Breaking News

မောင်ရစ် - ဒေါ်နယ်ထရန့်နဲ့ ဖေ့စ်ဘွတ်ကို ကိုးကွယ်သတဲ့လား


မောင်ရစ် - ဒေါ်နယ်ထရန့်နဲ့ ဖေ့စ်ဘွတ်ကို ကိုးကွယ်သတဲ့လား

 (မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၁

သူတို့တွေက ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူးတဲ့

ဒီမိုကရေစီဆိုတာ အနိုင်ရဖို့ချည်း သက်သက်မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ရှုံးတဲ့ဘက်နဲ့ သူ့ထောက်ခံသူတွေအတွက်လည်း ရလဒ်ကို ယုံယုံကြည်ကြည်နဲ့ လက်ခံကြတာ၊ စနစ်ရဲ့ အဆင့်ဆင့်ကို ကျေနပ်မှု ရှိကြတာတွေလည်း ပါဝင်ပါတယ်။ ပြီးတော့ အဲသည်နည်းဥပဒေတွေနဲ့အညီ နောက်တပွဲကို ဆက်ပြီး ယှဉ်ပြိုင်ကြဖို့ စိတ်ထက်သန်မှုတွေလည်း ပါဝင်ပါတယ်။

ဒီမိုကရေစီဆိုတာ နိုင်ငံသားဖြစ်စဉ်ထဲမှာ ပြသနာတွေကို ထုတ်ပြောရဲတာ၊ အမှန်အတိုင်း အရှိအတိုင်း ရင်ဆိုင်ရဲတာ ဖြစ်တဲ့အပြင် ဗဟုသုတ အချက်အလက်တွေကို အတူတူဝေမျှပြီး ဆွေးနွေး အဖြေရှာကြတာလည်း ဖြစ်ပါတယ်။ 

အခုချိန်မှာတော့ အမေရိကားမှာ ဒါတွေ တခုမှ ရှိမနေပါဘူး။ ကမ္ဘာမှာလည်း ဒီတန်ဖိုးတွေ အားနည်းလို့ နေပါပြီ။ အကြောင်းရင်းတွေထဲက တခုကတော့ ဖေ့စ်ဘွတ်ကြီးက နိုင်ငံတကာ စာနယ်ဇင်းဂေဟစနစ်အပေါ်မှာ လွှမ်းမိုးမှုအား ကြီးမားလှတာကလည်း တခု ဖြစ်ပါတယ်။ (ဇန် ၆၊ ၂၀၂၁၊ ဝါရှင်တန်ဒီစီ၊ လွှတ်တော်ကို လူဖြူအကြမ်းဖက်များ မအောင်မြင်သည့် စီးနင်းသည့်နေ့)

ဘေးပြောတာကို မယုံနဲ့ ဖေ့စ်ဘွတ်နဲ့ ထရန့် ပြောတာကို ယုံ

ဒီမိုကရေစီနိုင်ငံမှာနေပြီး ဒီမိုကရေစီကို မယုံတာလည်း မပြောနဲ့လေ၊ ဒီမိုကရေစီထက် ဖေ့စ်ဘွတ်တို့ တွစ်တာတို့ ပြောတာ ယုံတဲ့လူတွေ သန်းချီတဲ့ နိုင်ငံကြီးကိုး။ တွစ်တာတွေ ဖေ့စ်ဘွတ်တွေ အသုံးချပြီး လူပြိန်းတွေ အစွန်းရောက်တွေကို ဂုတ်ခွစီးနိုင်တာ ဟစ်တလာ အဲလေ ဒေါ်နယ်ထရန့်ပဲ ရှိတယ်။

ဖေ့စ်ဘွတ်ရဲ့ ဒီဇိုင်းက ပိုက်ဆံရှာဖို့ပဲ ဖြစ်တယ်။ ကြော်ငြာရဖို့ ဖြစ်တယ်။ ကွန်မြူနီတီတိုးတက်ကြီးပွားဖို့ မဟုတ်ဘူး။ လူတွေက သုံးကောင်းလို့ ဝိုင်းသုံးနေကြတာ။ သုံးကောင်းအောင်လည်း လုပ်ထားတာကိုး။ သူတို့ အကျိုးစီးပွားအတွက်။

လစဉ်ဘီလျံနဲ့ ချီတဲ့သူတွေကို ဆွဲဆောင်နိုင်ဖို့ သူတို့နည်းစနစ် ခေါ်ခေါ် အေအိုင်ခေါ်ခေါ် အယ်ဂိုရစ်သန်ခေါ်ခေါ် လုပ်ပေါက်တွေကတော့ လူတွေရဲ့ အကြိုက်ကို လိုက် (like) တဲ့နည်းဖြစ်တယ်။ လူတွေ ကြိုက်လေလေ ကွန်မင့်တွေ ပေးလေလေ အဲသည်ကိစ္စကို အကြိုက်တူတွေ သူငယ်ချင်းတွေကြားထဲ ပိုပြီး တိုးပွားအောင် လုပ်ပေးလေလေပဲ။ သည်လို အကြိုက်တွေ လိုက်ခိုင်းတဲ့ဆီမှာ အမှန်တွေ အမှားတွေ ကုသိုလ်အကုသိုလ်တွေ ခွဲမထားဘူး။ ပွားသာပွား လာထား၊ အဲသည်မှာ ကြော်ငြာထည့်ချင်သလား၊ လာထား။

သည်တော့ ကြောင်တွေ ခွေးတွေ ချစ်စရာတွေကနေ လယ်ပင်းဖြတ်တာ အကြမ်းဖက်တာအထိ ဖြန့်လို့ကောင်းတဲ့ ဖေ့စ်ဘွတ်ကြီး ဖြစ်လာတော့တာပေါ့။ အဲသည်လို သိလိုက်တဲ့အချိန်မှာ နောက်ကျနေပြီ။ ခုဆို အမေရိကန်လွှတ်တော်ကြီး မီးဟုန်းဟုန်းတောက်ဖို့ လက်တလုံးအလို ဖြစ်ခဲ့ရပြီ။

နောက်ဖေ့စ်ဘွတ်လုပ်ကွက်တချက်ကတော့ တူရာ သန်ရာတွေကို စုပေးဆောင်းပေးတဲ့ ဂရုတွေ ပိတ်ချ်တွေ နည်းမျိုးစုံနဲ့ ထောင်ခွင့်ပေးထားပြီး (၂၀၁၇ မှာ ပိုခေတ်စား) ဝါဒဖြန့်တာ လှုံဆော်တာတွေကို ခွင့်ပြုထားတာပဲ။ အဲသည်မှာ အစွန်းရောက်တွေ အကြမ်းဖက်တွေ လက်ခမောင်းခတ်နေကြတာပေါ့။ အဲသည်ဂရုတွေကနေ လွှတ်တော်တက် အကြမ်းဖက်ဖို့ လူစုကြ၊ ပြင်ဆင်ခဲ့ကြတာအပြင် သူတို့ ရှယ်ကြလို့ လွှတ်တော်ခုံရုံးပေါ် ခွေးတက် သေးပန်းနေပုံတွေ ပရိသတ်ကြီးတွေ့ကြရတယ် မဟုတ်လား။

အခုလို အမေရိကန်ဒီမိုကရေစီ အစော်ကားခံလိုက်ရတော့မှ သည် ဆိုရှယ်မီဒီယာတွေက ရှက်ကိုးရှက်ကန်းနဲ့ ထရန့်ကို ၁၂ နာရီ ပိတ်၊ ၂၄ နာရီ ပိတ် လုပ်ပြနေကြတာ ပိုတောင်မှ ရှက်စရာပါ။

ဒီတခါ ဘယ်သူအရှုံးလဲ ?

၂ဘက်စလုံးက ဖေ့စ်ဘွတ်ကို အပြစ်တင်ကြတာပဲ။ သူတို့ဘက်ကို ဖိနှိပ်တယ်ဆိုပြီးတော့။ ဒီမိုကရက်တွေကလည်း ဖေ့စ်ဘွတ်က သူတို့က မျက်နှသာမပေးဘူးတဲ့။ ရီပတ်ဘလစ်ကန်နဲ့ အပေါင်းအပါ အစွန်းရောက်တွေကလည်း ဖေ့စ်ဘွတ်က သူတို့ကို ဖိနှိပ်တယ်လို့ အပြစ်တင်တယ်။

၂၀၁၆တုန်းက ဖေ့စ်ဘွတ်ကို အမြတ်ထုတ်နိုင်သူ ရွေးကောက်ပွဲနိုင်တာပဲ။ အဲသည်တုန်းက ဒေါ်နယ်ထရန့်ပေါ့။ ၂၀၂၀ မှာ ဘိုင်ဒင်က ဖေ့စ်ဘွတ်ကို ကောင်းကောင်းအသုံးချလိုက်နီုင်တော့ သူ ရွေးကောက်ပွဲနိုင်သွားတယ်။

