Breaking News

ကျော်ဟုန်း - သိကြားမင်းဖျက်လေသော်မှ မပျက်

Photo credit - National Geographic


ကျော်ဟုန်း -  သိကြားမင်းဖျက်လေသော်မှ မပျက်

(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၀

ထိုင်းမှာ
ခေါင်းပေါ်က ဘဲဝါလေးတွေ
လေကူးနေကြတယ်
စစ်ချုပ်နဲ့ ဘုရင့်အာဏာကို
တော်လှန် စိန်ခေါ်နေတဲ့
ထိုင်းပြည်သူတွေ ဆန္ဒ
စီ-နိုင်တင်း မကြောက်
အာဏာရှင် မကြောက်။

ဘရာဇီးမှာ
ရောင်းမထွက် လက်ကျန် ဘရမ်းတွေ
တဝက်လျှော့စျေးနဲ့ မျှား
တိုးဝှေ့နေကြတဲ့
လောဘစွက်လူအုပ်ကြီး
စီ-နိုင်တင်း မကြောက်
ဘာမှ မကြောက်။

သံယောဇဉ်က ဖြတ်ခက်တယ်
ကျေးဇူးတော်နေ့နဲ့ ရုံးပိတ်ရက်တွဲ
၄ ရက်လောက် အနားရတဲ့ ယမ်းကီးတွေ
အပြေးအလွှား ခရီးထွက်
နေရပ်ပြန် လွမ်းစိတ်ဆာမှုကို
ကပ်ရောဂါနဲ့ လဲရဲ
စီ-နိုင်တင်း မကြောက်
အာလောက်လောက် အာလောက်လောက်။

အင်္ဂလန်လည်း ဘင်သံ မကြား
အီတလီလည်း အစီအရီ မကြွား
တောင်ကိုရီယားလည်း ကေပေါ့ နားထား
တကြော့ပြန် စီ-နိုင်းတင်းကြောင့်
လော့ဒေါင်းဆိုလား ဘာဆိုလား။

ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်တောင်
ကန်ိုင် ပျော်နိုင်တဲ့ တို့ဗမာများလည်း
ဘယ်နေလိမ့်မလဲ
ပျော်တာပေါ့ အမေရယ်
ပျော်မယ်နော့။

ဖြစ်ချင်တော့
တက္ကသိုလ်ကလည်း ရာပြည့်
အမျိုးသားသပိတ်လည်း ရာပြည့်
မြန်မာ့ မြန်မာ့ရုပ်ရှင်လည်း ရာပြည့်
ကြုံတောင့်ကြုံခဲတွေနဲ့
မြိုသိပ်မှုတွေကို ရောလွှတ်ကြ
စီ-နိုင်တင်း မကြောက်
ဘာလာလာ မကြောက်။

​ဆေးပညာရှင် ဝန်ထမ်းတွေ
စေတနာ့ဝန်ထမ်း ကူညီသူတွေ
အလှူကြီးရှင်တွေ
ကိုယ်ကျိုးစွန့် လက်ပမ်းကျ
အားနာကြပါဦး ဘယ်လို တားတား
ဒေါသထွက်နေသော လူအုပ်ကြီးများ
လောဘတက်နေသော လူအုပ်ကြီးများ
ရွစိတက်နေသော လူအုပ်ကြီးများ
မြန်မာပြည်ထဲ ကွက်ကြားကွက်ကြားပေါ်
ကမ္ဘာတလွှား အလျှိုအလျှိုပေါ်
ကာကွယ်ဆေးကြီး ထွက်လုလုချိန်ခါ
ဘေးဘယာ မတွေးပါ။

တကယ်တမ်း တွေးကြည့်တော့
လူတွေရဲ့ စိတ်အာသာနဲ့ ဝမ်းအဟာ
ရမ္မက်နှောတဲ့ ဆန္ဒဇောကို
မေတ္တာရှင်လည်း တားမရ
အာဏာရှင်လည်း တားမရ
ကံ ကံ၏အကျိုးသာ ပုံချ
ကျွန်ုပ်က ဘာများတတ်နိုင်ဦးပါမည်နည်း။

ကျော်ဟုန်း
၂၀၂၀၁၁၁၀