Breaking News

ကျော်မင်းထွန်း(NEW YORK) - လေယာဉ်လာလည်းဖြစ်တယ် လေယာဉ်မလာလည်းဖြစ်တယ်

လေယာဉ်လာလည်း ဖြစ်တယ်
လေယာဉ်မလာလည်း ဖြစ်တယ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) မေ ၂၂၊ ၂၀၂၃

ကြွေသွားတဲ့ ရွက်နုစိမ်းစိမ်းလေးတွေကို
ရိုးတံမှာ ပြန်ဆက်ပေးလို့ရရင်ကောင်းသား
အသက်ဆိုတာ တဘဝမှာ တခါပဲရထားတာ။

အခုတော့ သစ်ရွက်ကြွေတချို့ကို
မြေကြီးအောက် အသိုက်ဆောက်လိုက်ရ
တချို့ကို တိမ်တွေဆီ တလိပ်လိပ်ပစ်တင်လိုက်ရ
တချို့ကိုတော့ ဒီအတိုင်းလယ်ကွင်းထဲပစ်ထားခဲ့ရ။

ကတုတ်ကျင်းထဲဝင်တဲ့ အပေါက်ကလွဲလို့
ကျန်တဲ့အပေါက်တွေအားလုံး ပိတ်ထားပါတယ်
စစ်ရေး မဟာဗျူဟာ နည်းဗျူဟာမှာ
လေယာဉ်လာလည်း ဖြစ်တယ်
လေယာဉ်မလာလည်း ဖြစ်တယ်
ပြည်သူမပါလို့တော့ မဖြစ်ဘူး။

ပျူပင်ခုတ်ရင် ပျူငုတ်မကျန်စေနဲ့
အတုအပကြားမှာ သမုဒယမများစေနဲ့
မဟုတ်မခံပေမဲ့ လုပ်ကြံမခံရစေနဲ့
နိုင်ငံတော်ရဲ့အလံဟာ
ငါတို့သွေးနဲ့ အရောင်ဆိုးထားတာ။

စကားနဲ့ ကြွေလို့ရတယ်
တရားနဲ့ ဖြေလို့ရတယ်
အမှားနဲ့ သေလို့မရဘူး
မြို့ပြမှာ ယူဂျီလုပ်နေလုပ်နေ
လွတ်လပ်နယ်မြေမှာ တိုက်နေတိုက်နေ
ငါတို့သွေးတွေ နီရဲစေတဲ့
ထောက်ပို့တွေကို ကျေးဇူးတင်ရမယ်။

လ,မသာတဲ့ လပြည့်ညတွေ
ပြန်စရာအိမ်မရှိတဲ့ ဘဝတွေ
မျက်ရည်ကထုတ်လွှင့်တဲ့ အသံတွေဟာ
ကျယ်လောင်လွန်းပါတယ်
အေးနေတဲ့သွေးတွေ ကြားပါစေ။

တော်လှန်ရေးက ငါတို့ကိုသစ္စာဝါဒထုတ်ပြတယ်
တော်လှန်ရေးက ငါတို့ကိုဒလန်ဝါဒထုတ်ပြတယ်
တော်လှန်ရေးက ငါတို့ကိုသရုပ်မှန်ဝါဒထုတ်ပြတယ်
ငါတို့က တော်လှန်ရေးမှာသွေးကြွေးဆပ်ပြမယ်။

မြေပြင်လောက လက်တွေ့ဘဝမှာ..
ကျားကိုတရားဟောလို့ ရကောင်းရမယ်
ကေသရာဇာခြင်္သေ့ကိုနားချလို့ ရကောင်းရမယ်
မြေခွေးကိုငြိမ်းချမ်းရေးသီချင်းဆိုပြလို့ ရကောင်းရမယ်
အာဏာရှင်ကိုစေ့စပ်ဆွေးနွေးလို့တော့ မရနိုင်ဘူး
ဓားဆိုတာသွေးပြီးသိမ်းထားရတဲ့အရာမှ မဟုတ်တာ။

အာဏာရှင်စနစ်အမြစ်ဖြတ်မယ်လို့ ကြုံးဝါးရင်း
ကိုယ်တိုင်အာဏာရှင်ဖြစ်သွားသူတွေလဲ
ငါတို့ရန်သူပဲ.. တော်လှန်ပစ်ရမယ်..

ပြည်သူ့ချွေးနည်းစာ အလှူခံစားသူတွေနဲ့
တော်လှန်ရေးလုပ်စားတဲ့ တော်လှန်ရေးပွဲစားတွေလဲ
ငါတို့ရန်သူပဲ.. တော်လှန်ပစ်ရမယ်..

ဇွန်ပန်းရုံနဘေး
ငါတို့နိုင်ငံလေး လှည်းဘီးနစ်နေတာ
နှစ်ပေါင်း (၇၀)ကြာပြီ
ဒီတော်လှန်ရေးမှာ..
လေယာဉ်လာလည်း ဖြစ်တယ်
လေယာဉ်မလာလည်း ဖြစ်တယ်
ပြည်သူမပါလို့တော့ မဖြစ်ဘူး။   ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar