Breaking News

ကိုသန်းလွင် - ဆိုကရေးတီးနှင့် ဗုဒ္ဓဝါဒ

ကိုသန်းလွင် - ဆိုကရေးတီးနှင့် ဗုဒ္ဓဝါဒ

(မိုးမခ) ဇွန် ၉ ၊ ၂၀၂၃

( ၁ ) 

တစ်ချိန်တုန်းက ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကျော်များ ရှိကြပါသည်။ နပိုလီယံ၊ မိုက်ကယ်ဂျက်ဆင်၊ အီလွန်မတ်၊ မတ်ဇူကာဘတ် စသည်ဖြင့် ကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံ၍ မေးခွန်းမေးလိုစိတ် သင့်တွင် ဖြစ်ပေါ်ကောင်းဖြစ်ပေါ်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် (www.character.ai) ဟု ဆိုသော ဝက်ဆိုဒ်သို့ သွားလိုက်ပါ။ ထိုဝက်ဆိုဒ်တွင် ကျော်ကြားသူများကို တွေ့ဆုံနိုင်သလို သင် ခရီးသွားလို၍ အစီအစဉ်ဆွဲရန်၊ သင် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသော ပြဿနာများ၊ ဘာသာရပ်တခုကို လေ့လာခြင်း စသည့် အလုပ်များကို လုပ်နိုင်ပါသည်။ အေအိုင် (AI-Artificial Intelligence) ဖြင့် စီစဉ်ထားသော ထိုအစီအစဉ်မှာ လူတို့ ဖန်တီးသော အသိဉာဏ်ဖြင့် သင့်ဘဝ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးမည့်နေရာ ဖြစ်ပါသည်။

( ၂ )

ကျွန်တော်သည် ထိုဝက်ဆိုဒ်တွင် ကမ္ဘာကျော် ဖီလိုဆိုဖာကြီး ဆိုကရေးတီးကို တွေ့ခဲ့ရပါသည်။ ဆိုကရေးတီးသည် တွေးခေါ်ပညာရှင်ကြီးအဖြစ် နှစ်ပေါင်း ၂,၅၀၀ ကျော်က ဂရိနိုင်ငံ အေသင်မြို့တွင် နေထိုင်ခဲ့ပါသည်။ သူ့ကို မေးသမျှ အေအိုင်၏ အကူအညီနှင့် သူ ဖြေသလိုဖြေပေးနေခြင်း ဖြစ်ပါသည်။

သူ့မိန်းမ၊ သားသမီး ၃ ယောက်အကြောင်း၊ သူမိတ်ဆွေများနှင့်ပတ်သက်၍ မေးအပြီးမှာ ကျွန်တော်က မေးလိုက်ပါသည်။ “ခင်ဗျားဟာ တနေရာရာမှာ ရပ်ပြီးစဉ်းစားတွေးခေါ်နေတာဟာ တခါတလေ တစ်ရက် နှစ်ရက် ကြာတယ်လို့ ကြားရတယ် ဟုတ်ပါသလား” လို့ မေးလိုက်ပါသည်။ ပလေးတို ရေးသည့် Symposium ဒိုင်ယာလော့တွင် ထိုအကြောင်းကို ရေးသားထားပါသည်။ ကဗျာဆရာကြီး အက်ဂါသွန် (Agathon) ၏ ဆုရရှိသည့် အထိမ်းအမှတ်အဖြစ် စားပွဲသောက်ပွဲ (Banquet) တစ်ခုဖြင့် မိတ်ဆွေများကို ဧည့်ခံသည်။ ထိုဧည့်ခံပွဲသို့ မိတ်ဆွေ အရစ္စတိုဒေးမတ် (Aristodemus) နှင့် လိုက်သွားပုံဖြစ်သည်။ မိတ်ဆွေနှစ်ယောက် အတူလာကြသော်လည်း အက်ဂါသွန်၏ အိမ်သို့ ဆိုကရေးတီး ပါမလာပါချေ။ လမ်းတဝက်မှာရှိသည့် အိမ်တအိမ်၏ ပေါ်တီကို သို့အရောက်မှာ မတ်တတ်ရပ်ရင်း ကျန်ရစ်ခဲ့သည်။  ဘယ်မှာ ရောက်နေသလဲ ဆိုသည်ကို ဘေးနားက လူများက သတင်းပေးသဖြင့် ဆိုကရေးတီးသည် အိမ်တစ်အိမ်ရှေ့က ပေါ်တီကို အရောက်မှာ မတ်တတ်ရပ်ရင်း တွေးခေါ်နေပုံရကြောင်း ပြောကြသည်။

