Breaking News

အမေရိကန်ရွေးကောက်ပွဲအလွန်၊ လူတန်းစားအလိုက် မဲပေးကြပုံများ



အမေရိကန်ရွေးကောက်ပွဲအလွန်၊ လူတန်းစားအလိုက် မဲပေးခဲ့ကြပုံများ

(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၂၀

ဗမာပြည်မှာတော့ ရခိုင်ပြည်နယ်က မကျင်းပလိုက်ရတဲ့ရွေးကောက်ပွဲနေရာတွေ ပြန်ကျင်းပနိုင်ဖို့ ပြောဆိုနေကြသံတွေ ကြားရပါတယ်။ အမေရိကန်ဂျော်ဂျီယာပြည်နယ်မှာတော့ အထက်လွှတ်တော်ရွေးကောက်ပွဲ ၂ နေရာက ရလဒ်တွေ မပြတ်သားလို့ ပြန်ပြီး ရွေးကောက်ပွဲလုပ်ရပါမယ်။ runoff election လို့ ခေါ်ပါတယ်။ အဲသည်အတွက် ဒီမိုကရက်ပါတီကော ရီပတ်ဘလစ်ကန်ကကော အကြိတ်အနယ် မဲဆွယ်နေပါပြီ။ သမတအဖြစ် မဲရှုံးသွားတဲ့ ထရန့်ပါတီ (ရီပတ်ဘလစ်ကန်)ကတော့ ထရန့်ပုံရိပ်ကို အကြီးအကျယ် သုံးစွဲပြီး မဲဆွယ်တဲ့အပြင် ပါတီဝင်တွေအကုန်လုံးက ထရန့်နဲ့ တလေသံတည်း ပြင်းပြင်းထန်ထန် သရော်စော်ကားပုတ်ခတ်စကားတွေ သတင်းမှားတွေ လုပ်ကြံသတင်းတွေ ထုတ်ပြန် ဟောပြောပြီး ဆက်စည်းရုံးနေတယ် လို့ သတင်းဌာနတွေက ပြောကြပါတယ်။ (ဒေါ်နယ်ထရန့် နိုင်တယ်၊ ဒီမိုကရက်မဲလိမ်တယ် လို့ ပြော နေ တုန်း ခုထိ)

သည်နေရာမှာ သူတို့မဲဆွယ်တဲ့ စကားလုံးတွေ အပြုအမူတွေထက် သူတို့ပါတီကို ထောက်ခံတဲ့ ရီပတ်ဘလစ်ကန်မဲဆန္ဒရှင်တွေရဲ့ အနေအထား စိတ်ဓာတ် ကျောထောက်နောက်ခံကို အာရုံပြု စဉ်းစားကြည့်သင့်တယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။ ဘာလို့ဆိုတော့ သည်တခေါက် ရွေးကောက်ပွဲမှာ ဘိုင်ဒင်ပါတီကော ထရန့်ပါတီကောက မဲပေးသူတွေ အမြောက်အများ စံချိန်တင် ထွက်ပြီး မဲပေးခဲ့ကြလို့ပါပဲ။ ဘိုင်ဒင်၏ ဒီမိုကရက်ပါတီက မဲသမားတွေဘက်က သည်၄နှစ်မှာ ထရန့်၏ ဒဏ်ကို မခံမရပ်နိုင်တော့ဘူး၊ ပြောင်းလဲချိန်တန်ပြီဆိုပြီး ထွက်မဲပေးကြတာ ဖြစ်ပါတယ်။ ထရန့်၏ ရီပတ်ဘလစ်ကန်ပါတီ မဲသမားတွေကတော့ ထရန့်ကို ထောက်ခံတာလည်း ပါသလို သူတို့ပါတီဘက်က ကြံ့ကြံ့ခံရပ်ပေးမှ ဖြစ်မယ်၊ အလျော့ပေးလို့ မဖြစ် ဆို ပြီး တန်ပြန်မဲပေးကြတာလို့ ဆိုနိုင်ပါတယ်။

