Breaking News

မင်းထက်မောင် - အေးစက်စက်ရှင်သန်မှု

Art - Than Htay Maung


မင်းထက်မောင် - အေးစက်စက်ရှင်သန်မှု

(မိုးမခ ၊ စက်-ဒီ ၂၀၂၀ ပုံနှိပ်)
(မိုးမခ) ဇန်နဝါရီ ၂၀၂၁



လေတွေတိုက်တယ်
မိုးတွေရွာတယ်
ပြတင်းပေါက်တွေကိုအမြန်လိုက်ပိတ်တယ်
ပြီးတော့ မီးက ပျက်သွားတယ်။

မှန်ပြတင်းပေါက်ကိုဖြတ်ပြီး
မြင်ရတဲ့မြင်ကွင်းထဲမှာ
သစ်ပင်တွေဟာ ယိမ်းထိုးလှုပ်ရှား
လမ်းပေါ်မှာ လူတစ်ချို့လည်း ပြေးလွှားလို့။

အိမ်ထဲမှာမှောင်နေပေမယ့်
အိမ်ထဲကလူတွေရဲ့လက်ကိုင်ဖုန်းမျက်နှာပြင်တွေ
ကိုယ်စီကိုယ်င လင်းပကာ
တစ်နေရာချင်းဆီမှာ ငြိမ်သက်တိတ်ဆိတ်။

တောင်တရုတ်ပင်လယ်ထဲမှာ
မုန်တိုင်းဒီရေအမြင့်ဘယ်လောက်ရှိသလဲ
ဘင်္ဂလားပင်လယ်အော်ထဲမှာရော
ဘယ်သူတွေ ပျော်နေမှာတဲ့လဲ။

ရွာချတဲ့မိုးက ရေပါလှသမို့
အိ်မ်ရှေ့မြောင်းရေက မြောင်းဖုံးပေါ်ကျော်လွန်ဖြတ်စီး
ထီးဆောင်းထားသူလည်း ရွှဲရွှဲစိုတဲ့လောကကြီး
ဆယ့်နှစ်မီးဟာ မငြိမ်းဘူး။

ဒါပေမယ့်လည်း အချိန်တန်ရင်
အရာရာဟာ ပြီးဆုံးသွားလိမ့်မယ်လို့လဲ
အားလုံးက သဘောထားခဲ့ကြ
ရေခဲဓားသွားလို ဘဝအမောများ ။ ။

မင်းထက်မောင်
၅၊ ၈၊ ၂၀၁၉