တကြိမ်တွင် အယ်ဆီဗိုက် (Alcibiade) ဆိုသူက ဆိုကရေးတီးသည် တစ်နေရာတွင် ရပ်၍ တွေးခေါ် စဉ်းစားနေ ကြောင်း၊ မနက်ခင်း သူနှင့် တွေ့သည်မှ ညနေခင်းရောက်သည့်တိုင် နေရာမပြောင်းသေးကြောင်း၊ ဘေးအနီး နားမှ လူများက ဖျာခင်း၍ သူ့ကို နေရာရွေ့မလားဟု စောင့်ကြည့်နေကြကြောင်း ပြောပါသည်။ နောက်ဆုံးတွင် ဆိုကရေးတီး၏ တစ်နေရာရာတွင် မတ်တတ်ရပ်၍ စဉ်းစားနေသည်မှာ တစ်ခါတရံ တစ်နေကုန် ကြာတတ်ကြောင်း ဖီလိုဆိုဖာကြီးသည် တစုံတရာကို အခဲမကျေသဖြင့် ရှင်းလင်းသွားအောင် စဉ်းစားတွေးခေါ် နေဟန်တူကြောင်း ပြောကြပါသည်။ ထိုကြားရချက်များကို မူတည်၍ ကျွန်တော်က ဆိုကရေးတီးကို မေးလိုက်ခြင်း ဖြစ်ပါသည်။

သူဟာ ရပ်ပြီး လူ့ဘဝအကြောင်း၊ ဘဝရဲ့ အဓိပ္ပာယ် လူနှင့် ပတ်ဝန်းကျင်တို့၏ ဆက်သွယ်ပုံတို့ကို ရောက်တတ်ရာရာ စဉ်းစားနေကြောင်း ဖီလိုဆိုဖာကြီးက ဖြေပါသည်။ “တစုံတခုကို အခဲမကြေဖြစ်လို့ စဉ်းစားနေတာလား” ဟု ကျွန်တော်က မေးလိုက်ပါသည်။ “တစ်ခါတရံတော့ ဦးနှောက် ရှုပ်ထွေးစရာတွေရှိလာရင် ဒီလိုနည်းနှင့် စဉ်းစားလိုက်လျှင် အချိန်ကြာလာတာနှင့်အမျှ ရှင်းသွားပါတယ်”  ပြဿနာမရှိသည့်တိုင် အခုလို စဉ်းစားရတာဟာ သူ့အတွက် အလုပ်တခုလို ဖြစ်လာပါတယ်။ “တစ်နေ့ တစ်နေ့ အချိန်နာရီများစွာ တစ်ယောက် တည်းရပ်ပြီး စဉ်းစားမိပါတယ်” ဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ မြင့်မြတ်ခြင်း (Virtue) ရဲ့ နောက်ကို လိုက်ဖို့ပါ။ မြင့်မြတ်ခြင်းဟာ ကောင်းတဲ့ဘဝတခုကို တည်ဆောက်နိုင်ပါသည်။ အဓိပ္ပာယ်ကတော့ ဂုဏ်ရှိစွာ နေထိုင်ခြင်း၊ ခွန်အားသတ္တိနှင့် ပြည့်စုံခြင်း၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတဲ့ ဘဝတစ်ခု ဖြစ်ဖို့ပါပဲဟု ပြောသည်။ ဤနည်းနှင့် နေလိုက်တဲ့အခါမှာ မြင့်မြတ်ခြင်းဆိုတဲ့ တရားဟာ ကိုယ့်နောက်ကို လိုက်လာပြီး၊ ပျော်ရွှင်စရာကောင်းပြီး ပြည့်စုံတဲ့ဘဝတခုဖြစ်အောင် ဖန်တီးပေးတော့တာဘဲ။

“ကျွန်တော်ဟာ တခြားလူတွေကို ဒီလို နေထိုင်ခြင်းကြောင့် ပျော်ရွှင်စရာကောင်းတဲ့ ဘဝတခုအဖြစ် ကျေနပ်အားရမှုကို ရှာဖွေသူတိုင်း ရရှိနိုင်တယ်ဆိုတာကို သိစေချင်ပါတယ်၊ ပြည့်စုံတဲ့ဘဝ ပျော်ရွှင်စရာကောင်းတဲ့ ဘဝတခုကို ဖန်တီးပုံဒီနည်းလမ်းဟာ တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေမယ့် နည်းလမ်းပေါင်းမြောက်မြားစွာထဲက တစ်ခုပါဘဲ။ ကျွန်တော့်ရဲ့စကားတွေဟာ ဒီလမ်းကို ရှာဖွေဖို့အတွက် လူတွေကို အကူအညီ ဖြစ်စေချင်တယ်” ဟု သူ၏ဆန္ဒကို ပြောပြသည်။