သို့သော် ဒီတခေါက်ပြသနာက ရှုံးတဲ့သူတွေက အလျော့မပေးကြတော့ဘူး။ ဒေါ်နယ်ထရန့်ကလည်း အရှုံးမပေးဘူး။ သူ့ပရိသတ်ကလည်းက အနိုင်မခံဘူး။

သည်တော့ သည်တခေါက် ရှုံးကြရတာက ဖေ့စ်ဘွတ်နဲ့ ဆိုရှယ်မီဒီယာတွေလည်း ရှုံးတယ်။ အမေရိကန်ပြည်သူတွေလည်း ရှုံးကြတယ်။

ဆိုရှယ်မီဒီယာတွေဟာ မင်းမဲ့စရိုက်အကြမ်းဖက်တွေ လက်ထဲ ကျပြီးနောက် ပြန်အဖတ်ဆယ်လို့ မရတော့ဘူး။ သည်တော့ ဆိုရှယ်မီဒီယာတွေကော ပြည်သူအားလုံးကော ရှုံးပါတယ်။

အလာကောင်း ပေမယ့် အခါနှောင်း ရပြီ

၂၀၂၀ မှာ ကိုဗစ် ၁၉ ကြောင့် အဖြစ်တွေ ဆိုးလှပြီ ထင်နေတာ၊ ၂၀၂၁ နှစ်ဆန်း ပထမပတ်၊ ၆ ရက်မြောက်နေ့မှာပဲ မဲရှုံးတာကို ဝန်မခံနိုင်တဲ့ အမေရိကန်သမတ ထရန့်က သူ့ကို တဖက်သတ်ထောက်ခံနေသူ လူဖြူစွဲ အစွန်းရောက်တွေကို ဝါရှင်တန်ဒီစီကို ဆင့်ခေါ်ပြီး လွှတ်တော်ကို တက်ပြီး အကြမ်းဖက် သိမ်းပိုက်ခိုင်းပါတယ်။ ဒီလောက်ဆိုးတာထောင် ဒီထက် မဆိုးနိုင်ဘူး မဟုတ်လား။

၂၀၂၁ သမတအသစ်ဖြစ် ဘိုင်ဒင်ကို အမတ်တွေက တရားဝင်အသိအမှတ်ပြုတဲ့ အစီအစဉ်ကို ဖျက်တာပါ။ သူ့အကြံမအောင်မြင်ဘဲ အကြမ်းဖက်သူတွေကို လုံခြုံရေးတပ်တွေက လွှတ်တော်ကနေ မောင်းထုတ်နိုင်ခဲ့ပြီး အမေရိကန်အမတ်တွေက သမတအသစ်ဘိုင်ဒင်အဖြစ် တရားဝင်အတည်ပြုနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ လူ ၅ ဦး သေဆုံး၊ အမေရိကန်ထောက်လှမ်းရေးက နိုင်္င်ငံတော်ပုန်ကန်မှုနဲ့ အကြမ်းဖက်သူတွေကို  လိုက်လံဖမ်းဆီးနေပါတယ်။ လက်ရှိသမတထရန့်ကိုလည်း လွှတ်တော်က ရာထူးကထွက်ဖို့ မထွက်က လွှတ်တော်အမိန့်နဲ့ ဖယ်ရှားမယ်လို့ ရာဇသံပေးထားပါတယ်။

အခုလို လက်ရှိသမတတယောက်က အာဏာကို လက်မပြောင်းပေးဘဲ ပြည်သူတွေလက်ထဲက အာဏာသိမ်းဖို့ အကြမ်းဖက်အစွန်းရောက်တွေနဲ့ ပူးပေါင်းကြံစည်တာ ကျူးလွန်တဲ့ဆီမှာ ထရနိ့်နဲ့ အပေါင်းအပါတွေဟာ ဆိုရှယ်မီဒီယာပေါ်ကနေ ကြိုတင်ပြင်ဆင် ဝါဒဖြန့် လှုံ့ဆော် စည်းရုံး လှုပ်ရှား ချိန်းဆို ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာပါ။

ဒီနိုင်ငံတော်လုပ်ကြံမှုကြီးကို မျက်ဝါးထင်ထင်မြင်နေရဲ့သားနဲ့ ဆိုရှယ်မီဒီယာတွေက ဆန့်ကျင်ဖယ်ရှားဖို့ နှေးကွေးခဲ့တယ်။ ဝန်လေးနေခဲ့ကြတယ်။ အခုလို ထိန်းမနိုင်သိမ်းမရ တိုင်းပြည်ချောက်ထဲ ကျမလို ဖြစ်ပြီးမှ ဆိုရှယ်မီဒီယာတွေက ဒီလိုအကြမ်းဖက်ဖို့ လှုံ့ဆော်တာကို ဆန့်ကျင်ပါတယ်ဆိုတဲ့ အကြောင်းပြချက်ထုတ်ပြီး ထရနိ့နဲ့ အပေါင်းအပါတွေရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေ အကောင့်တွေကို ဖျက်ချ ဖယ်ရှားကြတာ နောက်တနေ့မှ ဖြစ်ပါတယ်။

အပြစ်တင်ရရင်တော့ လက်တကမ်း ထင်သာမြင်သာကတော့ ဖေ့စ်ဘွတ် တွစ်တာ အင်တြာဂရမ် ယူကျု စတဲ့ အင်တာနက်ပလက်ဖောင်းတွေပေါ့။ သူတို့ စင်မြင့် (ပလက်ဖောင်း) တွေမှာ အကြမ်းဖက်အစွန်းရောက်တွေ တက်ရောက်ပြီး လုပ်ဇာတ်ခင်းနေတာကို ခွင့်ပြု ရပ်ကြည့်နေကြတာကိုး။ 

နောက်အပြစ်တင်ရမှာက ထရန့်ပါတီ ရီပတ်ဘလစ်ကန်တွေကိုယ်တိုင် ဖြစ်ပါတယ်။ သူတို့ပါတီမှာ လူကျယ်တကောင် တက်လာပြီး ရမ်းကားနေတာကို ကိုယ့်လူပဲလေ လုပ်ချင်တာ လုပ်ဆိုပြီး လွှတ်ထားတာကိုး။ ဥပမာ - ခြံထဲမှာ ကိုက်တတ်တဲ့ ခွေးဆိုးမွေးထားပြီး လမ်းပေါ်ထွက်သောင်းကျမ်းတာကို ငါ့ခွေးလေး တော်လှချည့်ဆိုပြီး ငါ့ခွေးမထိနဲ့ မင်းတို့က ကိုက်အောင် လုပ်နေတာ မင်းတို့ အပြစ်လို့ ဆင်ခြေပေးနေသလိုဖြစ်တဲ့ ပါတီကိုး။

နောက်အပြစ်တင်ချင်တာက စာနယ်ဇင်းတွေလည်း ပါတယ်။ ပညာရှင်တွေလည်း ပါတယ်။ သူတို့က ဆိုရှယ်မီဒီယာဩဇာကြီးမားလွှမ်းခြုံမှုကို မကျော်လွှား အံမတုရဲကြတော့ လူပြိန်းကြိုက်တွေ ခေတ်စားတာကို လိုက်သတင်းလုပ်ကြ၊ သူတို့လည်း လိုက်ခ်နောက် အကြိုက်လိုက်ပြီး မှိန်းနေကြတာကိုး။ တဖြေးဖြေးနဲ့ အရူးကို အိမ်ဦးခန်းတင် ကိုးကွယ်ထားရင်းကနေ အရူးက ဘုရားစင်ပေါ် ချီးတက်ပါတော့မှ အတင်းမောင်းချရတော့ အားလုံး ချီးပေကြရတဲ့ အဖြစ်ကို ရောက်ကြရပါတယ်။

ဖေ့စ်ဘွတ်ခေတ်ရောက်မှ ညံ့ကြရတော့မှာလား

ဖေ့စ်ဘွတ်နဲ့ အစရှိသဖြင့်တို့ဟာ ဆိုရှယ်မီဒီယာတွေ ဖြစ်တယ်။ ဆိုရှယ်မီဒီယာဆိုတော့ ဘာလဲ။ သူတို့ဟာ Metamedium ဖြစ်တယ်။ Medium ဆိုတာက ကြားခံပစ္စည်း၊ သူ့ဆီကနေ ဖြတ်သန်းသွားရတယ်။ Meta ဆိုတာက ဒြပ် တဲ့ ။ ၀တ္ထုတဲ့။ ဘာဖြစ်ဖြစ် တခုခု။ မတ္တာမီဒီယံဆိုတော့ သူက ဗမာလိုဆိုရင် အရူးလွယ်အိတ်။ အရုပ်၊ စာ၊ ပုံ၊ အသံ၊ ရုပ်ရှင် အကုန်လုံး ပါဝင်တဲ့ ကိရိယာတခု ဖြစ်တယ်ပေါ့။

စာနယ်ဇင်းတွေကို မာလတီမီဒီယာလို့ သုံးကြတယ်။ ရုပ်မြင်သံကြား စာသားဓာတ်ပုံအကုန်ပါတယ်ပေါ့။ မတ္တာမီဒီယံကတော့ အာရုံအလုံးစုံကို အရသာပေးနိုင်တဲ့နယ်ပယ် နေရာဌာန။

