Breaking News

နေစိမ့် - ရောင်းရန်ရှိသော နိုင်ငံတော်

ရောင်းရန်ရှိသော နိုင်ငံတော်

နေစိမ့်

(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၀


ဆိုင်းဘုတ်ကို ဘယ်သူတက်ချိတ်ထားတာလဲ

ဘယ်လောက်လဲ ဘယ်စျေးလဲ

ပွဲစားမလိုဘူး ဆိုပါလား

အလျော့အတင်းရှိသည် ပွဲစားမလို

တကယ်ကြီးလား

ရတဲ့စျေးနဲ့ရောင်းမယ်ဆိုတာ တကယ်ကြီလား

ဘာတွေဖြစ်ကုန်ကြပြီလဲ

မျိုးချစ်စိတ်စစ်စစ်နဲ့

ငရဲနှုတ်ခမ်းဝရောက်လုဆဲဆဲနိုင်ငံတော်

အနာဂတ်မျှော်ပြီ ကယ်တင်ထားသတဲ့

ဒေဝဒတ်သန္ဓေနဲ့

မီးဖိုချောင်ကိုတောင်အလွတ်မပေးချင်တဲ့သူက

သူရဲကောင်းတံဆိပ်နဲ့ မော်ကွန်းဝင်ချင်နေသေတယ်။ 


ဗိုလ်အောင်ဒင် လောကွတ်ချော်

လိမ်မော်သီးလား အခွံနွှာ

တစ်မွှာချင်းစားပါ အားရပါးရစားပါ

ဖရဲသီးတစ်လုံး ဆယ်ဘီးကားပေါ်က ခုန်ဆင်းလာ

ကွန်ကရစ်လမ်းပေါ် အစိတ်စိတ် အမွှာအမွှာ

စားကြပါ ဝဝလင်လင် သုံးဆောင်ပါလူကြီးမင်းများ

အခွံတွေ 

နိုင်ငံတော်အလံနဲ့အတူတူ ရောလွင့်နေတယ်။ 


နိုင်ငံတော်ရဲ့သေတမ်းစာဟာ

စာချုပ်တွေနဲ့ကြိုးကွင်းစွပ်လို့

ဧရာဝတီမြစ်ပေါ်က မြစ်ဆုံစီမံကိန်းပါတယ်

ဖုတ်ပူမီးတိုက် ထိုးစိုက်ထားတဲ့ တောအုပ်တွေပါတယ်

ကြေးနီတောင် လက်ပံတောင်းတောင် သတ္တုတွင်းတွေပါတယ်

ဖားကန့် ရတနာမြေပါတယ်

ကမ်းလွန်သဘာဝ ဓာတ်ငွေ့သိုက်တွေ ပါတယ်

ငြိမ်းချမ်းရေးကို ကျည်ဆံထဲ လိပ်ထည့်ထားတဲ့ စစ်ပွဲတွေ ပါတယ်

စစ်ပွဲနဲ့ခပ်လှမ်းလှမ်းက စစ်ဘေးရှောင်စခန်းတွေပါတယ်

အထွက်တိုး ဇွန်ဘီ မွေးမြူရေးခြံတွေ ပါတယ်

ဓနဂုဏ်နဲ့ နိုင်ငံတော်ဟာ စိတ်ကြီးဝင်ခဲ့တယ်။ 


နိုင်ငံတော်ကိုအာဏာသိမ်းထားတဲ့

၂၀၀၈ ခြေဥဇာတ်ညွှန်းအတိုင်း

ခေါင်းစဉ်သက်သက်

လူ့အခွင့်အရေး ဆွေးနွေးပွဲ

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရင်ကြားစေ့ညီလာခံ

ဖက်ဒရယ်ပြည်ထောင်စု မျှော်မှန်းချက်

အပစ်အခတ်ရပ်စဲရေး စားပွဲဝိုင်းတွေ့ဆုံပွဲ

နိုင်ငံရေး ဒေဝါလီစားဖားများ ညစာစားပွဲ

နိုင်ငံတော်ဟာ အထည်ကြီးပျက်ပလ္လင်ပေါ် အခန့်သားထိုင်

ဆိုင်းဘုတ်ကို ခိုးကြောင်ခိုးဝှက် ချိတ်လို့။


နိုင်ငံတော်ဝိညာဉ်မှာ 

