Breaking News

အောင်ဝေး - ကို ဗ စ် ကာ လ ၊ စျာ ပ န



အောင်ဝေး -  ကို ဗ စ် ကာ လ ၊ စျာ ပ န

(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၀

မောင်လှိုင်
မင်းက ငါ့အောက်ငယ်တယ်
ညီလေးပေါ့။

မောင်လှိုင်
ငါက မင်းထက်ကြီးတယ်
အစ်ကိုကြီးပေါ့။

ညီလေးမောင်လှိုင်
မင်းက စစ်သား
အစ်ကိုကြီးအဖေကလည်း စစ်သား
ငါက စစ်သားသားသမီးပေါ့။

ငါ့အဖေ ကိုယ်ပိုင်နံပါတ်က
၄ ၅ ၂ ၁ ၆ ။ (ငါးလုံးတည်း)

ငါ့အဖေတပ်ရင်းက
ချင်း သ န က (၂)
ပထမ ပြည်
နောက် ညောင်လေးပင်
နောက်တော့ ပဲခူး
နောက်ဆုံး ပုသိမ်ပေါ့။

အစ်ကိုကြီးအဖေ
တရုတ်ဖြူကျူးကျော်သူတွေကို
တိုက်နေတုန်းက
အစ်ကိုကြီး မမွေးသေးဘူး။

အစ်ကိုကြီးအဖေက
ဗိုလ်မှူးချုပ်ကျော်ဇောကိုချစ်တဲ့
စစ်သားလေးပေါ့။

အဲဒီတုန်းက
မင်းလည်း ဘယ်မွေးလိမ့်ဦးမလဲ မောင်လှိုင်။

ငါ့ကို
ညောင်လေးပင်မြို့က
စစ်တန်းလျားတစ်ခုမှာ
ငါ့အမေ မွေးခဲ့တယ်။

အဲဒီညက
ဘဝတစ်ခုလုံး
ထစ်ချုန်းမိုးတွေ ရွာတယ်။

မြို့ကလေးဟာ မှောင်ပိန်း
ဂျိန်းခနဲ မိုးကြိုးဝင်းလက်
မွေးခန်းထဲ
သားဦးမွေးဖို့ တိုက်ပွဲဝင်နေရတဲ့အမေ။

အမေ့ရဲံ့စိတ်ဟာ
ပဲခူးရိုးမ မှုင်းမြမြမှာ
ဗ က ပ တပ်တွေနဲ့ တိုက်နေတဲ့
အဖေ့အတွက်
မွေးခန်းထဲက ထွက်ထွက်ပြေးနေသတဲ့။

ငါ့ ကိုမွေးတဲ့ညမှာ
ငါ့ အမေ မျက်ရည်ကျရှာတယ်။
ယောကျ်ား ဖောင်စီး
မိန်းမ မီးနေ တဲ့
ငါ့အဖေက
ဖောင်စီးနေတာ မဟုတ်ဘူး မောင်လှိုင်။

ငါ့အဖေက
စစ်တိုက်နေတာ။

စစ်တိုက်တယ်ဆိုတာ
ပန်းနဲ့ပေါက်တာ မဟုတ်ဘူး မောင်လှိုင်။

ငါ့ အမေ စိတ်ပူစရာ
စစ်ဟာ ကြမ်းတယ်
လွမ်းစရာ မကောင်းဘူး။

ဒီလိုနဲ့
ငါလည်း စစ်သားသားသမီး ဖြစ်လာခဲ့တယ်။

စစ်တပ်ထဲမှာ
ငါ ကြီးပြင်း အရွယ်ရောက်လာခဲ့။

နောက်တော့လည်း
စစ်တပ်ထဲမှာပဲ
ငါ ထောင်ထဲရောက်သွားခဲ့ပေါ ့။

ငါ နှစ်နှစ်သားရောက်တော့
ငါ ့အဖေရင်အုံက
ပြည်ပရန်နှိမ်တံဆိပ်ကလေး
ငါ ဆွဲယူဆော့ကစားတတ်နေပြီ။