သည်တော့ ဖေ့စ်ဘွတ်က ထုတ်ဝေသူလား၊ ကွန်ယက်လား၊ စာနယ်ဇင်းလား၊ နည်းပညာလုပ်ငန်းလား၊ အဖြေက အကုန်လုံး ဟုတ်တယ်။ သူက အကုန်လုံးပါတဲ့ အကောင်ကြီးတကောင်ပေါ့။ လူမဟုတ်နတ်မဟုတ်တိရစ္ဆာန် မဟုတ်။ လူလွန်မသားကြီးပေါ့။

သည်တော့ လူဘောင်သမိုင်းမှာ လူ ၂.၇ ဘီလျံကို တပြိုင်နက်တည်း စောင့်ကြည့်နိုင်တယ်၊ လူတွေရဲ့ စိတ်ခံစားမှုတွေကို ဖမ်းစားတယ်၊ စေစားတယ်။ တူရာ သန်ရာ ထက်သန်ရာချင်းညီကြသူတွေကို စုစည်းပေးတယ်။ သည်လို စုနိုင် လှုပ်နိုင် ဆွဲဆောင်နိုင်တော့ ဖေစ့်ဘွတ်က အကြီးမားဆုံးသော အားတိုးဆေးကြီးလို့ ဆိုရမယ်။

သူက တူရာ သန်ရာတွေကိုချည်း အားတိုးဆေး စွတ်ပေး ဇွတ်ပေးတာပဲ လုပ်နိုင်တာ၊ မတူသူတွေ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို အားပေးနိုင်ဖို့ မွေးကတည်းက သန္ဓေ မပါခဲ့ဘူး ဆိုတာ အခုဆို ပိုထင်ရှားလာပါတယ်။
ဒီမိုကရေစီဆိုတာ အားဆေးလည်း ဖြစ်ရတယ်၊ အတူယှဉ်တွဲနေနိုင်ဖ်ု့ အသက်ရှည်ဆေးလည်း ဖြစ်ရတယ် မဟုတ်ပါလား။

လူပြိန်းနဲ့ အစွန်းရောက်တွေနောက် လိုက်ခ် မလုပ်ကြဖို့

တကယ်တန်းပြောရရင် အိုဘားမား စ တက်ကတည်းက လူဖြူစွဲတွေ လက်ယာစွန်းတွေ စတင်ထကြွလာကြတယ်။ တီးပါတီတို့ အလုပ်သမားဂျိူးတို့ဆိုတာ ဘေးရောက်လူဖြူကြီးစိုးသူတွေရဲ့ အစွဲတွေကနေ ထွက်လာတာပဲ။ သို့သော် ရီပတ်ဘလစ်ကန်ပါတီက ဒါကို သရဲမွေးသလို မွေးခဲ့ပြီး သူတို့ပါတီ အာဏာရရေးအတွက် အသုံးချခဲ့ရာကနေ သည်အစွန်းရောက်တွေ လူဖြူကြီးစိုးရေးတွေ အတင့်ရဲရှေ့တိုးလာပြီး နောက်ဆုံး အခွင့်အရေးသမား အာဏာရှင် အကြမ်းဖက်ဖို့ ဝန်မလေးသူ ထရန့် အမေရိကန်မှာ သမတ ထဖြစ်တဲ့အထိပေါ့။

အဲသည်အချိန်မှာ ဆိုရှယ်မီဒီယာတွေကလည်း ကလေးကြိုက် ကျောင်းသားကြိုက်အဆင့်ကနေ လူပြိန်းကြိုက် ဖြစ်လာတယ်။ အစက ဆိုရှယ်မီဒီယာတွေကနေ အရောင်တော်လှန်ရေးတွေနဲ့ အာဏာရှင်ဖြုတ်ချ ဒီမိုကရေစီခေတ်ဆန်းချိန်ရောက်ပြီလို့ အိုဘားမားတို့ ဟီလာရီကလင်တန်တို့ အထင်ရောက်ပြီး လက်ခမောင်းခတ်ခဲ့ကြသေးတာကိုး။ (၂၀၁၀)။ နောက်တော့ ဆိုရှယ်မီဒီယာဆိုတာ အာဏာရှင်တွေ တပါတီတွေ ဒုစရိုက်သမားတွေ အကြမ်းဖက်တွေ အစွန်းရောက်တွေအတွက်လည်း အသုံးဝင်ကြောင်း ၊ လူပြိန်းများကို နဖားကြိုးထိုးရာမှာ အလွန်လွယ်ကူလှကြောင်း သိကုန်ကြတော့ လူပြိန်းနဲ့ အစွန်းရောက်တွေအတွက် ဆိုရှယ်မီဒီယာဆိုတာ ပုလင်းတူ ဗူးဆို့ ဖြစ်ကုန်ကြတော့တာပဲ။

