စိုးခိုင်ညိန်း - အိမ်အပြန်

စိုးခိုင်ညိန်း - အိမ်အပြန်
(မိုးမခ၊ စက်-ဒီ ၂၀၂၀ မဂ္ဂဇင်း ပုံနှိပ်)
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၂၁
တစ်နေ့လုံး ခုတ်မောင်းလာတဲ့ ရထားတစ်စင်း မောကြီးပန်းကြီး ဘူတာထဲ ခေါင်းထိုးဝင်လာသလို ညနေ ခင်းဟာ ချွေးသံတရွှဲရွှဲနဲ့ စောင်းကျလာတော့ သူတို့ အိမ်ပြန်လာကြတယ်။ အိမ်ရှိတယ်ဆိုရင်တော့ အိမ်ကို ပြန်ကြရမှာပဲ။ အိမ်မရှိလည်း အိပ်လို့ရမဲ့ တနေရာရာကိုတော့ ပြန်သွားကြရမှာပဲ။ ကမ္ဘာဦးအစက ကျောက်ဂူတွေကို အိမ်လုပ်နေကြတဲ့ လူတွေလည်း ရရှိလာတဲ့ သွေးသံရဲရဲ သားကောင်ကို ထမ်းပြီး အိမ်ကို ပြန်လာကြတာပဲ။ အိမ်အပြန်လမ်းတိုင်းဟာ ချောမွေ့နေတတ်တာတော့ မဟုတ်ပါဘူး။ အိမ်ကိုပြန်ရင်းနဲ့ လမ်းပျောက်ပြီး အိမ်ပြန်မရောက်တဲ့ အဖြစ်တွေလည်း ရှိနိုင်တာပါပဲ။ သားကောင်ကိုထမ်းပြီး အိမ်ပြန်အလာမှာ သားကောင်နဲ့ ပက်ပင်းတိုးလို့ ကိုယ်တိုင်သားကောင် ပြန်ဖြစ်သွားတဲ့ အဖြစ်မျိုးတွေပေါ့။
အင်္ဂတေတွေ၊ ထုံးတွေ၊ ဘိလပ်မြေတွေနဲ့ ပေကျံပြီး ဖြူဖတ်ဖတ် အသားမာတက်နေတဲ့ လက်တွေ၊ ခြေထောက်တွေကို ဆေးကြော၊ ဖုန်မှုံ့တွေ တင်နေတဲ့ ဆံပင်ကို ဖြီးကျ၊ ချွေးစီးကြောင်းထနေတဲ့ သနပ်ခါးပါးကွက်ကြားကို ဒီအတိုင်းထားပြီး လုပ်ငန်းသုံး လုံချည် အကျီင်္တွေကို လဲဝတ်၊ သိုးနံ့ထွက်နေတဲ့ ထမင်းချိုင့်လေးဆွဲပြီး ထွက်လာတဲ့ ပန်းရံသမလေးလည်း ဘယ်ပန်းမှ ရံမထားတော့ လမ်းပေါ်မှာ မလန်းနိုင်တော့တဲ့ မျက်နှာလေးနဲ့ တစ်ညတာ အပန်းဖြေဖို့ အိမ်ပြန်လာရတယ်။
တစ်နေ့လုံး ခုတ်မောင်းလာတဲ့ ရထားတစ်စင်း မောကြီးပန်းကြီး ဘူတာထဲ ခေါင်းထိုးဝင်လာသလို ညနေ ခင်းဟာ ချွေးသံတရွှဲရွှဲနဲ့ စောင်းကျလာတော့ သူတို့ အိမ်ပြန်လာကြတယ်။ အိမ်ရှိတယ်ဆိုရင်တော့ အိမ်ကို ပြန်ကြရမှာပဲ။ အိမ်မရှိလည်း အိပ်လို့ရမဲ့ တနေရာရာကိုတော့ ပြန်သွားကြရမှာပဲ။ ကမ္ဘာဦးအစက ကျောက်ဂူတွေကို အိမ်လုပ်နေကြတဲ့ လူတွေလည်း ရရှိလာတဲ့ သွေးသံရဲရဲ သားကောင်ကို ထမ်းပြီး အိမ်ကို ပြန်လာကြတာပဲ။ အိမ်အပြန်လမ်းတိုင်းဟာ ချောမွေ့နေတတ်တာတော့ မဟုတ်ပါဘူး။ အိမ်ကိုပြန်ရင်းနဲ့ လမ်းပျောက်ပြီး အိမ်ပြန်မရောက်တဲ့ အဖြစ်တွေလည်း ရှိနိုင်တာပါပဲ။ သားကောင်ကိုထမ်းပြီး အိမ်ပြန်အလာမှာ သားကောင်နဲ့ ပက်ပင်းတိုးလို့ ကိုယ်တိုင်သားကောင် ပြန်ဖြစ်သွားတဲ့ အဖြစ်မျိုးတွေပေါ့။
