ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း( ၄၃) ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်
ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း( ၄၃) ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်
ရန်နောင် (ဗိုလ်တထောင်) ။ (မိုးမခ)၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၀ ဆရာကြီးဟံသာဝတီဦးဝင်းတင်ကိုယ်တိုင် ဖွဲ့စည်းထူထောင်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေးအကျဥ်းသားများ၊ နိုင်ငံရေးအကျဥ်းသားဟောင်းများ၊ ဘဝတူစာနယ်ဇင်းသမားများနှင့် ၎င်းတို့၏မိသားစုများအား ယခင်နှစ်လတစ်ကြိမ်၊ ယခုနောက်ပိုင်း သုံးလတစ်ကြိမ် ထောက်ပံ့ငွေများပုံမှန်ပေးအပ်ခဲ့ရာ ယခုကိုဗစ်ကာလ အကန့်အသတ် အခက်အခဲများကြားမှ (၄၃)ကြိမ်မြောက်ထောက်ပံ့ငွေ ပေးအပ် နိုင်ခဲ့သည်။
အဆိုပါအစီအစဥ်တွင် လက်ရှိပခုက္ကူထောင်တွင်အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသူ မသဥ္ဇာသန်းမင်း အပါအဝင်၊ နိုင်ငံရေးအကျဥ်းသားဟောင်းနှင့် ဘဝတူစာနယ်ဇင်းသမား (၆) ဦး နှင့် NLD လူငယ်ဘုံရိပ်သာတို့အား ထောက်ပံငွေ (၁၈) သိန်း ထောက်ပံ့ပေးအပ်ခဲ့ရာ ၎င်းတို့ထဲမှ ( ရန်ကုန်မြို့မှ) ထောက်ပံ့ငွေရရှိသူ နိုင်ငံရေးအကျဥ်းသားဟောင်းနှစ်ဦးအား ဖောင်ဒေးရှင်းတာဝန်ရှိသူများက ပုဇွန်တောင်၊ လမ်း(၅၀)ရှိ ဖောင်ဒေးရှင်းဆေးခန်းတွင် ထောက်ပံ့ငွေ ၂၀၀,၀၀၀ိ/(နှစ်သိန်းကျပ်)စီ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်း ဖြစ်သူ ၊ ဖောင်ဒေးရှင်း၏ နာယကလည်း ဖြစ်သူ ၊ နိုင်ငံရေးအကျဥ်းသားဟောင်းလည်း ဖြစ်သူ စာရေးဆရာ၊ ဒါရိုက်တာ မောင်မိုးသူ အားလည်း ဂုဏ်ပြုထောက်ပံ့ငွေကို ဖောင်ဒေးရှင်း တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ် ခဲ့ကြောင်းလည်း ထပ်မံသိရှိရပါသည်။
ကျနော်တို့ ဒီနေ့ ထောက်ပံငွေ စုစုပေါင်း ၆ ဦး ပေးအပ်ခဲ့ပါတယ်။ ဘကြီးမိုးက. ဆရာကြီး ဟံသာဝတီဦးဝင်းတင် နဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ် ၊ သက်ရွယ်ကြီးမြင့်ပြီး နာမကျန်းလည်း ဖြစ်နေလို့ ငွေ သုံးသိန်းကျပ် ကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ် လှူဒါန်းခဲ့ပါတယ် ဟု ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင် က ပြောကြားခဲ့သည်။