ဒီအကြောင်းတွေကို အိုဘားမားတက်ပြီးနောက်ပိုင်း ဆောင်းပါးတွေ သတင်းတွေ မိုးမခမှာ တောက်လျောက် လုပ်တယ်၊ ရေးဖူးပါတယ်။ အိုဘားမားလက်ထက်မှာ လက်နက်ကိုင်လူဖြူတွေ၏ အကြမ်းဖက်ပစ်ခတ်မှုတွေ တိုးတိုးလာတာကိုလည်း အများကြီး မြင်ကြရတယ်။ ပုလိပ်တွေက လူမည်းတွေကို တရားလက်လွတ် သတ်ဖြတ်တာ ဖိနှိပ်တာတွေလည်း ပိုများလာတယ်လို့လည်း ဝေဖန်ကြတယ်။ လက်ယာစွန်း ရှေးရိုးစွဲ လူဖြူစွဲတွေက နိုင်ငံရေးမှာ သရော်စော်ကား ပုတ်ခတ်တာတွေကို ရွှေ့ပြောင်းနိုင်ငံသားတွေအပေါ် ပိုကျူးလွန်လာကြောင်းလည်း ထောက်ပြကြပါတယ်။ ဒါက မီဒီယာတွေက တစိုက်မတ်မတ် လုပ်ခဲ့ကြတာပါ။ 

သို့သော် စာဖတ်သူတွေနဲ့ အများစုလူပြိန်းတွေက ဥပက္ခာပြုထားခဲ့ကြတယ်။ ဆိုရှယ်မီဒီယာမှာ အစွန်းရောက်တွေ မွှေးတဲ့မီးတွေထဲက အာရုံပြောင်း အာရုံလွှဲတဲ့ ဘာမဟုတ်တဲ့ အရေးကိစ္စတွေနောက်လိုက်ပြီး မြောနေခဲ့ကြတယ်။ ဥပမာ - တဖက်က နိုင်ငံခြားသားတွေကို မုန်းတီးရေး မီးမွှေးနေရင်းကနေ တရားမဝင်တွေက အစိုးရထောက်ပံ့ကြေးတွေ စားပြီး အခန့်သားနေနေကြောင်း ကို တဆိတ်ပုံကြီးချဲ့ပြီး လူတွေကို fake news hate news တွေနဲ့ မှိုင်းတိုက်နေခဲ့ကြတာကိုး။ 

သည်လိုနဲ့ ဖေ့စ်ဘွတ်နဲ့ ပြည်သူလူထုကြီးဟာ ခေါင်းနဲ့ပန်းလို ခွဲလို့ မရအောင် ဖြစ်နေခဲ့ကြပါပြီ။ ဖေ့စ်ဘွတ်သည် ငါတို့ဘ၀ ဖြစ်ပြီး၊ ငါတို့ဘ၀သည် ဖေ့စ်ဘွတ်တွေ ဖြစ်ကုန်ကြတာ အခုဆိုရင် သိသိကြီး ဝန်ခံကြဖို့ ကောင်းပါပြီ။ သည်တော့ မေးခွန်းက ဖေ့စ်ဘွတ်ကို ဥပဒေနည်းလမ်းများနဲ့ စည်းကြပ်ကြမည်လား။ သို့မဟုတ်ရင်လည်း မိမိကိုယ်ကိုယ် မိမိတို့ စည်းကြပ်ကြမည်လား ဆိုတာ စဉ်းစားရမှာ ဖြစ်ပါကြောင်း။ 

ခင်ဗျား သိပ်၀နေပြီ၊ ရောဂါတွေလည်း ထူလာပြီ။ ဒါကို သိပြီဆိုရင် ခင်ဗျား အစားလျော့စားမလား၊ ခင်ဗျားသိပ်ကြိုက်တဲ့ မုန့်ဟင်းခါးဆိုင်ကို တရားသွားစွဲမလား။ ငံပြာရည် အချိူမှုန့် မသုံးအောင် ပြောကြည့်မလား။