ငါ ့အထင်တော့
အဲဒီအချိန် မင်းလည်း မွေးလောက်ပြီ။

မင့် အမေက
မင်းကို မွေးဖွားခဲ့။

မင့် အဖေက
မင်းကို စောင့်ရှောက်ခဲ့။

နောက်တော့
မင်းလည်း ငါ ့အဖေလို
စစ်သားဖြစ်လာခဲ့။

စစ်သားလုပ်ရတာ
လွယ်သလား၊ ခက်သလား မောင်လှိုင်။

ငါ ့အဖေ စစ်တိုက်သွားတော့
ငါတို့အမေ
ဘုရားပရမေမှာ
ပန်းသပြေနဲ့ ညောင်ရေသွန်းရတယ်။

ငါ ့အဖေ ရှေ့တန်းက ပြန်လာတော့
ငါတို့တစ်တွေ
မသေကောင်း၊ မပျောက်ကောင်း
အိုးစည်ဗုံမောင်းနဲ့ ကြိုရတယ်။

တိုင်းပြည်အတွက်
အသက်ပေးထားရတဲ့
စစ်သားတွေရဲ့ဘ၀
ငါ သိတာပေါ ့။

ငါက စစ်သားသားသမီးတစ်ယောက်ပဲ
ငါ ပိုသိတာပေါ ့။

ငါတို့တပ်ရင်းတစ်ခုလုံး
ကားကြီးတွေစီး
သင်္ဘောကြီးတွေစီး
ကုန်းတစ်တန်၊ ရေတစ်တန်ခရီး
ပဲခူးကနေ
မနီးလှတဲ့
ပုသိမ်ကိုပြောင်း။

အဲဒီမှာ
ငါ ကျောင်းစတက်ပြီ။

ငါ ဒုတိယတန်းရောက်တော့
တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီ။

ငါ စတုတ္ထတန်းအရောက်
ဘီ၊ ဘီ၊ အမ် ကျောင်း
ငါတို့ကျောင်းလည်း ပြည်သူပိုင်သိမ်းပြီ။

ငါ ငယ်ငယ်တုန်းကတော့
ဒါတွေ ဘယ်သိပါ ့မလဲ
ကြီးလာမှ စာဖတ်ပြီးသိတာပါ။

စစ်တပ်ထဲမှာ
စစ်သားသားသမီးအချင်းချင်း
ပဲဟင်း၊ ငါးပိကြော်နဲ့
ငါ ဂေါ်ခဲ့တာပဲ။

စစ်တပ်ထဲမှာ
မတ်ခွက်ကြီးကြီး
စီလွန်တီးနဲ့
ငါ ကြီးပြင်းခဲ့တာပဲ။

အဖေ့စစ်ဖိနပ်
ငါ တိုက်ပေးလို့ရတယ်
ဒါပေမဲ့
အဖေ့စက်သေနတ်တော့
ငါ ကိုင်လို့မရ။

ငါ ကိုင်လို့ရတာက
အဖေ ဖတ်တဲ့
(အမေလည်း ဖတ်တယ်)
၀တ္ထုစာအုပ်တွေပဲ။

ငါ သေနတ်ဝါသနာမပါ
စာဖတ်ဝါသနာ ပါလာတယ်။

စာဖတ်ရင်းနဲ့ စဉ်းစား
စဉ်းစားရင်း စာဖတ်
မေးခွန်းတွေ မေးတတ်လာရဲ့။

ငါမေးတဲ့မေးခွန်းတွေ
အဖေ မဖြေနိုင်
(မဖြေချင်တာလည်း ဖြစ်မယ်)
ဥပမာ-
ဆဲဗင်းဂျူလိုင်မှာ
ကျောင်းသားတွေကို စစ်တပ်က
ဘာ့ကြောင့်ပစ်သတ်ရတာလဲ။

တရုတ်-ဗမာ အရေးအခင်း
ဘာ့ကြောင့်ဖြစ်တာလဲ။

ဘာ့ကြောင့် ဆန်ပြဿနာဖြစ်ပြီး
ချာပါတိတွေချည်း လှိမ့်စားရတာလဲ။

စာဖတ်လာတာနဲ့အမျှ
အဖေ မဖြေနိုင်တဲ့
(မဖြေချင်တဲ့)
မေးခွန်းတွေရဲ့အဖြေ
ငါ သိသိလာခဲ့တယ်။

အများနည်းတူပါပဲ
စစ်သားသားသမီးက
စစ်ကားကြီးစီးပြီး
မြို့ကြီးမှာ ကျောင်းတက်။

အပေါင်းအသင်းတွေထဲမှာ
တူရာ သန်ရာစု
၀တ္ထုတွေဖတ်
ကဗျာတွေစပ်။

ကိုးတန်းဝင်တော့
မတ်ဝါဒဟာ ခေါင်းထဲဝင်လာတယ်။

တက္ကသိုလ်ရောက်တော့
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးက
ရင်ထဲရောက်လာတယ်။

ရ၄- ရ၅- ရ၆
နီရဲတောက်ပတဲ့ မျိုးဆက်မှာ
ငါ သွေးတစ်စက်ဖြစ်လာတယ်။

ငါ မှားသလား မောင်လှိုင်
ငါ မှားသလား။

အဲဒီက စပြီး
ငါ ့အဖေနဲ့ ငါ
ညောင်ညိုပင်မှာလမ်းခွဲ
၀မ်းနည်းစရာပေါ ့။

ငါ ဘယ်တော့မှ
နောင်တ မရဘူး မောင်လှိုင်။

မှိုင်းရာပြည့် ည
စစ်တပ်ထဲက အဖေ့အိမ်မှာ
ထောက်လှမ်းရေးနဲ့ ရဲတွေ
ငါ ့ကို လာဖမ်းသွားကြတယ်။

ငါ ့ကိုစစ်တဲ့ စစ်ဗိုလ်
ငါ ့ကို ဆဲဆို
ငါ ့ကို အော်ဟစ်
စစ်သားသားသမီး
စစ်တပ်ကို မဆန့်ကျင်ရ တဲ့။

အဲဒီညက
ငါ ့အော်ရယ်သံ
ရန်ကင်းတောင်တစ်ယံလုံး ညံသွားတယ်။

ငါ ့အဖေ အငြိမ်းစားပေးခံရ
တပ်က ထွက်ရတယ်။

ငါ ထောင်က ထွက်လာ
ငါ ့အမေ မျက်ရည်ကျရှာတယ်။

ငါ အမှားမလုပ်ခဲ့ဘူး
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တာ
ငါ မမှားဘူး။

ငါ မမှားပေမဲ့
အဖေနဲ့အမေကို ငါ အားနာတယ်။

စစ်ဖိနပ်အောက်မှာ
ငါ မနေနိုင်ဘူး
အာဏာရှင်စနစ် ငါမုန်းတယ် မောင်လှိုင်။

ငယ်ငယ်တုန်းက
အဖေ့စစ်ဖိနပ်
ကုန်းပြီး ကြိုးချည်ပေးဖူးတဲ့
စစ်တပ်။

အဲဒီ စစ်တပ်က
လူသတ်တယ်။

ကျောင်းသားတွေ၊ အလုပ်သမားတွေ
အပြစ်မဲ့ပြည်သူတွေကို သတ်တယ်။

လူသတ်တဲ့ စစ်အစိုးရ
ငါ မုန်းတယ်။

ညီလေးမောင်လှိုင်
မင်းလည်း စစ်သား
အစ်ကိုကြီးအဖေလည်း စစ်သား
အစ်ကိုကြီးလည်း စစ်သားသားသမီး။

စစ်တပ်ဟာ
လူသတ်ရုံနဲ့ အားမရတော့။

နေမြင့်လေ၊ အရူးရင့်လေ
စစ်တပ်ဟာ
တိုင်းပြည်ကို သတ်လာတယ်။

စစ်တပ်ဟာ
အနာဂတ်ကို သတ်လာတယ်။

တိုင်းပြည်သတ်တဲ့ စစ်အစိုးရ
ကျဆုံးပါစေ။

အနာဂတ်ကိုသတ်တဲ့ အာဏာရှင်မှန်သမျှ
ကျဆုံးပါစေ။

ဒါတွေက ပြီးခဲ့ပြီ
ပြီးတာတွေလည်း ပြီးပါစေတော့ မောင်လှိုင်။

အခု ဖြစ်နေတာက
ဒီမိုကရေစီအစိုးရခေတ်မှာ
စစ်တပ်က
ဖင်ကြီး တပြပြ
ရင်ကြီး တမမနဲ့
၀င်ပြီး ကညာစစ်နေတာပဲ မောင်လှိုင်။

ရွေးကောက်ပွဲမှာ
အဆိပ်ပင်ကိုရေလောင်းဖို့
စစ်တပ်က ဖိအားပေးတဲ့အကြောင်း
ခွင့်မတောင်းဘဲ
မပြောကောင်း၊ ပြောကောင်း
ဖွင့်ပြောမိတဲ့ စစ်သားသားသမီး
အပြစ်ကြီးတဲ့အဖြစ်။

စစ်တပ်ဟာ
ညစ်ပတ်တာပဲ မောင်လှိုင်။

မဲရှုံးတာ
စစ်တပ်မှ မဟုတ်ဘဲ
ဘာနာစရာရှိသလဲ မောင်လှိုင်။

လူထုထောက်ခံတဲ့သူ
မဲနိုင်တာပဲ
ဘာ မနာလိုစရာရှိမလဲ မောင်လှိုင်။

ပြန်စဉ်းစားပါဦး မောင်လှိုင်
မင်း မမွေးခင်ကတည်းက
ငါ ့အဖေက စစ်သား
အခုလည်း စစ်သားပဲ။

"Once a soldier,
always soldier." တဲ့။
ငါလည်း အရင်က စစ်သားသားသမီး
အခုလည်း စစ်သားသားသမီးပဲ။

စစ်သားတွေလည်း
ပြည်သူထဲက ပြည်သူ
ပြည်သူပျိုးတဲ့ အချစ်ပင်
သူတို့ ရေလောင်းမှာပေါ ့။

စစ်သားဇနီးမယား
စစ်သားသားသမီးတွေလည်း
ပြည်သူထဲက ပြည်သူ
ပြည်သူချစ်တဲ့ခေါင်းဆောင်
သူတို့ မဲပေးမှာပေါ ့။

အခုတော့
စစ်တပ်ကခိုင်း၊ အစိမ်းရိုင်း
သမိုင်း မဝင်၊ အဆိပ်ပင်ကို

သူလျှင် ရေမလောင်း။
ကိုယ့်အသိစိတ်နဲ့ကိုယ်
အချစ်ပင်ပျို၊ ရေစိုအောင်လောင်း
ခွပ်ဒေါင်းတရား၊ နှလုံးသားနဲ့
စစ်သားသားသမီးကျမ
ဘာတွေရသလဲ။
ထောင်(၉)လနဲ့
နှောင်ကြိုးစ။

နှောင်ကြီုးစနဲ့
ထောင်(၉)လ။

စိတ်မကောင်းစရာပါ မောင်လှိုင်
မဲရုံစောင့်တဲ့ဆရာမနှစ်ယောက်
ကိုဗစ်သတ်လို့ သေရသတဲ့။

စိတ်မကောင်းဘူး မောင်လှိုင်
မဲ မနိုင်၊ ကော်မရှင် မဲ
အဆိပ်ပင် တွင်တွင်မျိုလို့
စစ်တပ်လည်း အလိုလိုသေပြီ။

ညီလေးမောင်လှိုင်
မင်းလည်း စစ်သား
အစ်ကိုကြီးလည်း စစ်သားသားသမီး။

သေပြီးသွားတဲ့
မနက်ဖြန်စျာပန
ကိုဗစ်ကာလစည်းကမ်းနဲ့အညီ ချကြစို့။

ရွာစားရေ ...
ဗျိုင်းတောင်သံ နှက်။ ။

အောင်ဝေး
(ဒီဇင်ဘာ ၆၊ ၂၀၂၀)