ဆိုကရေးတီးသည် သူ၏အကြောင်းကို စာတစ်လုံးတလေမျှ ရေးမသွားသဖြင့် ကျွန်တော်တို့သည် သူ့အကြောင်း အရင်းအမှန်ကို မသိရပါ။ သူ့အကြောင်းကို သူ့တပည့် ပလေတို နှင့် ဇီနိုဖုန် (Xenophon) တို့ကဲ့ သို့သော လူများက ပြန်ရေးသမျှကိုသာ သိရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဘာထရန်ရပ်ဆဲလ်က သူ့အကြောင်း ကို “သိသလား၊ မသိသလား မသေချာ” ဟု ရေးခဲ့ခြင်း ဖြစ်ပါသည်။ ပလေတိုက သူ့ဒိုင်ယာလော့များတွင် ဖီလိုဆိုဖာနှင့် ဘေးကလူများ၏ မေးမြန်းပုံ ဆိုကရေးတီးက ပြန်ပြောပုံ စသည်တို့ကို မှတ်တမ်းတင်ခဲ့သည်။

ဤနေရာတွင် ဗုဒ္ဓ၏ အယူအဆမှ တရားထိုင်ခြင်းနှင့် ဆင်ဆင်တူနေသည်ကို သတိရသဖြင့် “ဗုဒ္ဓဝါဒ နှင့် ကွာခြားတဲ့ အချက်ကို ရှင်းပြပါ” ဟု မေးလိုက်ပါသည်။ ဆိုကရေးတီးက ခြားနားချက်က ရှင်းရှင်းလေးပါ ဟုဆိုသည်။ ဗုဒ္ဓဝါဒဟာ ငြိမ်းချမ်းရေးနှင့် ဘဝတစ်ခုကို လက်ခံနိုင်တဲ့ အခြေအနေရောက်အောင် လေ့ကျင့်တာပါ။ ဒါဟာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး နားလည်မှုရမယ်၊ ပြီးတော့ ဒီဘဝကို ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ပြီး တစုတစည်းတည်း ဖြစ်စေပါသည်။ တရားထိုင်ခြင်းဟာ စိတ်ကို ငြိမ်သက်စေသည်။ ဖိအားကို လျော့ကျစေပြီး လွတ်မြောက်ရာ အခြေအနေတခုကို ရရှိသွားစေနိုင်တယ်ဟု ပြောသည်။

ဗုဒ္ဓဝါဒဟာ လွတ်မြောက်ခြင်းကို ဖြစ်စေတယ်ဆိုတာတော့ ဟုတ်ပါပြီ။ ဖီလိုဆိုဖာကြီးက တရားထိုင်သလို ငြိမ်သက်ပြီး စဉ်းစားတာရဲ့ ရည်ရွယ်ချက် (End game) ဘာပါလဲဟု ကျွန်တော်က မေးလိုက်သည်။

ကွန်ပျူတာက ကျွန်တော် လိုချင်သောအဖြေကို တိတိကျကျ မပေးပါ။ တစ်ယောက်တည်း စဉ်းစားခြင်းဟာ မိမိရဲ့ကိုယ်ခံအားကို တိုးတက်စေတယ်။ တွေ့လာတဲ့ အခက်အခဲတွေကိုလည်း လေးလေးနက်နက် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်တယ်ဟု ဆိုသည်။

ထိုအချက်မှာ မှားသောအချက် မဟုတ်ပါ။ ကျွန်တော်တို့ စဉ်းစားလက်ခံနိုင်ပါသည်။ သို့ပါသော်လည်း ၎င်း၏အန္တိမ “အဆုံးစွန်သော ရည်ရွယ်ချက်” က ဘာလဲဆိုတာကို ဝိုးတိုးဝါးတားသာ ပြောနိုင်ပါသည်။