သည်နေရာမှာ မဲစာရင်းတွေမှာ ကြည့်ပြီး လူတန်းစားခွဲကြတဲ့အခါ ကောလိပ်ဘွဲ့ရသူများက ဘိုင်ဒင်၊ ကောလိပ်ဘွဲ့မရှိသူတွေက ထရန့်ကို အလေးသာတယ်လို့ ဆိုကြပါတယ်။ မြို့ပြတွေမှာ ဘိုင်ဒင်နိုင်ပြီး ကျေးလက်တောရွာ မြို့အငယ်စားတွေမှာ ထရန့် နိုင်ပါတယ်။ အခြေခံအလုပ်သမား၊ လယ်သမား၊ စက်ရုံလုပ်သား၊ ကာယအားစိုက်သူများက ထရန့်ကို အားပေးကြတာ ၂၀၁၆ကတည်းကနေ ခု ၂၀၂၀ အထိ မပျက်မကွက် ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ သည်တော့ ဒီမိုကရက်ပါတီက အခြေခံ အလုပ်သမားလူတန်းစားတွေကို မစည်းရုံးနိုင်ဘူး၊ ပစ်ပယ်ထားတယ်ဆိုတဲ့ သဘောလားလို့ မေးစရာ ဖြစ်လာပါတယ်။

ဒီနေရာမှာ ဒီမိုကရက်တွေက ရီပတ်ဘလစ်ကန်တွေဟာ အသားအရောင်ခွဲခြားသူတွေ racist တွေ လို့ စွပ်စွဲပြစ်တင်လေ့ ရှိတာကြောင့် အခြေခံအလုပ်သမားလူတန်းစားတွေဟာ လူဖြူမျိုးစုတွေချည်းလားလို့ ကြည့်လိုက်တဲ့အခါ မဟုတ်မှန်တာ တွေ့ရပါတယ်။ ထရန့်ကို မဲပေးသူတွေထဲမှာ လူဖြူတွေအပြင် လက်တင်နိုလို့ ခေါ်တဲ့ တောင်အမေရိကနွယ် (မက္ကစီကိုအပါ) လူမျိုးစုတွေကလည်း အားပေးထောက်ခံကြတာကို တွေ့ရပါတယ်။ လူဖြူ အလုပ်သမားလူတန်းစားအများစုကြီးက ထရန့်ကို အကြီးအကျယ်ထောက်ခံတာကို မငြင်းပါဘူး။ သို့သော် အခြား ရွေ့ပြောင်းလူမျိုးစုတွေထဲကလည်း ထရန့်ကို ထောက်ခံကြတာကို ဒီမိုကရက်တွေ မျက်စိလျမ်းနေတယ်လို့ ဝေဖန်ကြပါတယ်။ ဒီ ၂၀၂၀ မှာ ဘိုင်ဒင်ဘက်ကနေ လူမည်းမျိုးစုတွေက ဝိုင်းထောက်ခံမဲပေးလိုက်ကြလို့သာ ဘိုင်ဒင်ဘက်က မဲအသာစီးရတာလို့ ဆိုကြပါတယ်။ ၂၀၁၆တုန်းက ဟီလာရီကို လူမည်းအများစုက မထောက်ခံခဲ့တာကို ပြန်ကြည့်ရင် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ၂ ပါတီ၏ အားသာချက် အားနည်းချက်ကို ရှာတွေ့နိုင်ပါမယ်။

ဒါကြောင့် ဂျော်ဂျီယာပြည်နယ်လို လူတန်းစားကွာဟချက်လည်း ရှိ၊ လူမျိုးစုလည်း စုံ၊ စီးပွားရေးလည်း ကောင်းမွန်တဲ့ နေရာမှာ မဲတွေ အကြိတ်အနယ်ဖြစ်ပြီး အချိန်ပိုရွေးကောက်ပွဲ တခု ဇန် ၅၊ ၂၀၂၁ မှာ လုပ်ရတော့မှာ ဖြစ်ပါတယ်။ (သမတမဲမှာ ဘိုင်ဒင်နီုင်ပြီး အထက်လွှတ်တော် ၂ နေရာမှာသာ ပြန်မဲပေးကြဖို့ ဖြစ်ပါတယ်)။ အခြေခံလူတန်းစား အလုပ်သမားတွေဟာ လက်ဝဲဝါဒတွေ တိုးတက်တဲ့ အိုင်ဒီယာအသစ်တွေကို မကြိုက်ပါဘူး။ သူတို့က ရှေးရိုးဆန်တယ်၊ အပြောင်းအလဲကို မကြိုက်ဘူး။ ဘာသာရေးဘက်ကိုလည်း ယိမ်းကြပါတယ်။ ကိုယ်ဝန်ဖျက်ချခွင့်ကို မကြိုက်ဘူး၊ လူအသစ်တွေ ဝင်လာတာ (immigration) ကို ဆန့်ကျင်တယ်။ ဒီအချက်တွေမှာ ရီပတ်ဘလစ်ကန်တွေနဲ့ တူညီပါတယ်။ သို့သော် သူတို့က ဒီမိုကရက်ပါတီလိုပဲ လုပ်အားခတိုးမြှင့်ပေးတာကို လိုလားတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု တိုးချဲ့ပေးတာကို ထောက်ခံပါတယ်။ သည်တော့ ဒီမိုကရက်တွေက လူပြိန်းကြိုက် စီးပွားရေးဝါဒတွေ တွင်တွင်ကြီးဟောပြီး သူတို့ကို စည်းရုံးရမှာ ဖြစ်သော်လည်း ရီပတ်ဘလစ်ကန်တွေက အခြေခံအလုပ်သမားတွေကို ဘာသာရေးတွေ ရှေးရိုးစွဲတွေနဲ့ မဲဆွယ်၊ ကွန်မြူနစ်တွေ ဆိုရှယ်လစ်တွေနဲ့ ဖြဲခြောက်ပြီး ပိုမို စည်းရုံးထားနိုင်တဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီရဲ့ မဲဆွယ်သံတွေကတော့ တဘက်သားကို မဟုတ်မမှန် ပုတ်ခတ် စွပ်စွဲ ပြစ်တင်တာတွေချည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ကို ဦးထိပ်တင်ပြီး ဆွဲဆောင်ပါတယ်။ ထရန့်ဘက်တော်သားတွေဟာ ဆက်လက်ပြီး ရီပတ်ဘလစ်ကန်အမတ်တွေ ပါတီပေါ်လစီတွေကို ဆက်ပြီး ထောက်ခံနေကြဦးမယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ အခြေခံအလုပ်သမားတွေ ဆင်းရဲတွင်းက မတက်နိုင်တာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ဆုံးနေတာဟာ ရီပတ်ဘလစ်ကန်တွေကြောင့်မဟုတ်ဘဲ ဒီမိုကရက်တွေကြောင့် ဖြစ်တယ်ဆိုတာကို ဖိဟောနေဆဲပါပဲ။

အဓိက ပြယုဒ်ဖြစ်တဲ့ အာဏာရှိသူတွေ အရင်းရှင်တွေဆီမှာ ချမ်းသာပြီးရင်း ချမ်းသာနေတာ၊ လူချမ်းသာတွေ အခွန်ကင်းလွတ်ခွင့်တွေ ရပြီးရင်း ရနေတာ၊ အခြေခံလူတန်းစားတွေအတွက် လစာတိုးဖို့ လူမှုဖူလုံရေး အာမခံချက်ရှိဖို့ဆိုတာတွေကို ရီပတ်ဘလစ်ကန်တွေ အရှင်းရှင်ကြီးတွေက အမြဲ ငြင်းပယ်နေခဲ့တာကို သဘောမပေါက်သေးသ၍ အဲသည်လူထုအတွက် ဒီမိုကရေစီဆိုတာ ရနိုင်မှာ မဟုတ်ကြောင်းပါ။