Breaking News

ဉာဏကျော် - စစ်ကြီးပြီးတော့ ..(ကဗျာခံစားမှု)

စစ်ကြီးပြီးတော့ ..(ကဗျာခံစားမှု)

ဉာဏကျော်

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၀


တောင်ကုန်းမို့မို့လေးဟာ

တိုက်ပွဲကျသွားသူတွေ မြှုပ်ရင်း မို့လာတာ

ခြံထဲက ကျည်ဆန်ရာတွေနဲ့ သစ်ပင်ကြီး

သူ့ထက် အသက်ငယ်ကြောင်း

ဒဏ်ရာတွေကြည့်ရင်း နှစ်တွေရေတွက်


တောင်ကုန်းမို့မို့လေး။ တောင်ကုန်းမို့မို့လေး...။ တောင်ကုန်းမို့မို့လေးဟာ တိုက်ပွဲကျသွားသူတွေ မြှုပ်ရင်း မို့လာတာ တဲ့။ တောင်ကုန်းတွေ ဘယ်နှစ်ကုန်းလောက်များ မို့ခဲ့ပြီးပြီလဲ။ ကဗျာလေးထဲကလိုပဲ ကျွန်တော်မြင်နေရတဲ့ ဟိုးအဝေးက တောင်ကုန်းတွေမို့နေတာဟာလည်း တိုက်ပွဲကျသွားသူတွေကိုမြှုပ်ရင်း မို့လာတာများလား။ တိုက်ပွဲကျသွားသူတွေကရော ဘယ်သူတွေလဲ။ နှစ်ဖက်အသေအကြေ တိုက်နေကျတဲ့စစ်သားတွေလား။ သူတို့နှစ်ဖက်တိုက်ရင်း ကြားညှပ်သေဆုံးသွားခဲ့ရတဲ့ဒေသခံအပြစ်မဲ့ပြည်သူတွေလား။ တောင်ကုန်းလေးတွေ သဘာဝအတိုင်းပဲ မို့နေပါစေ။ တောင်ကုန်းလေးတွေ တိုက်ပွဲကျသွားသူတွေမြှုပ်ရင်း မို့မလာပါစေနဲ့လို့ ကျွန်တော်တောင်းဆုပြုမိပါရဲ့။

ကဗျာဆရာရဲ့အဘွားဟာ စစ်ဒဏ်ကို ခံခဲ့ရတယ်။ သူ့အိမ်ထဲက ကျည်ဆန်ရာတွေထင်းနေတဲ့ သစ်ပင်ကြီးဟာ သူ့ထက်အသက်ငယ်တယ်။ သစ်ပင်ကြီးပေါ်မှာ ဒဏ်ရာတွေရှိတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေရှိတယ်။ သူ့ရဲ့ စိတ်နှလုံးမှာလည်း ဒဏ်ရာတွေ ရှိနေပြန်တယ်။ အဲ့ဒီဒဏ်ရာတွေကိုကြည့်ရင်း သူဟာ နှစ်တွေကို ရေတွက်။ သူတို့တုန်းက ဖြစ်ခဲ့တဲ့စစ်ပွဲ ၊ သူတို့ခံစားခဲ့ရတဲ့ စစ်ဒဏ်၊နှစ်ပေါင်း ဘယ်လောက်ကြာသွားပြီလဲ။ သူတို့တုန်းက ဖြစ်ခဲ့တဲ့စစ်ကြီးကတော့ ပြီးသွားပါပြီလေ။ ဒါပေမဲ့...။


စစ်ကြီးပြီးတော့

အဘွားခမျာ စစ်ကြီးပြီးတော့လို့တွေးရင်း

ခုတော့ အဘွားလည်းမရှိတော့ပါဘူး

ကျွန်တော်တို့ စစ်ကြီးပြီးတော့လို့

မပြောနိုင်သေးတဲ့အခါ

အဘွားကို သတိရတယ်။ ။

ကဗျာဆရာကတော့ စစ်ကြီးပြီးတော့လို့ မပြောနိုင်သေးတဲ့အခါ သူ့အဘွားကို သတိရနေရှာတယ်။ ကျွန်တော်လည်း အဲ့ဒီအဘွားကို သတိရလိုက်တာဗျာ။ ကျွန်တော်တို့ စစ်ကြီးပြီးတော့လို့ မပြောနိုင်ရှာကြသေးဘူး။ စစ်ကြီးက ဖြစ်တုန်း။ လူတွေ သေနေကြတုန်း။မျော်လင့်ချက်တွေ ရှိနေကြတုန်း။ အိပ်မက်တွေ မက်နေကြတုန်း။ စိတ်ကူးတွေ ယဉ်နေကြတုန်း။ စစ်ကြီးပြီးတော့၊ စစ်ကြီပြီးတော့လို့ ကျွန်တော်တို့တွေ ဘယ်အချိန်မှပြောနိုင်ကြမှာလဲဗျာ။