ကျိန်စာသင့်နေတဲ့အတိတ်ဆိုး

ကိုလိုနီခေတ်ကတည်းက သံချေးတက်ဥပဒေ

မီးမကျွမ်းသေးတဲ့ တရားစီရင်ရေး

ဝမ်းဖောဝမ်းရောင်ဖြစ်လို့

အမှောင်ခေတ်ကြီးက ထိုးအန်လိုက်တဲ့

ရှစ်လေးလုံးအရေးတော်ပုံ သွေးကျောက်စာ

သေရွာပြန်သူများရဲ့ စင်တင်ပြဇာတ် ဇာတ်ဝင်ခန်း

ရှားလော့ဟုမ်း လက်လျှော့လိုက်ရတဲ့ သေမှုသေခင်း

ရဲဘော်မသေ သေသော် ငရဲမလား

တပ်မတော်သာ အမိ တပ်မတော်သာ အဖ

အပင်း ရိုက်သွင်းထားတဲ့ ဂါထာနဲ့။ 


မောင်စမ်းအေး(သဲကုန်း) ပြောသလို

ဆင်သေပြီ ဆိတ်ရေယူလာတော့

မိုးကြိုးပစ်မှ ထန်းလက်နဲ့ကာလိုက်ကြ

တောမီးကလောင်နေသမျှ

မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကိုချနင်း

မာရ်နတ်တွေ အထူးစီမံထားတဲ့သင်ရိုးက

ငရဲက ထုတ်နှုတ်ထားတဲ့ အဘိဓာန်

သင်္ကန်းဝတ်ကို သွေးရောင်ဆိုးပေးလိုက်တဲ့ ကျည်ဆံက

စေတီတည်တယ် သိမ်ဆောက်တယ်

သူတို့ချည်းပဲ ဘုရားဆုပန် ထားသလိုလို။ 


အမိနိုင်ငံတော်ကိုချစ်သည်

လက်ဖျံမှာ တက်တူးထိုးထားတဲ့စစ်သားလေးက

သေလုမျောပါး ဒဏ်ရာရာနေတုန်း

အမေ့ကိုအကြောင်းကြားပေးပါ စကားမဆုံးခင်

နိုင်ငံတော်ကို နှုတ်ဆက်သွားတယ်။ 


" အာဏာဟာ ကျည်ဆံက လာမှန်းအရသာရှိရှိ

အမဲရိုးနဲ့ တည့်တည့်တိုးခဲ့တဲ့ ခွေးလို "

(လွမ်းရုံ)


အားရပါးရ အူတုန်းဟောင်တုန်း

နိုင်ငံတော်ဟာ အရိုးကျနေပေမယ့်

အနံကြီး ကွင်းကျယ်ကွပ်ပြီး စျေးတင်

စျေးပေါင်ကျိုးနေတဲ့ ဒီမိုကရေစီ သွေးနုသားနုဟာ

ကျည်ဆံတွေကြားထဲ ရေတိမ်နစ်လို့..။


ကြုံလို့လှေကြုံလိုက်စီးရင်း

အကြောင်းသင့်ရင် ကိုယ့်အလောင်းကိုယ်ကောက်ရမယ်

အလောင်းကောက်ရင်း အပျင်းပြေ

နိုင်ငံတော်သီချင်း ညည်းချင်ညည်းနိုင်တယ်။ 


ခိုးရာပါပစ္စည်းဆိုတော့ အောက်စျေးနဲ့ပဲ

ရောင်းရန်ရှိတဲ့နိုင်ငံမှာ ရောင်းစရာဆိုလို့

အခွံချည်းပဲကျန်တဲ့ မီးဖိုချောင်

ကြောင်မှန်းကျားမှန်းမသိတဲ့ ရေဘဝဲတွေနဲ့

သက်သတ်လွတ်မစားတဲ့ 

ဘီလူးတွေနဲ့။


အရာရာပြီးဆုံးသွားရင်

နိုင်ငံတော်လည်း ရောင်းမထွက်သေးရင်

ရှေးဟောင်းနှောင်းဖြစ်

ပုံတိုပတ်စတွေ ဝေငှကြမယ်

တစ်ထောင့်တစ်ညတိုင်အောင်

လမ်းချင်းတူတဲ့ သူတွေတနေ့နေ့ ..။  ။ 

နေစိမ့်