ဆောင်းယွန်းလ - "လမ်းပေါ်မှာ.."

Chiharu Shiota. Trace of Memory. 2013

Chiharu Shiota. Trace of Memory. 2013
ဆောင်းယွန်းလ - "လမ်းပေါ်မှာ.."
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၁
စိတ်ကူးနဲ့စပြီး လျှောက်နေခဲ့ရတော့
လမ်းက မဆုံးနိုင်တော့ဘူး
ရွာကို မတွေ့နိုင်သေးတာက
ကိုယ်တစ်ယောက်တည်းမှ မဟုတ်ဘဲလေ
ပြေးရင်းလွှားရင်း
ကမ္ဘာကို အထပ်ထပ်ပတ်နေခဲ့မိတယ်
ကြယ်တွေ တစ်ပွင့်ပြီး တစ်ပွင့်
ပန်းတွေလို
ခေါင်းအစ ခြေအဆုံး
ရုန်းမထွက်နိုင်သေးတဲ့ သံသရာရဲအလယ်တည့်တည့်မှာ
တေးဆိုသံတလှည် ကလေးငိုသံတလှည့်ပါဘဲ
စမ်းရေအေးတယ်ဆိုလို့
စမ်းချောင်းကို မီးထွန်းရှာနေရတဲ့ဘဝ
တစ်ညတာ အရေးမို့
ဆီခမ်းနေတဲ့မီးခွက်ထဲ အိမ်မက်တွေဖြည့်ခဲ့ရတယ်
ရထားကြီးတွေလည်း
တစီးပြီးတစီး ထွက်ခွာသွားခဲ့ကြပါပြီ
နာရီလက်တံတွေကို ရိုက်ချိုးပြီး
ထီးလုပ်မိုးရုံမှတပါး အခြားမရှိ
မလုံပေမယ့် ခြုံထားလိုက်ရမှာဘဲလေ။