ဆိုရှယ်မိဒီယာအောက်က လွတ်မြောက်ရေး

ရေးနေတာကို သည်အပိုင်းနဲ့ နိဂုံးချုပ်ရပါမယ်။ သိပ်ရှည်နေပါပြီ။

ပထမအချက်က ဆိုရှယ်မီဒီယာကြောင့် စာနယ်ဇင်းဂေဟစနစ် ပျက်စီးရတယ်လို့ အစပိုင်းမှာ ပြောခဲ့ပါတယ်။ စာနယ်ဇင်းတွေ စီးပွားရေးအရ ဝင်ငွေ မရှိတော့ (ကြော်ငြာမရလို့ အဓိက၊ ဝယ်ဖတ်သူကလည်း မရှိ) အလုပ်မဖြစ်၊ ဩဇာကျလာတယ်လို့ ယေဘူယျဆိုနိုင်တယ်။ သို့သော် - ဖေ့စ်ဘွတ်ခေတ်ထဲမှာပဲ လက်ယာစွန်း ရှေးရိုးစွဲတွေ သည်းခြေကြိုက် FOX News Media ဟာ ပန်းပန်လျက်ပဲ။ ဘာကြောင့်လဲ ။ သူ့ပရိသတ်က အားပေးတယ်၊ ငွေကြေးနောက်ခံလည်း ကောင်းတယ်။ သတင်းကနေ ငွေကြေးအမြတ်ထက် နိုင်ငံရေးဩဇာနဲ့ အမြတ်ကို ဦးစားပေးပြီး ရပ်တော့ ခုထိ အားကောင်းတာပေါ့။ သည်လိုမျိုး မီဒီယာတွေကို ကြည့်ရင် - CNN, Al Jazeera, BBC တို့ဟာ နောက်ခံကျောရိုးရှိတဲ့ လုပ်ငန်း သို့မဟုတ် အစိုးရ အင်အားကြောင့် ဆက်ပြီး သက်ဇိုးရှည်တယ်။ အခြား မီဒီယာအများစုကတော့ ဆိုရှယ်မီဒီယာကို မယှှဉ်နိုင်လို့ ရှုံးကြရပါတယ်။

အမေရိကားမှာ အစိုးရကူညီမှုနဲ့ လူထု၏ အလှူထည့်ဝင်မှုနဲ့ ရပ်တဲ့မီဒီယာဆိုလို့ NPR လို ရေဒီယိုဌာန ရှိတယ်။ သူလည်း ခုထိ အားကောင်းတာပဲ။ အစွန်းမရောက်တဲ့ မီဒီယာပဲ။ အစိုးရချည်းက ထောက်ပံ့နေတာလည်း မဟုတ်ဘူး။ သည်တော့ မီဒီယာလုပ်ငန်းရှင်တွေက မီဒီယာကနေ ထမင်းရှာစားမယ်လို့ တွေးလို့မရဘူး။ လုပ်ငန်းရှင်တွေက အခြားအင်အားကို မှီပြီးတော့ မီဒီယာလုပ်သားတွေကို ထမင်း၀အောင်ကျွေးဖို့ အားရှိအောင် မွေးဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ အစိုးရတွေက အရက်တို့ စီးကရက်လုပ်ငန်းတို့ကို အခွန်ကြီးကြီးကောက်ပြီး စည်းကြပ်သလိုမျိုး ဆိုရှယ်မီဒီယာတွေအပေါ်ကနေ ကြော်ငြာကြသူတွေအပေါ်ကိုလည်း အခွန်များများ ကောက်ဖို့ စဉ်းစားသင့်တယ်။ ဒီဂျစ်တယ်ကြော်ငြာဟာ ကမ္ဘာပတ်တာဆိုတော့ အစိုးရတွေက အခွန်စည်းကြပ်ပြီး ငွေကောက်၊ ပြီးတော့ အဲသည်ငွေနဲ့ ပြည်တွင်းက မီဒီယာတွေနဲ့ လူထုအခြေပြု ပညာရေး ကျန်းမာရေး ဖျော်ဖြေရေး လူမှုရေးလုပ်ငန်း ပရဟိတလုပ်ငန်းတွေအတွက် ဘတ်ဂျက်ချပေး ကူညီပေးသင့်တယ်။ ကြော်ငြာတွေကို ကဏ္ဍအလိုက် ခွဲခြားသတ်မှတ်ပြီး အခွန်ကောက်တာဟာ ပြည်တွင်းကြော်ငြာ ပြည်ပကြော်ငြာ နိုင်ငံရေးကြော်ငြာ စသည်ဖြင့်အထိ ပစ်မှတ်ထားရင် ကြော်ငြာရှင်တွေကလည်း မိမိပြည်တွင်းက သတင်းစာ ရုပ်သံမှာ ပြန်ပြီး စျေးသက်သာ လက်တွေ့ကျ ကြော်ငြာ ပြန်ထည့်လာနိုင်ပါတယ်။ အမေရိကန်ထက် ဥရောပသမဂ္ဂဟာ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ဝန်ဆောင်မှု ကုမ္မဏီတွေကို ပိုပြီး စည်းကြပ်မှု လုပ်လာတာ တွေ့နေရပါတယ်။

တတိယအချက်ကတော့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေ၏ အခွင့်အရေးနဲ့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြဖို့ပဲ။ အခုဟာက အလကားရလို့ အလကားသုံးဆိုတော့ ဖေ့စ်ဘွတ်တို့ ဆိုရှယ်မီဒီယာကလည်း အလကားရတဲ့ စားသုံးသူတွေကို ပစ္စက္လက္ခ လုပ်စားတော့တာပဲ။ ခင်ဗျားက ဆိုရှယ်မီဒီယာကို အိမ်တခါး ဖွင့်ပေးလိုက်တော့ ခင်ဗျားနဖူးပေါ်တက်ပြီး ကြော်ငြာကပ်တာပေါ့။ ခင်ဗျားကလေးတွေ အိပ်ခန်းထဲအထိဝင်ပြီး ဆေးလိပ်အရက် ဝင်ရောင်းတော့တာပေါ့။ ဒါကို ခင်ဗျားက ဟီးဟီး ဟီးဟီး လုပ်နေတာကိုး။

ကျနော်တို့က မိမိတို့၏ privacy ကို ကန့်သတ်ရပါမယ်။ အလကားပြန်ပေးလို့ မရဘူး။ သူတို့ဇရပ်မှာ ခင်ဗျားက အလကားတက်ထိုင်လို့ ဆိုပြီး ခင်ဗျား အင်္ကျီ ချွတ်ပြဆို ခင်ဗျား ချွတ်ပြမလား။ အခုက အဲသည်ဇာတ်ခင်းနေတာကို ဆိုရှယ်မီဒီယာစားသုံးသူတွေက သိရမယ်လေ။

အနည်းဆုံးတော့ သူငယ်ချင်း အချင်းချင်းသာဆိုပြီး ရှယ်ရမယ်၊။ မသိတဲ့သူတွေလည်း မြင်ပါစေဆိုပြီး ဖွင့်မပေးရဘူး။ တွေ့တဲ့ဟာတိုင်း ကြိုက်စ်ကြိုက်စ် ဆိုပြီး လိုက်ခ်မပေးကြနဲ့။ တောင်ပြော တောပြောတွေကိုလည်း စွတ်စွတ် ရှယ်မနေကြနဲ့။ မိမိကိုယ်ရေးအချက်အလက်ကိုလည်း ဆိုရှယ်မီဒီယာမှာ တင်ချင်တိုင်း မတင်ရဘူး။ စတိတ်ရှီုးမှာ အတင်းကဲပြီး အော်ဟစ်နေတဲ့ ဆယ်ကျော်သက်လေးလို မနေနဲ့။ တရားပွဲက အဘွားကြီးတွေလို တည်တည်ကြီးနဲ့ ဖေ့စ်ဘွတ်သုံးကြပေါ့။ (အင်း လူကြီးတွေက ဖေ့စ်ဘွတ်ပေါ်မှာ ပိုကဲတယ်။ အခု ကလေးတွေက ဆိုရှယ်မီဒီယာကနေ ဆုတ်ခွာသွားကြပြီ)

သည်လိုဆိုရင် ဆိုရှယ်မီဒီယာတွေက စားသုံးသူတွေကို အလကားရတဲ့ ဟာတွေ ဟာမတွေဆိုပြီး မလေးမစား လုပ်စားနေတာကနေ လေးစား ခံ့ငြားလာပြီး အပေးအယူလုပ်လာမယ်၊ တန်ဖိုးထားလာမယ်။ အဆင့်အတန်းရှိရှိ ဆက်ဆံလာမယ်။

အစကတည်းက ဆိုရှယ်မီဒီယာမှာ လူပြိန်းတွေ နံ့ မနေခဲ့ရင် ထရန့်တောင်မှ သမတဖြစ်လာစရာ မရှိဘူးဆိုတာ ယုံ။
(ဓာတ်ပုံ -ဇန် ၆၊ ၂၀၂၁ က ဝါရှင်တန်လွှတ်တော်ကို ဝင်စီးရန်ကြိုးစားသူ ထရန့်၏ကြမ်းဖက်တို့ကြောင့် လွှတ်တော်အဆောက်အဦအတွင်းရှိ အပျက်အစီးများ)