Breaking News

ဧရာ(မန္တလေး) - သီလ၊ ပညာနဲ့ သူတော်ကောင်း

Photo - Than Htay Maung


ဧရာ(မန္တလေး) - သီလ၊ ပညာနဲ့ သူတော်ကောင်း

(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၁


(Reading #MaṅgalaSutta)

သီလရှိသူ (သီလဝန္တ)၊ ပညာရှိသူ (ပဏ္ဍိတ) နဲ့ သူတော်ကောင်း (သပ္ပုရိသ) တွေက အတူတူပဲလား… မတူဘူးလား..။

အခြေခံအားဖြင့်တော့ သီလရှိသူ ဆိုတာက သီလ လုံခြုံအောင် စောင့်ထိန်းတဲ့သူ၊ ပညာရှိ ဆိုတာက အကျိုးစီးပွားကို ကျွမ်းကျင်လိမ္မာသူ၊ နက်နဲတဲ့ ပြဿနာတွေကို ထိုးထွင်း ဆင်ခြင်နိုင်သူ၊ သူတော်ကောင်းဆိုတာက စိတ်ကောင်းနှလုံးကောင်း ရှိသူ၊ ဖြောင့်မတ် တည်ကြည်သူကို ခေါ်ပါတယ်။

အခြေခံအားဖြင့် ကွဲသယောင်ရှိပေမယ့် လုံးဝသီးခြား ကွဲပြားနေတဲ့ ပုဂ္ဂိုလ်သုံးယောက်လို့တော့ ဆိုလို့ မရပြန်ပါဘူး။ သီလ မရှိတဲ့ ပညာရှိ ဆိုတာ ရှိနိုင်သလား၊ ပညာမရှိသူကို သူတော်ကောင်းလို့ ခေါ်လို့ ရသလား စသဖြင့် စဉ်းစားစရာ ဖြစ်လာပါတယ်။

 သပ္ပုရိသ

'သူတော်ကောင်း' ဆိုတာက 'သပ္ပုရိသ' ကို မြန်မာပြန်ထားတာပါ။ 'သပ္ပုရိသ' ဆိုတာက prefix 'သ' နဲ့ ပုရိသ တို့တွဲထားတာပါ။ Prefix 'သ' ကလည်း "သန္တ (śānta) = ငြိမ်းချမ်းသော၊ နူးညံ့သိမ်မွေ့သော" ဆိုတဲ့ အနက်တွေရတဲ့ ပုဒ်နဲ့ "သန္တ (santa)= မြင့်မြတ်သော၊ ကောင်းမွန်သော၊ စစ်မှန်သော" စတဲ့ အနက်တွေရတဲ့ ပုဒ်က ဆင်းသက်လာပါတယ်။ စိတ်နှလုံး အေးချမ်း သိမ့်မွေ့သူ၊ ဖြောင့်မတ် တည်ကြည် မြင့်မြတ်သူ၊ စစ်မှန်သူ စတဲ့ အဓိပ္ပါယ်တွေရနိုင်ပါတယ်။ 

အင်္ဂလိပ်လို Good person, Person of integrity, True Person, Worthy Person စသဖြင့် ပြန်တတ်ကြပါတယ်။ ပြောမယ့်ဆိုရင် Gentleman ဆိုတဲ့ စကားနဲ့ အတော်လေး နီးစပ်ပါတယ်။ ဒါပေမယ့် Gentleman လို့ ပြန်လိုက်ရင် 'သပ္ပုရိသ' ရဲ့ ပဓာနကျတဲ့ အရည်အသွေးတွေ ပြုတ်ကျန်ခဲ့ နိုင်သလို၊ Gentleman ဆိုတဲ့ ဝေါဟာရ နောက်မှာ အနောက်တိုင်း ယဉ်ကျေးမှု ကျင့်ဝတ်ဓလေ့တွေ၊ ဂုဏ်ဒြဗ်တွေ အပိုဆောင်းပြီး ပါလာနိုင်ပါတယ်။

 ဒါဆို ဗုဒ္ဓဘာသာက ဘယ်လိုလူမျိုးကို သူတော်ကောင်းလို့ ... သတ်မှတ်ပါသလဲ ...။

★ သူ့ကျေးဇူးကို သိတတ်၊ တုန့်ပြန်တတ်တာကို (ကတညုတာ ကတဝေဒီ) သူတော်ကောင်းရဲ့ အခြေခံသဘော (သပ္ပုရိသဘူမိ) လို့ အင်္ဂုတ္တရနိကာယ် သမ္မစိတ္တဝဂ်မှာ ဟောထားပါတယ်။

★ ယေဘုယျအား ဖြင့်တော့ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ဆိုတဲ့ မကောင်းမှုတွေကို ရှောင်ကြဉ်တဲ့သူကို သူတော်ကောင်းလို့ သတ်မှတ်ပါတယ် (အံ.၃.၉၊ ခတသုတ်)။ ဒီတော့ သူတော်ကောင်းဆိုတာ သီလရှိသူတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

★ ဒီထက်ချဲ့ရင်တော့ သူတော်ကောင်းတရား (သဒ္ဓမ္မ) ၇-ပါးနဲ့ ပြည့်စုံတဲ့သူတွေကို သူတော်ကောင်းလို့ သတ်မှတ်ပါတယ်(စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။

သူတော်ကောင်း တရား ၇-ပါးကတော့ -
၁။ ဘုရားတရားစသည်ကို ယုံကြည်ခြင်း (သဒ္ဓါ)၊
၂။ မကောင်းမှု ပြုရန် ရှက်ခြင်း (ဟိရီ)၊
၃။ မကောင်းမှု ပြုရန် ကြောက်ခြင်း (သြတ္တပ္ပ)၊
၄။ အကြားအမြင်များခြင်း (ဗဟုဿုတ)၊
၅။ အားထုတ်သော လုံ့လအားထုတ်ခြင်း (အာရဒ္ဓဝီရိယ)၊
၆။ မြဲသော သတိရှိခြင်း (ဥပဋ္ဌိတဿတိ)၊
၇။ ပညာရှိခြင်း (ပညဝါ) တို့ ဖြစ်ပါတယ်။
ဒီတော့ သူတော်ကောင်းဆိုတာ သီလ ရှိရုံတင် မဟုတ်ဘဲ သတိ၊ ဝီရိယ၊ ပညာတွေနဲ့ ပြည့်စုံသူလည်း ဖြစ်ပါတယ်။

★ သူတော်ကောင်းတွေက သူတော်ကောင်းတို့ရဲ့ လှူဒါန်းပေးကမ်းခြင်းမျိုး (သပ္ပုရိသဒါန) ကို ပြုလေ့ရှိတယ် (စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။
သပ္ပုရိသဒါန ဆိုတာကတော့ -
၁။ အလှူကို ရိုရိုသေသေ ပေးလှူတယ် (သက္ကစ္စံ ဒါနံ ဒေတိ)။
၂။ ကိုယ်တိုင်ကိုယ်ကျ ပေးလှူဒါန်းတယ် (သဟတ္ထာ ဒါနံ ဒေတိ)။
၃။ (လှူဖွယ်နဲ့ အလှူခံအပေါ်မှာ) စိတ်ကို အမြတ်တနိုးထားပြီး ပေးလှူတယ် (စိတ္တီကတွာ ဒါနံ ဒေတိ)။
၄။ စွန့်ပစ်သလို မဟုတ်ဘဲ ပေးလှူတယ် (အနပဝိဋ္ဌံ ဒါနံ ဒေတိ)။
၅။ လှူဒါန်းခြင်းရဲ့ အကျိုးသက်ရောက်မှုကို သိမြင်ပြီး ပေးလှူတယ် (အာဂမနဒိဋ္ဌိကော ဒါနံ ဒေတိ)။

★ သူတော်ကောင်းတွေက သူတော်ကောင်းတရား ၇-ပါးနဲ့ ပြည့်စုံတဲ့ အခြားသူတော်ကောင်းတွေကိူ မိတ်ဆွေ အပေါင်းအသင်းအဖြစ် ဆည်းကပ်လေ့ရှိတယ် (စူဠပုဏ္ဏမသုတ်၊ မ.၃.၉၂)။

★ သူတော်ကောင်းတွေက တပါးသူရဲ့ အပြစ်ကို ထုတ်ဖော်ပြောလေ့ မရှိဘူး။ မပြောမဖြစ် ပြောရမယ်ဆိုရင်လည်း ပုံကြီးမချဲ့ဘူး။ သူတပါးရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော် ပြောတတ်တယ်။ မေးလာခဲ့ရင်လည်း အကျယ်တဝံ့ ပြောပြတတ်တယ်။ မိမိရဲ့ အပြစ်ကို မထိမ်မဝှက်ဘဲ ထုတ်ဖော်ပြောလေ့ ရှိတယ်။ မိမိရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော် ပြောလေ့ မရှိဘူး။ မပြောမဖြစ် ပြောရရင်လည်း အကျယ်မချဲ့ လိုသလောက်ပဲ ပြောတယ် (သပ္ပုရိသသုတ်၊ အံ.၄.၇၃)။

★ မဂ္ဂသံယုတ်မှာတော့ သူတော်ကောင်းဆိုတာ -
၁။ မှန်သောအမြင် (သမ္မာဒိဋ္ဌိ)
၂။ မှန်သောအကြံ (သမ္မာသင်္ကပ္ပ)
၃။ မှန်သော စကား (သမ္မာဝါစာ)
၄။ မှန်သော အလုပ် (သမ္မာကမ္မန္တ)
၅။ မှန်သော အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ မှန်သော အားထုတ်မှု (သမ္မာဝါယာမ)
၇။ မှန်သော သတိ (သမ္မာသတိ)
၈။ မှန်သော သမာဓိ (သမ္မာသမာဓိ) -
ဆိုတဲ့ သမ္မာမဂ္ဂင်-၈-ပါး အကျင့်တရား ရှိတဲ့သူလို့ ဟောထားပါတယ်။ (ပဌမအသပ္ပုရိသသုတ်၊ သံ.၅.၂၅)။
မဂ္ဂင်တရား ပွားများနေတဲ့ ကလျာဏပုထုဇဉ်တွေက အစ အရိယာပုဂ္ဂိုလ်တွေ အထိ အကျုံးဝင်သွားပါတယ်။ ရဟန္တာ ပုဂ္ဂိုလ်တွေကိုတော့ 'သူတော်ကောင်းထက် သာကောင်းတဲ့သူ' (သပ္ပုရိသတရ) လို့ ခေါ်ပါတယ်။

 သူတော်ကောင်း လက္ခဏာတွေကို ပြောရင် ငါးရာ့ငါးဆယ် နိပါတ်တော်ထဲက သရဘင်္ဂရသေ့ရဲ့ စကားကို ချန်ထားလို့ မဖြစ်ပါဘူး။

အထူးသဖြင့် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား ပေးတဲ့ အနက်နဲ့ ရှင်းလင်းဟောပြောတဲ့ တရားက ကြည်ညိုစရာ ကောင်းလှတာမို့ ပြန်လည် မျှဝေလိုက်ပါတယ်။

ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ။
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
ယထာဝိဓံ သပ္ပုရိသံ ဝဒန္တိ။
(ဇာတက-၁၇-၇၈၊ အမှတ် ၅၂၂၊ သရဘင်္ဂဇာတ်)
ယော ဓီရော = နဂိုမူလ ဓာတ်ခံရသဖြင့် ဘဝ နောက်နှောင်း ကောင်းထက်ကောင်းဖို့ လမ်းကြောင်းတီထွင် အကြင်ပညာ့ရှင်သည်၊
ဝေ = စင်စစ် ဧကန် အမှန်စိတ်ထား ရိုးဖြောင့်သောအားဖြင့်၊
ကတညူ = သူတစ်ပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးရှိသ၍ သိလေ့ရှိသည် လည်းကောင်း၊
ကတဝေဒိ = သူများပြုအပ် ကျေးဇူးရပ်ကို တတ်သ၍ မှတ်သ၍ ဆပ်လေ့ရှိသည် လည်းကောင်း၊
ကလျာဏမိတ္တော = မိကောင်း ဖကောင်း ဆရာကောင်းနှင့် ဖော်ပေါင်းအထိ မိတ်ကောင်းရှိသည် လည်းကောင်း၊
ဒဠှဘတ္တိ = ထိုမိတ်ကောင်းလည်း အသည်းစွဲမျှ အမြဲမပြတ် ဆည်းကပ်လေ့ရှိသည် လည်းကောင်း၊
ဟုတွာ = ဖြစ်၍
ဒုခိတဿ = မိမိမျက်မှောက် ဒုက္ခရောက်သဖြင့် ပံ့ထောက်မဲ့မူ ဆင်းရဲသူ၏၊
ကိစ္စံ = စားသောက်နေရေး ဆေးဝါးပေး၍ လုပ်ကျွေးသမှု ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ = ကိုယ်ချင်းစာနာ သနားညှာလျှက် များစွာပုံသေ ပြုစုတတ်ပေ၏။
တထာဝိဓံ = သို့ကလို ဂုဏ်အင် စုံလင်ပေသည့် ပညာရှိအပေါင်း သူတော်ကောင်းကို၊
သပ္ပုရိသံ = ဘဝ နောက်နှောင်း ကောင်းထက် ကောင်းဖို့ လမ်းကြောင်းတီထွင် သူတော်စင်ဟူ၍၊
ဝဒန္တိ = ဘုရားစသား ပုဂ္ဂိုလ်များက လေးစားကြည်ဖြူ ချီးမွန်းတော်မူကြလေကုန်သတည်း။