဖြစ်သည်။ ဒုတိယ ကမ္ဘာ စစ်အပြီးတွင် ပိုလန် ကွန်မြူနစ် ခေါင်းဆောင် ဂိုကူကာက ဆိုင်လီရှား နယ် ဝိုကလော ဒေသ အနီးတွင် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းတွင် ပေါ်ထွက်လာသည့် နယ်နိမိတ်သစ် နှင့် အထွတ်အမြတ်ထားသည့် ရှေးဟောင်း အတိတ်ကို ချိတ်ဆက်ပြော ကြားခဲ့သည်။ Òကြီးမြတ်တဲ့ သမိုင်းဖြစ်စဉ်တွေကြောင့် ကျွန်တော်တို့ရဲ့ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့ မြေနေရာကို ကျွန်တော်တို့မျိုးဆက် ရောက်ရှိလာရပါပြီ။ ဂျာမန်တွေ လိုသလို ပုံဖော်ထားတဲ့ သမိုင်းကြောင်း မရှိတော့ပါဘူးÓ ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်များကြား နယ်မြေပိုင်းခြား သတ်မှတ်ရာတွင် အတင်းအကြပ် ဖိအားပေးသည့် နည်းကို အသုံးပြု လေ့ရှိပြီး ယင်းသို့လုပ်ဆောင်ရာတွင် နယ်မြေကို အထွတ်အမြတ် ထားအောင် ဂုဏ်တင် လုပ်ဆောင် ခြင်းလည်း ပါဝင်လေ့ရှိသည်။ သမိုင်းတစ်လျှောက်တွင် စစ်ပွဲများ၊ သိမ်းပိုက်မှုများ၊ အမျိုးသားရေး အုပ်စုသစ် ပေါ်ထွန်းမှုများ ကြောင့် လူများ ရွေ့ပြောင်းနေထိုင်မှု ပေါ်ပေါက်လေ့ရှိသည်။ သို့သော်လည်း ခေတ်သစ်တွင် ပေါ်ပေါက်လာသည့် နယ်မြေကို အထွတ်အမြတ်ထားခြင်းဆိုသည့် လုပ်ဆောင်ချက်ကြောင့် နယ်မြေ အပြောင်းအလဲ ဖြစ်ခြင်း သဘောတရားမှုန်ဝါးသွားခဲ့ရသည်။ ဥရောပ နိုင်ငံများတွင် ခိုင်ခိုင်မာမာ သတ်မှတ် ထားသည့် နယ်မြေဟူ၍ မရှိခဲ့ဘဲ နိုင်ငံတော် ၁၀ ခု သာ ၁၈၉၉ ခုနစ်တွင် ရှိခဲ့သည့် နယ်နိမိတ် နှင့် ၁၉၈၉ ခုနစ် တွင် ပိုင်ဆိုင်ထားသည့် နယ်မိနိတ် တူညီလျက်ရှိသည်။ သတ်မှတ် ပိုင်းခြား ပြီးဖြစ်သည့် နယ်မြေ တစ်ခုကို Òသမိုင်းကြောင်းအရÓ ပိုင်ဆိုင်ပါသည်ဆိုသော တောင်းဆိုချက်ကို အဆိုပါနယ်မြေအပေါ် ပိုင်ဆိုင်ပိုင်ခွင့် အနည်းဆုံး ရှိသူက တောင်းဆိုလေ့ရှိသည်။

ထို့ကြောင့် အမျိုးသားရေး အမိမြေ ဆိုသည့် ယူဆချက်၏ နှလုံးသားဗဟိုချက်နေရာတွင်ရှိနေသည့် အထွတ်အမြတ်ထားရာ နယ်မြေ အရေးတွင် အငြင်းပွားဖွယ်ရာများစွာရှိနေသည်။ သမိုင်းဝင် နယ်မြေ အရေး နှင့် ပတ်သတ်လျင် နိုင်ငံရေးရာ ဝင်ရောက် စွက်ဖက်မှုများ ရှိနေခြင်းကြောင့် မြေပုံပညာရပ်ကို အသုံးပြုရုံ သက်သက်ဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ပေ။ မြေပုံရေးဆွဲမှုများသည်ပင် နိုင်ငံရေးရာအရ ဖြူဖြူစင်စင် နှင့် ဓမ္မဓိဌာန ကျကျ ရုပ်ဝတ္ထုများကို မှတ်တမ်းတင်ထားခြင်းမဟုတ်။ သမိုင်းဝင် နယ်မြေ အငြင်းပွားမှုမှ ဆင်းသက်လာသည့် လက်နက်ကိုင် ပဋိပက္ခများတွင် မြေပုံများကို အမြင်အသီးသီးဖြင့် ကိုင်စွဲလာကြ မည်ဆိုခြင်းကို မမေ့အပ်ပေ။

အနာဂတ် ရည်မှန်းချက်

အမျိုးသားရေး လှုပ်ရှားမှုများကို သမိုင်းကြောင်း၊ အတိတ် ဒဏ္ဍာရီတို့အပေါ်တွင်သာ အခြေပြုခြင်း မဟုတ်ဘဲ အနာဂတ် ရည်မှန်းချက်ပေါ်တွင်လည်း အခြေပြုလေ့ရှိသည်။ အမျိုးသားရေး အုပ်စု တစ်ခုဆိုသည်မှာ အနာဂတ် တစ်ခု ဖန်တီး တည်ဆောက်ရန် စုစည်းထားသည့် စိတ်ကူးယဉ် အသိုက်အဝန်း တစ်ခုပင်ဖြစ်သည်။ ယင်းသို့ သော အနာဂတ်ကို ပုံဖော်ရာတွင်လည်း မျိုးကွဲ အသီးသီးရှိနိုင်သည်။ အစ္စရေး၏ သားသမီးများ အတွက်မူ အမျိုးသားရေး တိုင်းပြည် တစ်ခု တည်ထောင်ရေးဖြစ်သည်။ Mazzini ၏ အလိုအရမူ လူသားမျိုးနွယ် တစ်ခု လုံးကို ပံ့ပိုးမှု အသီးသီးပေးဆောင်နိုင်မည့် အမျိုးသားရေးအုပ်စု အသီးသီး ထူထောင်ရေးဖြစ်သည်။ နာဇီ တို့အတွက်မူ နှစ်တစ်ထောင် တည်တန့်မည့် တတိယဂျာမန် နိုင်ငံတော် ထူထောင်ရေး ဖြစ်သည်။ ယင်းသို့သော အနာဂတ် ရည်မှန်းချက်ရှိခြင်းကြောင့် မိမိတို့သည်လည်း အနာဂတ် ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း လူတစ်ဦးတစ်ယောက်ခြင်းဆီက စိတ်ကူးပုံဖော်လာနိုင်သည်။ အမျိုးသားရေး အုပ်စု ဆိုသည့် အစုအဖွဲ့နှင့် ချိတ်ဆက်ထားသဖြင့် ၎င်းတို့၏ ဘဝများတွင်လည်း အဓိပ္ပာယ်များ၊ ရည်ရွယ်ချက်များ ပိုမို ပြည့်စုံလာ မည်ဖြစ်သည်။ ရည်ရွယ်ချက် တစ်ခုခု အတွက် ရှင်သန်နေခြင်းဖြစ်သဖြင့် သေဆုံးသွားလျင်ပင် ဆက်လက် ရှင်သန်ကျန်နေခဲ့သည်ဆိုသော ခံစားမှုကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့်ပင် အချို့သော ရည်မှန်းချက် အတွက် အသက်ပေးကြခြင်းဖြစ်သည်။

အမျိုးသားရေး ဝါဒ နှင့် ဘာသာတရားကြား ဆက်နွယ်မှုမှာလည်း အထူးသဖြင့် ခိုင်မာလျက်ရှိသည်။ အဖွဲ့ဝင်များ အတွက် အသက်စွန့်ပေးရန် အမျိုးသားရေး အုပ်စုများ၏ တောင်းဆိုမှုသည် ဘာသာရေးရာ အစဉ်အလာများ နှင့် ဆက်နွယ်လျက်ရှိသည်။ မိမိသေလွန်ပြီးသည့်နောက်တွင် မိမိ၏ စွန့်လွတ်မှုကို ဘာသာရေး အခမ်းအနားများ၊ ဂုဏ်ပြုပွဲများဖြင့် အောင့်မေ့သတိရနေမည်ဆိုပါက စွန် ့လွတ်မှု လုပ်ဆောင်မည့် သူများကို စည်းရုံးနိုင်မည်ဖြစ်သည်။ အသက်စွန့်ရန် အသင့်ရှိသည့် စစ်သားများ ၎င်းတို့၏ အလံတော်များကို စစ်မြေပြင်တွင်း သယ်ဆောင်သွားသကဲ့သို့ပင်ဖြစ်သည်။ အမျိုးသားရေး အုပ်စု တစ်ခု အတွက် အသက်စွန့်ရန် လူပေါင်းများစွာ အသင့်ရှိနေခြင်းကို အများစုက အံ့သြသင့်ကြသည်။ သို့သော်လည်း ယင်းသို့သော စွန့်လွတ်မှု လုပ်ဆောင်ရန် ကိုယ့်အသက် ကိုယ့် စွန့်ရသလို အခြားသူများ အသက်ကိုလည်း သတ်ဖြတ်ရသည်။ ယင်းတို့သည်ကား ပြဿနာများလှသော အမျိုးသားရေး အမှတ်လက္ခဏာကို ကာကွယ်စောင့်ရှောက်ရန်၊ ခိုင်မာ ကြံခိုင်စေရန် အတွက် လုပ်ဆောင်ရမှုတို့ဖြစ်သည်။

ဘာသာပြန်ဆိုသူ-အောင်ငြိမ်းချမ်း

ကိုးကား- (A Critical Introduction to Nationalism by Philip Spencer and Howard Wollman, Chapter (3) Nationalism, Culture and the politics of the Imagined )