၂။

တကယ်လို့ စစ်ကြီးပြီးသွားမယ် ဆိုရင်ပေါ့။ အမေ့အိမ်ကို တစ်ခေါက်လောက်တော့ အလည်ပြန်မယ်။ ကျွန်တော်စာသင်တဲ့ ကျွန်တော့်ကလေးတွေနဲ့ တောင် ယာတစ်ခင်းစိုက်မယ်။ ဆရာအင်အားမပြည့်စုံတဲ့ စာ သင်ကျောင်းလေးမှာရှိတဲ့ဆရာ၊ ဆရာမအင်အားလေးနဲ့ တတ်နိုင်သလောက် ကြိုးစားကြည့်မယ်။ မြို့ကလေးဆီ အပြေးသွားပြီး ကဗျာလေးတွေ ရေးမယ်။ တောင်ပေါ်ရွာလေးရဲ့ အနီးအနားက ရွာလေးတွေဆီ အလည်သွားမယ်။ တောင်ပေါ်ဒေသက လူတွေနဲ့ တောင်ယာခင်းတွေဆီ ဝဥ အတူးလိုက်မယ်။ ဟိုးအဝေးက တောင် ကုန်းတွေပေါ် အဖွဲ့လိုက်တက်ရင်း ခရီးထွက်ကြမယ်။ ညတိုင်း ညတိုင်း အိမ်ရှေ့မျက်နှာစာက ကွင်းပြင်လေးထဲ မီးဖိုလေးဖို၊ အတူဝိုင်းဖွဲ့ထိုင်ရင်း စကားတွေပြောကြမယ်၊ ဂစ်တာတီးကြမယ်၊ သီချင်းဆိုကြမယ်။ ရိုးရာပွဲတွေ လုပ်ကြမယ်။ စာအုပ်တွေ အဝယ်သွားမယ်။ စာကြည့်တိုက်လေးထဲမှာ စာအုပ်တွေ ဖတ်ကြမယ်။ ရွာအခြေက စမ်းချောင်းလေးထဲ ငါးမျှားကြမယ်။ ငါးဖမ်းကြမယ်။ ညနေခင်း ကျောင်းဆင်းသွားရင် ရေမိုးချိုးပြီး ကလေးတွေနဲ့အတူ တောင်တက်လမ်းလေးအတိုင်း လမ်းလျှောက်ထွက်ကြမယ်။ တောင်ပေါ်ရောက်တဲ့အခါ အဝေးက တောင် ကုန်းတွေကို လှမ်းအော်ပြီး စကားပြောကြမယ်။ မီးခိုးငွေ့တွေ တလူလူတက်နေတဲ့ တောင်ယာခင်းတွေကို တဝကြီး ငေးကြည့်ကြမယ်။ တောင်ကုန်းထိပ်က တဲကလေးတစ်လုံးထဲ အေးအေး လူလူနေရင်း တောင်းကုန်းလေးပေါ်မှာ ညအိပ်ကြမယ်။ တောကောင်တွေလာရင် တူမီးသေနတ်နဲ့ပစ်ကြမယ်။ ငှက်တွေအိပ်တန်း တက်တာကို ပုံပြင်လုပ်ပြောကြမယ်။ တောင်ကျရေစီးသံကို နားထောင်ရင်း ကိုယ့်ကိုလွမ်းနေတဲ့သူ၊ ကိုယ်လွမ်းနေတဲ့သူတွေကို တမ်းတကြမယ်။စစ်ကြီးပြီးသွားမယ်ဆိုရင်ပေါ့လေ။ စစ်ကြီး တကယ်ပြီးသွားမယ်ဆိုရင်ပေါ့လေ...။

၃။

ဟူး...ခုတော့ဗျာ။ ကျွန်တော်တို့မှာ စစ်ကြီးပြီးတော့လို့ မပြောနိုင်ရှာကြ။ မဖွင့်ဟနိုင်ကြ။ အိပ်မက်တွေ၊စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေနဲ့သာ ရှင်သန်နေကြရ။စစ်ကြီးက ဘယ်တော့မှပြီးမလဲ။ ဘယ်သူကမှ ရေရေရာရာ မသိကြ။ စစ်ကြီးက မပြီးတော့။ စစ်ကြီးကလည်း မပြီးသေးတော့။ စစ်ကြီးပြီးတော့လို့ တစ်ဦးတစ်ယောက်မှ မဖွင့်ဟနိုင်ကြရှာတော့။ စစ်ကြီး မပြီးသေးတော့...။ စစ်ကြီးပြီးတော့...။ ။

ဉာဏကျော်

= Poetry Wave, Vol- 5, Nov, 2018 တွင် ဖော်ပြပါရှိသည့် ကဗျာဆရာ သင်းရည်လွင်၏ "စစ်ကြီးပြီးတော့" ကဗျာကို ခံစားပါသည်။