အင်္ဂတေတွေ၊ ထုံးတွေ၊ ဘိလပ်မြေတွေနဲ့ ပေကျံပြီး ဖြူဖတ်ဖတ် အသားမာတက်နေတဲ့ လက်တွေ၊ ခြေထောက်တွေကို ဆေးကြော၊ ဖုန်မှုံ့တွေ တင်နေတဲ့ ဆံပင်ကို ဖြီးကျ၊ ချွေးစီးကြောင်းထနေတဲ့ သနပ်ခါးပါးကွက်ကြားကို ဒီအတိုင်းထားပြီး လုပ်ငန်းသုံး လုံချည် အကျီင်္တွေကို လဲဝတ်၊ သိုးနံ့ထွက်နေတဲ့ ထမင်းချိုင့်လေးဆွဲပြီး ထွက်လာတဲ့ ပန်းရံသမလေးလည်း ဘယ်ပန်းမှ ရံမထားတော့ လမ်းပေါ်မှာ မလန်းနိုင်တော့တဲ့ မျက်နှာလေးနဲ့ တစ်ညတာ အပန်းဖြေဖို့ အိမ်ပြန်လာရတယ်။
တစ်နေကုန် ညောင်းကိုက်နေတဲ့ ခြေထောက်တွေ၊ စက်ရုပ်ဆန်ဆန် လှုပ်ရှားနေရတဲ့ လက်ချောင်းတွေကို တစ်ဖျောက်ဖျောက်ချိုး၊ နွမ်းနေတဲ့ မျက်နှာကို တို့ဖတ်လေးရိုက်၊ ပြေကျနေတဲ့ ဆံပင်တွေကို ပြင်စည်း၊ တွန့်ကြေနေတဲ့ အကျီ လုံချည်တွေ ဆွဲဆန့်၊ ခေါင်းတိုင်က တလူလူလွင့်နေတဲ့ မီးခိုးတွေလို မောဟိုက်နွမ်းလျှနေတဲ့ စက်ရုံအလုပ်သမလေးလည်း တစ်ညတာ အိမ်လေးထဲ မီးဖိုဖို့ အိမ်ပြန်လာရတယ်။
တစ်နေကုန် စိမ်းလန်းနေဖို့ ဟင်းရွက်စိမ်းတွေပေါ် ရေဖြန်း၊ ငုံနေတဲ့ ပန်းလေးတွေကို ဆွဲဖွင့် ၊ ဘဝရဲ့ ဖုထစ်ကြမ်းထမ်းမှုတွေကို ဓါးနဲ့ ခုတ်ထစ်နေသလို ဘဝကြမ်းကြမ်း လက်ကြမ်းကြမ်းတွေနဲ့ ခုတ်ထစ် နေတဲ့ စျေးထဲက စျေးသမတွေလည်း ခုတ်သားစတွေ၊ မလန်းဆန်းတော့တဲ့ ဟင်းရွက်အညှိုးတွေနဲ့ အတူ အိမ်ပြန်လာရတယ်။
လမ်းတကာသွား၊ အမှိုက်ပုံတွေကို ထိုးဖောက်ဖြဲရှာ၊ ရေသန့်ဗူးအလွတ်တွေလို ဘဝအလွတ်တွေ၊ သံချွန်နဲ့ထိုးဖောက်ထားတဲ့ ပလပ်စတစ်တွေလို ကျောပြင်က အကျီအပြဲတွေ၊ ဦးထုတ်တစ်လုံး ဆောင်း ထားရုံနဲ့ လာသမျှအပူ ခုခံနိုင်တယ်ဆိုတဲ့ ဝမ်းမီးနဲ့ လောင်နေတဲ့ ပလပ်စတစ်ကောက်သမလေးတွေ လည်း ရလာတဲ့အမှိုက်မဟုတ်တဲ့ အမှိုက်တွေကို ထမ်းပြီး အိမ်ပြန်လာရတယ်။
အိမ်ကြိုအိမ်ကြား၊ လမ်းကြိုလမ်းကြား နေရာအနှံ့ လျှောက်သွား၊ အသိုက်ထဲက စာကလေးတွေ အတွက် စပါးနှံတွဲတွေထမ်း၊ မောပန်းလည်း စာကလေးအိမ်ကလေးတွေကိုထမ်း၊ ဘဝမခါးဖို့ မုန့်ဟင်း ခါးဆိုင်းထမ်းကိုထမ်း၊ ဘဝကို အရသာရှိရှိခံစားဖို့ ဝက်သားဒုတ်ထိုးဆိုင်းထမ်းကိုထမ်း၊ ဘီဒိုကြီးကို ထမ်း၊ လေးလှတဲ့ ဝန်ထုတ်ကြီး ပစ်ချချင်လို့ ဘာလာလာအကုန်ထမ်းမဲ့ အထမ်းသမားတွေလည်း အိမ်ပြန်လာရတယ်။
ပြယ်လွင့်နေတဲ့ နှုတ်ခမ်းနီကို ပြန်ဆိုး၊ ဘီယာနံ့တွေစွဲကျန်နေတဲ့အကျီကို ရေမွှေးဖြန်း၊ ပါးမှာ ကပ်မကျန် တော့တဲ့မိတ်ကပ်တွေကို ပြန်ဖို့၊ တစ်ကိုယ်လုံး လုံးခြေခံထားရသလို အနှိပ်ခံထားရတဲ့ကေတီဗွီက အနှိပ်သမလေးတွေလည်း အိမ်ပြန်လာရတယ်။
ဖုန်မှုန့်တွေ၊ အမှုံအမွှာတွေနဲ့ တစ်ကိုယ်လုံးပေကျန်နေတဲ့ ပွဲရုံက အလုပ်ကြမ်သမားလည်း စက်ဘီးမှာ ခေါက်ဆွဲထုတ်လေးချိတ်ပြီး အိမ်ပြန်လာတယ်။ ကုန်းဆင်း ကုန်းတက်တွေကို ခါးချိအောင် ကုန်းကုန်း ပြီး နင်းတက်နေရတဲ့ဆိုက်ကားသမားလည်း ဘဝတစ်ခုလုံး တင်နင်းပြီး အိမ်ပြန်လာရတယ်။
ဖတ်လက်စ ဖက်ရှင်မဂ္ဂဇင်းထဲက မော်ဒယ်လှလှလေးတွေရဲ့ အသစ်အဆန်း ဒီဇိုင်းတွေကို စိတ်ထဲ တေးမှတ်ပြီး စာအုပ်ကိုပိတ်၊ မနက်ကပြင်ခဲ့တဲ့အတိုင်း ဘာတစ်ခုမှ အလှမပျက်သေးတဲ့ ခန္ဓာကိုယ်ကို ပြန်ကြည့် ၊ လိုအပ်တဲ့နေရာကို ပြန်ပြင်၊ ရေမွှေးထပ်ဖြန်း၊ မလိုအပ်လည်း နှုတ်ခမ်းနီပြန်ဆိုး မိတ်ကပ် ထပ်ဖို့၊ နေကာမျက်မှန် ကောက်တပ်၊ လက်ဆွဲအိပ်ကို ဟန်ပါပါလွယ်၊ ဒေါက်ဖိနပ်နဲ့ ကြမ်းပြင်ကို တဒေါက်ဒေါက်ခေါက်ပြီး ဆုံလည်ကုလားထိုင်ကနေ ထ၊ ဆင်နားရွက်တံခါးဖွင့်ပြီး အဲယားကွန်းခန်းထဲ ကထွက်လာတဲ့ သူဌေးမလည်း အိမ်ပြန်လာရတယ်။
လွှင့်တက်သွားတဲ့ စီးကရက်မီးခိုးကို အရသာခံကြည့်၊ စကပ်တိုတို ပေါင်သားဖွေးဖွေးကို အနားမှာထား၊ သရီးစတပ် ငွေအိုရောင် လည်ဟိုက်မလေးတွေ ကို ကျောက်စိမ်းရိုင်းတစ်တုံးကို တန်ဖိုးဖြတ်အကဲခတ် ကြည့်သလို စိမ်ကြည့်၊ ရေခဲစိမ်ထားတဲ့အရက်ခွက်ကို စိမ်ပြေနပြေသောက်၊ အတက်ချီးကေ့စ် အိပ်ကိုင် ထားတဲ့ အတွင်းရေးမှုးမလေးကို သွားလေရာ ခေါ်ခေါ်သွားတတ်တဲ့ ကုမ္ပဏီပိုင်ရှင်ဘောစိလည်း အိမ် ပြန်လာရတယ်။
အသီးသီး အိမ်ပြန်လာကြမဲ့သူတွေကို အိမ်တွေရဲ့ အမှောင်ရိပ်အတွင်းပိုင်းကနေ လမ်းမပေါ်ဆီ မျှော် လင့်နေကြတဲ့ အရောင်မွဲမွဲ မျက်လုံးအစုံတွေလည်း တဖြေးဖြေး အရောင်မှိန်သထက်မှိန်ကာ အိမ် ကလေးတွေက အိုဟောင်းဆွေးမြည့်လာတယ်။ လမ်းတကာလှည့် ခေါင်းပေါ်ကဗန်းထဲမှာ အိုးလေး တွေစီထည့်ပြီး အိုးလေးဒိန်ချဉ်လို့ လိုက်အော်ရောင်းနေတဲ့ အမေကို ခနော်နီခနော်နဲ့ အိမ်လေးက စောင့် မျှော်နေရတယ်။ လူတွေပြားပန်းခတ်နေတဲ့သင်္ဘောဆိပ်မှာ ကွမ်းယာ၊ ဆေးလိပ်ဆိုပြီးအော်ဟစ် လူတွေ ကြားလူးလားခေါက်တွန့် ပြေးလွှားနေရတဲ့ သမီးလေးကို ဝါးကြမ်းခင်းလေးတွေနဲ့ ဆောက်ထားတဲ့အိမ် က စောင့်မျှော်နေရတယ်။ ကတ္တရာအရည်ပျော်မတတ်ပူပြင်းလှတဲ့ နေရောင်အောက်မှာ ဦးထုတ်မပါ ခြေဗလာနဲ့ ဂျာနယ်တွေ စာစောင်တွေ လက်ပွေ့ အော်ရောင်းနေတဲ့ မီးပွိုင့်က ဦးလေးကြီးကို မိုးကာစ တွေမိုးထားတဲ့ အိမ်ကလေးက စောင့်မျှော်နေပါတယ်။ ညနေခင်းကြီးထဲ အိမ်ပြန်မယ် အိမ်ပြန်မယ် လို့ ပါးစပ်က မီးထွက်အောင်အော်ခေါ်၊ ကားနောက်မြီးက ခြေတင်ခုံမှာ ခြေတစ်ဖက်ရပ်ပြီး ဘဝကြီး ထဲပြုတ်မကျအောင် ချိတ်တွယ်ကပ်ပါသွားတဲ့ ကားပေါ်ကစပယ်ယာလေးကို မြို့စွန်က တဲကုပ် ကလေးက စောင့်မျှော်နေပါတယ်။
စက်ရုံမှာ ညဆိုင်း ဆင်းရတာပါလို့ ပြောပြောသွားတဲ့ တံတားအောက် အမှောင်ရိပ်လမ်းဘေးတွေမှာ လျှောက်သွား တည်းခိုခန်းနဲ့ နိုက်ကလပ်တွေမှာ ပျော်ပါးတဲ့ ညဥ့်ငှက်မလေးကို ယိုင်နဲ့နဲ့ အိမ်ကလေးက စောင့်မျှော်နေပါတယ်။ ရထားတွဲတွေ တစ်တွဲပြီး တစ်တွဲကူးခတ်ပြီး ခြင်းတောင်းထဲ ရာသီပေါ်သီးနှံ လေးတွေ လိုက်ရောင်းနေတဲ့ ညီမလေးကို မြို့စွန်စိုက်ခင်းထဲက တဲအိမ်ကလေးက စောင့်မျှော်နေပါ တယ်။
ဟို ရေခြားမြေခြား နိုင်ငံတစ်ခုလုံး ခြားထားတဲ့ နိုင်ငံခြားမှာ သက်စွန့်ဆံဖြား ငါးဖမ်းသင်္ဘောပေါ်က အလုပ်ကြမ်းသမားတွေရဲ့ အိမ်အပြန်၊ အိမ်ရှင်ရဲ့ မျက်နှာကို စိုးတထိတ်ထိတ် စောင့်ကြည့် နေ့မအား ညမအား ဘဝကို အလောင်းအစားထားပြီး လုပ်နေကြတဲ့ အိမ်ဖော်မလေးတွေရဲ့ အိမ်အပြန်၊ ဆောက် လုပ်ရေးလုပ်ငန်းခွင်က ဘဝကို ကြုံသလို ချည်တုတ်ထားတဲ့ သံချည် သံကွေးသမားလေးတွေရဲ့ အိမ် အပြန်၊ အိမ်တွေ မီးလောင်လို့ ၊ ဗုံးဒဏ်ကြောင့် တစ်ရွာလုံး ပြာကျလို့ ရရာအထုပ်ဆွဲပြီး ပြေးထွက်သွား ကြတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ အိမ်အပြန်၊ မျှော်လင့်ချက်တွေ အညွှန်းချိုး၊ ဘဝရဲ့ ခံယူချက် မာမာ ဇောက်ထိုးမိုးမျှော်အဖြစ်တွေနဲ့ လွင့်စင်သွားကြတဲ့သူတွေရဲ့ မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်နှင့် အိမ်အပြန်၊ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ပြန်လာကြမဲ့ အိမ်အပြန်တွေကို ဆောက်လက်စ မြန်မာနိုင်ငံ အိမ် တော်ကြီးကနေ စောင့်မျှော်နေပါတယ်။
