မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၉ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၉ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၁လွန်ခဲ့တဲ့ စနေနေ့က စတင်ပြီး မြန်မာပြည်မှာ စစ်တပ်က မတရားအာဏာသိမ်းတာကို ကန့်ကွက်တဲ့ လမ်းပေါ်တက် သပိတ်မှောက်ချီတက်မှုတွေ အရှိန်ယူပါတယ်။ အခု ၄ ရက်မြောက် ဖေဖော်ဝါရီ ၉ မှာ မြန်မာတပြည်လုံး လမ်းမတွေပေါ်မှာ သပိတ်မှောက်ချီတက်ပွဲတွေ ပြည့်နေပါတော့တယ်။ ကြွေးကြော်သံတွေ တောင်းဆိုချက်တွေကလည်း ထပ်တူ ထင်ရှားလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး
ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊
ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေး ဆိုတာတွေ ကို ကြွေးကြော်လာကြပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကလည်း တန်ပြန်သပိတ်အဖွဲ့တွေ၊ ထွေအုပ်ကနေတဆင့် ဖိအားပေးတာတွေ၊ ရဲလုံခြုံရေးအင်အားတွေနဲ့ ပိတ်ဆို့ဖြိုခွဲတာတွေ တိုးမြင့်ပြီး လုပ်လာပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ပါတယ်။ သည်တော့ သပိတ်မှောက်ပြည်သူတွေက အင်အားတွေ တိုးမြှင့်ပြီးတော့ကို ရင်ဆိုင်လာကြတယ်။
ရဲတွေ လုံခြုံရေးတွေနဲ့ အချီအချပြောကြတဲ့နေရာမှာ မှတ်သားစရာတခုကတော့ စစ်တပ်နဲ့ ရဲတွေက "တရားဝင်အစိုးရ၏ အမိန့်နဲ့ ခိုင်းလို့ ထမ်းဆောင်နေရတာ၊ ငါတို့ကလည်း မင်းတို့ပြည်သူတွေနဲ့ အတူတူပါပဲ။ ဥပဒေကို လေးစားလိုက်နာပါ" လို့ အထပ်ထပ် ပြောကြတာဖြစ်ပါတယ်။ သပိတ်မှောက် လူငယ်တွေ ပြည်သူတွေကတော့ ... "လက်နက်ကိုင်ထားတဲ့ စစ်တပ်နဲ့ ရဲတွေဟာ တရားဝင်အစိုးရခိုင်းတာကို လိုက်နာနေတာမဟုတ်ဘူး၊ အာဏာသိမ်းစစ်ခေါင်းဆောင်အမိန့်ကို လိုက်နာတာဖြစ်လို့ ဥပဒေကို လေးစားလိုက်နာနေတာ မဟုတ်ဘူး။ ဥပဒေနဲ့ မညီဘူး။ ပြည်သူတွေကို ဆန့်ကျင်တဲ့သူတွေ ဖြစ်တယ်" လို့ ပြန်ပြီး ငြင်းပယ်လိုက်ကြတာ ဖြစ်ပါတယ်။
မနေ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုပ်သံကနေ တိုင်းပြည်ကို မိန့်ခွန်းပြောပါတယ်။ သူ အဓိကပြောချင်တာက တိုင်းရင်းသားတွေ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီဝင်တွေအဖြစ် ဖိတ်ခေါ်ပြီး ထူထောင်တယ်၊ အစိုးရဝန်ကြီးတွေကိုလည်း နိုင်ငံရေးပါတီစုံ ပြည်နယ်နဲ့ တိုင်းက ခေါင်းဆောင်တွေကို ထည့်သွင်းထားတယ်လို့ ဆင်ခြေပေးတာ ဖြစ်ပါတယ်။ ပြီးတော့ လက်ရှိအစိုးရပေါ်လစီတွေလည်း မပြင်ဘူး၊ ထိန်းသိမ်းထားတယ်၊ ကိုဗစ်ကုသရေးကိုလည်း ဆက်လုပ်နေတယ် ဒါပေမယ့် အဓိက မဲစာရင်းတွေကို စစ်ဆေးဖို့ ရွေးကောက်ပွဲပြန်ကျင်းပဖို့ကိုသာ လုပ်နေတာလို့ ရှင်းပြတာ ဖြစ်ပါတယ်။ သို့သော် ဆန့်ကျင်ကန့်ကွက်နေသူတွေကိုတော့ တုန့်ပြန်အရေးယူသွားမယ်ဆိုတာကိုလည်း တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဆိုလိုချင်တာက NLD လို တပါတီချည်း လွှမ်းမိုးတာ မဟုတ်ဘဲ စစ်ကောင်စီနဲ့ စစ်အစိုးရမှာ တိုင်းရင်းသားတွေ အခြားနိုင်ငံရေးပါတီတွေ ပါဝင်တယ်၊ ထည့်သွင်းထားတယ်လို့ သရုပ်ပြချင်ပုံရပါတယ်။ သူဖိတ်ခေါ်ထားသူတွေကလည်း စစ်အုပ်စုဘက်လိုက်သူတွေချည်းဆိုတော့ ပြည်သူ၏ ထောက်ခံမှုမရတဲ့ အရှုံးသမားတွေချည်းဆိုတာ ထင်ရှားပါတယ်။ ပြည်သူတွေက မင်းအောင်လှိုင်မိန့်ခွန်းကို သံပုံးတီးပြီး ပယ်ချလိုက်ကြပါတယ်။
သူပြောပြီး နောက်တနေ့ ယခုဒီနေ့မှာ လူထု၏ တိုင်းပြည်တဝှမ်း အထွေထွေသပိတ်ဟာ ပိုမိုထင်ရှား မြင့်မားသွားတာကို တွေ့ရပါတယ်။ လွတ်မြောက်နေတဲ့ NLD ပါတီ ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေက ချီတက်ဆန္ဒပြပွဲတွေမှာ ပါဝင်လာကြပါတယ်။ ရွေးကောက်ပွဲအနိုင်ရ NLD ခေါင်းဆောင်တွေက အာဏာသိမ်းစစ်တပ်ကို ကန့်ကွက်အရေးဆိုခဲ့ပါတယ်။ လူထုကို အထွေထွေသပိတ်နဲ့ အာဏာဖီဆန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သပိတ်မှောက်ဝန်ထမ်းတွေကိုလည်း ထောက်ခံပြီး NLD တရားဝင်အစိုးရ၏ အာမခံချက်ကို ကတိပေးခဲ့ပါတယ်။ သည်နေရာမှာ ၂၁ရာစုပင်လုံကို အတူတူလျောက်လှမ်းခဲ့ကြတဲ့ တိုင်းရင်းသားအင်အားစုတွေ မဟာမိတ်ဖြစ်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကို ဒီလှုပ်ရှားမှုကြီးမှာ အခန်းကဏ္ဍတစုံတရာကနေ ပူးပေါင်းကြဖို့ အားပေးကြဖို့ ဆန္ဒပြပြည်သူတွေကို အကာအကွယ်ပေးကြဖို့ တိတိကျကျ တောင်းဆိုတာမျိုး မတွေ့ရသေးဘူးလို့ အချို့က မှတ်ချက်ပေးပါတယ်။
ခုချိန်မှာတော့ အဖြစ်အပျက်တွေက မြန်ဆန်နေပါပြီ။ စစ်တပ်က ဖမ်းဆီးနှီမ်နင်းတာတွေ မြို့နယ်အချို့မှာ ပြုလုပ်နေပါတယ်။ လူထု ပြိုကွဲချိန်မှာ ဝင်ရောက် ဖမ်းဆီးတာတွေ လုပ်ပါတယ်။ သတင်းလိုက်နေတဲ့ သတင်းသမားတွေလည်း ဆန္ဒပြသူတွေနဲ့အတူ အဖမ်းခံရတယ်လို့ သတင်းတွေ တက်လာပါတယ်။ ပြည်သူတွေအချင်းချင်းကပဲ ကိုယ်ထူကိုယ်ထ ထိခိုက်နစ်နာရသူတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ သတင်းပို့ကြဖို့ကို တတ်စွမ်းသမျှ လုပ်နေကြတာကိုသာ တွေ့ကြရပါတယ်။ လှုပ်ရှားမှုတွေ မြင့်လာချိန် တန်ပြန်မှုတွေ တိုးလာချိန်မှာ ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်မျိုးဆက်တွေ ပြည်သူတွေ အစုအဖွဲ့တွေမှာ ချိတ်ဆက်မှုတွေ အပြန်အလှန် စီးဆင်းမှုတွေ အချိန်တိုတိုတွင်း ပေါ်ထွန်းလာဖို့လည်း မျော်လင့်မိပါတယ်။
(မိုးမခမီဒီယာ)