Breaking News

သူခိုးက လူပြန်ဟစ်နိုင်သည့် ကယ်လီဖိုးနီးယားပြည်နယ်



သူခိုးက လူပြန်ဟစ်နိုင်သည့် ကယ်လီဖိုးနီးယားပြည်နယ်

(မိုးမခ) ဘာသာပြန်သတင်း၊ နိုဝင်ဘာ ၅၊ ၂၀၂၀

ကယ်လီဖိုးနီးယား၏ တိုးတက်သောအမြင်ရှိသူများက ကိုယ့်ပစ္စည်းသူများလာယူတာကို အားပေးအားမြှောက် လုပ်လာပါတယ်။ စျေးထဲက အလစ်သမားတွေကို ရာဇဝတ်သားတွေလို့ မသတ်မှတ်တော့ပါဘူး။ စျေးသည်က အလစ်သမားကို ဖမ်းရင် ဟိုက တရားပြန်စွဲလို့ရလာတယ်။ သည်တော့ ဆန်ဖရန်ထဲက ဝေါဂရင်းစတိုးဆိုင်ကြီးနောက်တခု ပိတ်လိုက်ရပြီ။ ဒီနှစ်အတွင်း ၇ဆိုင်မြောက်အဖြစ် ပိတ်လိုက်ရတာ ဘာကြောင့်ဆိုတော့ အလစ်သမားတွေ လုယက်သူတွေက ဆိုင်ကို လာမွှေသွားကြလို့ ဖြစ်ပါတယ်။ 

ဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပြီးသားပါ တဲ့။ ဆန်ဖရန်ခရိုနီကယ်သတင်းစာက အင်တာဗျူးတော့ စားသုံးသူတဦးက မှတ်ချက်ပေးပါတယ်။ အဲသည်ဆိုင်သွားတိုင်း အလစ်သမားတွေနဲ့ ပြသနာဖြစ်နေရတာချည်း တွေ့ရတယ်။ အလစ်သမားတွေ ပွဲတော်ကြီးတည်သလို ခိုးချင်တိုင်း ခိုးနေတာကို စားသုံးသူတဦးက ဓာတ်ပုံရိုက်ပြီး အွန်လိုင်း တင်ထားပါတယ်။ စျေးရောင်းသူအလုပ်သမားတွေကလည်း ဘာမျှ မတတ်နိုင်ဘူး။ ဝေါဂရင်းကလည်း ဒါကို ဝင်ပြီး မစွက်ဖက်တဲ့ ပေါ်လစီချထားတယ်။ သူ့လူတွေ ထိခိုက်မှာလည်း စိုးရိမ်တယ်၊ တရားအစွဲခံရမှာလည်း ကြောက်တယ်။ သည်တော့ သူခိုးတွေက စိတ်ကြိုက် ဝင်လိုက် ထွက်လိုက် ဆွဲသွားလိုက် ဖြစ်နေတာပေါ့။

စတိုးဆိုင်ပေါင်းများစွာဟာ အလစ်သမားကိုဖမ်းလို့ ပြန်တရားစွဲခံနေကြရပါတယ်။ အကြောင်းပြချက်ကတော့ လူမျိုးရေးခွဲခြားပြီး မတရားဖမ်းဆီးခံရတယ်ဆိုပြီး ပြန်တရားစွဲကြတယ် ဆိုပဲ။ ဆိုင်ကြီးတွေကလည်း နာမည်ပျက်မှာ၊ လျော်ကြေးငွေ အဆမတန် ပြန်ပေးရမှာကို မလိုလားပါဘူး။ 

အဲဒါကို ရှောင်လွဲဖို့ စျေးဆိုင်ကြီးများအနက် ဝေါမတ်၊ ဘလွန်းမင်းဒေး၊ ဂွတ်ဝီလ်တို့က ဆိုင်အလစ်သမားတွေကို အပြစ်ပေးတဲ့နည်းလမ်းအဖြစ် ဘ၀လမ်းညွှန်သင်တန်းတခုကို တက်ခိုင်းဖို့ ကြိုးပမ်းကြည့်ပါတယ်။ ပညာ ပေးတယ်ဆိုတဲ့သဘောပေါ့။ ဒါကို လိုင်စင်ယူဖွင့်တဲ့ သင်တန်းကျောင်းကို ဆန်ဖရန်မြို့တော်၏ အစိုးရရှေ့နေတွေက ဆက်ကြေးကောက်တယ်၊ မတရားချုပ်နှောင်တယ်ဆိုပြီး စွပ်စွဲပြီး တရားစွဲပစ်လိုက်ပါတယ်။ 

ကယ်လီဖိုးနီးယားမှာ အနှစ်ချုပ်ကတော့ ကိုယ့်ပစ္စည်းကိုယ်ကာကွယ်တာကိုက ရာဇဝတ်မှု မြောက်ပါတယ်။ တဘက်မှာတော့ အလစ်သမားတွေက လွတ်လပ်ရေးရနေကြပြီး အကြောင်းရင်းခံကတော့ ၂၀၁၄မှာ ပြဌာန်းလိုက်တဲ့ ပြည်နယ်ဥပဒေတခုကြောင့်ပဲ ဖြစ်ပါတယ်။ တန်ဖိုး ၉၅၀ ဒေါ်လာအောက် ရှိတဲ့ ပစ္စည်း ခိုးတာဟာ ရာဇဝတ်မှုမမြောက်ဘဲ သတိပေးရုံနဲ့ ပြီးတဲ့အမှုအသေးစားအဖြစ် သတ်မှတ်လိုက်ပါသတဲ့။ သည်တော့ ပုလိပ်တွေကလည်း သူခိုးတွေကို အချိန်အကုန်ခံပြီး ဖမ်းမနေတော့ဘဲ လွှတ်ထားလိုက်ပါတော့တယ်။

အဲသည်နောက်ပိုင်းမှာ သည်လိုအလစ်သုတ်မှုတွေ ကြီးထွားလာပြီး လုပ်ငန်းတွေလည်း ဘီလျံနဲ့ချီပြီး ဆုံးရှုံးကြရပါတော့တယ်။ အခု ၂၀၂၀ အမေရိကန်အထွေထွေ ရွေးကောက်ပွဲ၊ ကယ်လီဖိုးနီးယားပြည်နယ်အတွက် ဆန္ဒခံယူချက် (အဆိုပြုချက် အမှတ် ၂၀) က အဲသည်ဥပဒေကို ပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ ရာဇဝတ်မှုအဖြစ် ပြစ်ဒဏ်တိုးနိုင်ဖို့၊ အထူးသဖြင့် ဆက်တိုက်အလစ်သုတ်နေသူတွေကို အုပ်စုတွေကို ပစ်မှတ်ထားပြီး အရေးယူနှိမ်နင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအမှုအခင်းတွေက ဆန်ဖရန်မြို့မှာ ထူပြောလှနေပြီ ဖြစ်ပါတယ်။

သို့သော် ဒီအဆိုပြုချက်ဆန္ဒခံယူတာကို ဘယ်သူတွေက ဆန့်ကျင်ကန့်ကွက်နေကြသလဲ။  သမဂ္ဂတွေ ဆီလီကွန်တောင်ကြားက နည်းပညာသူကြွယ်ကြီးတွေထဲက ဘီလျံနာ တွန်ဆေးယား၊ ဖေ့စ်ဘွတ်ထူထောင်သူ မတ်ဇူကဘတ်လင်မယား၊ နက်ဖလစ် စီအီးအိုး ရိဒ်ဟေ့စတင်းတို့ ဖြစ်ကြပါတယ်။ တိုးတက်သောအမြင်ရှိသူတွေရဲ့ ပေါ်လစီတွေကြောင့် လူတွေကြားထဲ ကမောက်ကမဖြစ်တာဟာ အဲသည်သူဌေးတွေအတွက် ဘာမှထိခိုက်သွားမှာ မဟုတ်ပါ။ သို့သော် ကျန်တဲ့လူတွေကတော့ ထိခိုက်နစ်နာရပါတယ်။ 

Copyright 2020 Dow Jones & Company, Inc. All Rights Reserved. Wall street journals News article (2nd Nov 2020)

ဘာသာပြန်သူမှတ်ချက် - ဒီသတင်းစာက အမေရိကန်မှာ ဒေါ်နယ်ထရန့်နဲ့ ရီပတ်ဘလစ်ကန်တွေ၊ ရှေးရိုးစွဲတွေဘက်က အမြဲလိုက်တဲ့ ဖောက်စ်နယူးတို့ လက်အောက်က ဝေါစထရိဂျာနယ်သတင်းစာ အာဘော်ဖြစ်ပါတယ်။ သည်တော့ ဒီမိုကရက်တွေရဲ့ ပေါ်လစီတွေကို ပြစ်တင်ဝေဖန်တဲ့စောင်းကို ပေးပြီး ရေးထားတာကို သိနိုင်ဖို့ပါ။