နိုင်ငံကြို နိုင်ငံကြား၊ မြို့ကြိုမြို့ကြား၊ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ လမ်းကြို လမ်းကြား၊ ဘဝကြို ဘဝ ကြား၊ အလွှာအထပ်ထပ်တွေကြား ဆုံလည်နွား တစ်ကောင်လို ပြားယာခတ်လှည့်လည်၊ မျက်စိလည် လမ်းမှား၊ အဆက်အသွယ်က ပြတ်တောက် ကောင်းကင်က ဓူဝံကြယ်အမှတ်အသားနဲ့ အိမ်ကို ပြန်လာ တယ်။
အိမ်ပြန်လာတိုင်း အိမ်ကို ရောက်နိုင်ရဲ့လား။ အိမ်ကိုရောက်တိုင်း အိမ်ကို တွေ့ပါရဲ့လား။ အိမ်ပြန်လာတဲ့ အမြန်လမ်းပေါ်မှာ အိမ်ပြန်မရောက်နိုင်တော့တဲ့ အဝေးပြေးကားတစ်စင်းက သုံးလေးပတ်လည်ပြီး ပိန်ရှုံ့သွားတယ်။ အိမ်ပြန်လာတဲ့ လမ်းထိပ်က ဆိုက်ကားလေးကို ကုန်တင်ကားကြီးက တက်ကြိတ် သွားတယ်။ အိမ်ပြန်ရောက်ဖို့ ဇောသန်နေတဲ့ တက္ကစီးတစ်စီးရဲ့ အမြန်နှုံးက လမ်းဘေးဓါတ်တိုင်ကို ဝင်ကျံုးသွားတယ်။ အမှောင်ထဲ ပီကေတစ်ဖောက်ဖောက်မှုတ်ရင်း အိမ်ပြန်လာတဲ့ ညမွှေးပန်း လေးကို တံတားပေါ်မှာ ဓါးနဲ့ အထိုးခံလိုက်ရတယ်။ ဆိပ်ကမ်းမှာ ခိုစာလေးတွေထည့်ထားတဲ့ ဗန်း ကလေးဟာ တစ်ဖက်ကမ်းက အိမ်အပြန်မှာ မြစ်လယ်ခေါင်ရေပြင်မှာ ပေါ်လောမြောနေတယ်။
သံဒယ်အိုးထဲက မြေပဲတောင့်တွေကို အပူပေးလှော်ဖို့ မီးကျီးရဲရဲနဲ့ လက်တွန်းလှည်းကလေးဟာ အိမ်ပြန်ရောက်တော့ အိမ်ကလေးဟာ ပြာအတိဖုံးနေခဲ့ပြီ။ လမ်းဘေးက ပလက်ဖောင်းပေါ်မှာ တစ်နေကုန် ကူပါကယ်ပါ၊ သနားပါလို့ အော်ဟစ် အသနားခံနေတဲ့ တုန်တုန်ချိချိခွက်ကလေးဟာ လမ်းဘေးက သူ့အိမ်ကလေးဆီ ရောက်တော့ အိမ်ကလေးဟာ လူတစ်စု ဝိုင်းဖြိုဖျက်သွားလို့ ပြိုပျက် နေခဲ့ပြီ။
တဖြည်းဖြည်းနဲ့ မှောင်လာပြီ။ ဟို အနောက်ဘက် ကောင်းကင်ဆီမှာ ပုဇွန်ဆီရောင်ထနေပြီ။ အိပ်တန်းပြန် ငှက်တစ်အုပ်ဟာ ရေကြီးသုတ်ပြာ ပျံသန်းသွားကြပြီ။ လက်ထဲကအသက်ကို ကျစ်ကျစ်ပါအောင်ဆုပ် ပြီး အိမ်ကလေးရဲ့ အသက်အမီ ကိုယ်မှတ်သားထားခဲ့တဲ့ ဓူဝံကြယ် အမှတ်အသားနဲ့ အိမ်ပြန်လာခဲ့ပြီ။ ။
စိုးခိုင်ညိန်း