မိမိဘာသာ တယောက်တည်း တွေးတောခြင်းဟာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး အတွင်းက အသိဉာဏ်နှင့် ဦးနှောက်ကို ရှင်းလင်းသွားစေပါတယ်။ အချို့သော လူများက လမ်းအကြာကြီးလျှောက်ရင် စိတ်ကို ငြိမ်သက်စေပြီး ပြဿနာရှင်းလင်းသွားစေနိုင်ကြောင်း ပြောကြပါသည်။ ဆိုကရေးတီးက ငြိမ်းချမ်းတဲ့ စိတ်အနေအထားတခုနှင့် ဘဝလွတ်မြောက်ရေး (Enlightment) အတွက် အလုပ်လုပ်နေရတာ မဟုတ်ပါဘူးဟုလည်း ပြောသည်။ သို့သော် ဤလုပ်ခြင်းကြောင့် သူ့ဘဝ ပိုမိုတိုးတက်ပြီး လူတို့ရဲ့သဘာဝကြီးကို ပိုမိုနားလည်လာနိုင်ပါသည်ဟု ပြောသည်။

ကျွန်တော် ယုံကြည်တဲ့ဘ၀ ဆိုတာဟာ မြင့်မြတ်ခြင်းနှင့် အကြောင်းပြချက်ရှိရှိ ခိုင်ခိုင်လုံလုံရှိဖို့၊ ဒါဟာ ဘဝတခုလုံးရဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ။ ပြင်ပကမ္ဘာကြီးနှင့် ဟန်ချက်ညီညီနေပြီး သက်ရှိသတ္တဝါ အားလုံးနှင့် ချစ်ချစ်ခင်ခင်နေဖို့ပါ ပြောသွားသည်။ ကိုယ့်ဘာသာကိုယ် ပြန်လည်သုံးသပ်ရင်းနှင့် သဘာ၀ ကြီးနှင့် ဟန်ချက်ညီညီနေဖို့ အလိုလိုဖြစ်လာပါလိမ့်မည်။ မည်သို့ပင်ဆိုစေ ဖီလိုဆိုဖာကြီး၏နည်းနှင့် ဗုဒ္ဓဝါဒသည် ကမ္ဘာကြီးကို သင်ကြားပြသရန် အချက် အများကြီး ရှိနိုင်သည်ဟု ကျွန်တော် သဘောပေါက်မိသည်။

( ၃ )

“ဤ တလံမျှလောက်သော မိမိ၏ ခန္ဓာ၊ ရုပ်နာမ်အတွင်း၌ ဆင်းရဲအမှန် ဖြစ်နေသောတရား၊ ဆင်းရဲ ဖြစ်စေတတ်သော အမှန်တရား၊ ဆင်းရဲချုပ်သော အမှန်တရား၊ ဆင်းရဲချုပ်ကြောင်း အမှန်တရား ဤလေးပါး သော အမှန်တရားတို့သည်မိမိခန္ဓာကိုယ်မှာ အသီးသီးရှိပေကုန်၏” ဟု စတုက အင်္ဂုတ္ထိုရ်တွင် မြတ်စွာဘုရား ကိုယ်တော်တိုင်က ဟောတော်မူခဲ့ပါသည်။

ဆိုကရေးတီး၏ လုပ်ဆောင်ချက်များမှာ မိမိကိုယ်ခန္ဓာအတွင်းတွင် အမှန်တရားရှာဖွေနေသော လူတစ်ယောက်၏ အပြုအမူမဟုတ်ပါသလော။ သူက မိမိဘဝတိုးတက်ရေးနှင့် သဘာဝတရားကြီးကို ပိုမိုနားလည်မှုရနိုင်ဖို့ပါဟု ဆိုခဲ့သည်။

 ဝေဘူဆရာတော်ကြီးကလည်း နှာသီးဖျားတွင် ဝင်ထွက်နေသော လေကလေးကို စောင့်ကြည့်၍ စိတ်ကို ဘယ်ကိုမှ မရောက်ရအောင် ထိန်းသိမ်းထားခြင်းသည် နိဗ္ဗာန်ဖြတ်လမ်းပါဟု ဟောတော်မူခဲ့သည်။ ဝေဘူဆရာတော်၏ ထွက်လေ ဝင်လေကို သိခြင်းနှင့် ဆိုကရေးတီး၏ မိမိကိုယ်ကို ရှာဖွေခြင်းတို့သည် မည်သည့်နေရာ၌တူ၍ မည်သည့်နေရာ၌ ကွဲပြားသည်ကို စဉ်းစားဝေဖန်ရန် ကျွန်တော် ဉာဏ်မမီပါ။

Ref: Symposium By Plato



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar