Breaking News

မောင်ဥက္ကလာ - နိဂုံးချုပ်ဇာတ်ပေါင်းခန်း



မောင်ဥက္ကလာ - နိဂုံးချုပ်ဇာတ်ပေါင်းခန်း
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁


မောင်ဥက္ကလာတို့ အရပ်ထဲက ဇာတ်သိမ်းမကောင်းတဲ့ အချစ်ဇာတ်ကြမ်းတပုဒ်အကြောင်း ပြောပြချင်… ဒီဇာတ်လမ်းရဲ့ အဓိက လူကြမ်းမင်းသား (သူ့ကိုယ်သူတော့ မင်းသားလို့ ထင်နေသူ) ဗိုလ်ပုလေးသည် တချိန်တခါက လူငယ်သဘာဝ ဟိုသွားဒီသွား ခုန်ပေါက်ကစားရင် တွေ့မြင်ခဲ့တဲ့ ငါးရံကိုယ်လုံးပိုင်ရှင် မဂုဏ်ဆာဆိုတဲ့ အမျိုးသမီးတစ်ဦးကို ဒဲ့ကြွေခဲ့ပေမယ့်၊ ပလီစိချောက်ချက် မဂုဏ်ဆာက မီးကျိုးမောင်းပျက် ဗိုလ်ပုကို ဖုတ်လေတဲ့ငပိ ရှိတယ်မထင်တော့၊ ဗိုလ်ပုလေးတစ်ယောက် အရပ်ပုတဲ့အပြင် စိတ်ပုပြီး နာကျင်မှုများစွာနဲ့ … ငါ့အကြောင်း သိစေရမယ် … အလှည့်ကျ မနွဲ့ကြစတမ်းဟေ့ ကြွေးကြော်ကာ … တစ်နေ့နေ့တချိန်ချိန် လက်စားချေနိုင်ဖို့ အနှစ်နှစ်အလလ ကြံဆခဲ့ရာ အခုတော့ အောင်မြင်တော့မည့်ဟု တွေးထင်ကာ သူ့လောက်ပျော်တဲ့လူ သူ့လောက်မရှိ မအိပ်နိုင်၊ မစားနိုင် ဖြစ်နေခဲ့သည်။

တကယ်တော့ ဗိုလ်ပုအနေနဲ့ ဒီအခြေအနေ ဖြစ်လာဖို့ ဘယ်လောက်များ စွန့်စားသလဲဆိုရင် သူ့အသက်စည်စိမ်တွေကိုစွန့်ပြီး လုပ်ဆောင်ရခြင်း ဖြစ်လေသည်။ ပြောမယ်ဆို သနားစရာ ဗိုလ်ပုအဖြစ်က “ဆုပ်လည်းစူး စားလည်းရူး” ဘဝ ဖြစ်ခဲ့သည်မှာ သူ အပျိုလား၊ လူပျိုလား ဝင်ခါစမှာ ကြိတ်ပုန်း crush ကြွေခဲ့တဲ့ သူ့ထက် အရပ်မြင့်သော၊ ဆွေဂုဏ်ငွေဂုဏ်မြင့်သော ရွှေဆိုင်ငွေဆိုင် ရတနာဆိုင်များသမီးရှင် သူဌေးသမီး မယ်မင်းကြီးမ မဂုဏ်ဆာကို တဘက်သတ် အသေအလဲ ခိုက်ခဲ့ရက စသည်။ ဗယောက်ဗယက် ချစ်အဆိပ်ကြောင့် သူ့အသံသေးသေး ညောင်နာနာလေးနဲ့ ဂုဏ်ဆာညီမ (မကြာခဏ စင်တင်ပွဲတွေမှာ lip-sync - နောက်ကဖွင့်ပေးတဲ့ သီချင်းကို ပါးစပ်လှုပ်၊ တင်လှုပ်ပြီး ဟန်လုပ်ဆိုပြတတ်သော) အဆိုတော်ဖြစ်သူ၏ သီချင်းများကို အော်ဟစ်ဆိုပြပေမယ့် မဂုဏ်ဆာက အရပ်ငါးပေမပြည့် ပဲမြစ်လောက်ရှိသူ ဗိုလ်ပုကို စာရင်းထဲ မထည့်ခဲ့။ ဂုဏ်ဆာသူကြီးက အဲ့ဂလို ပစ်ပစ်ခါခါ တုံ့ပြန်မယ်ဆိုရင် တုံ့ပြန်လောက်တဲ့ အခြေအနေ - အဲဒီအချိန်တုန်းက အရပ်မမီ ငွေမမီ နာမည်နဲ့လိုက်တဲ့ ဗိုလ်ပုကလေးက ဒေါ်စိန်အေးကျောင်းဆင်းပြီး၊ အဘလူကြီးအိမ်စောင့်လေးဆိုတော့ ငွေရှင်ကြေးရှင် မဂုဏ်ဆာ တောက်ချလိုက်တာ gravity အပြင်ဘက် ပြုတ်ကျ ကွေးသွားတာ၊ ကြည့်မကောင်း မြင်မကောင်း။

ဒီလိုအပွဲပွဲနွှဲ ဇောက်ထိုးကျွမ်းပြန်ကျကာ ကြေကွဲခံစားနေချိန် တစ်သက်မမေ့အောင် ပိုနာကျင်သွားစေတဲ့ ဖြစ်ရပ်ကတော့ မဂုဏ်ဆာ က ကနွဲ့ကလျ ဗိုလ်ပုကလေးကို အခြောက်တိုက် ပစ်ခွါစွန့်လိုက်ပြီးနောက်၊ ဟိုဟာမပါသော ဟိုလိုလို ဒီလိုလို တစ်ယောက်သောသူနဲ့ လက်ဆက်လိုက်တယ်ဆိုတဲ့ သတင်းက ဗိုလ်ပုအသည်းကို အက်ဆစ်နဲ့ပက် ရင်ကိုခွဲပြီး ဆားသိပ်ခံနေရသလို ပြင်းထန်စွာခံစားရပြီး အချစ်ကြီးတော့ အမျက်ကြီးသမား ဒဿဂီရိဖြစ်ကာ ကြိတ်မနိုင်ခဲမရ လူးလွန့်ငိုကြွေးကာ၊ တဘက်မှာ ကလဲ့စားချေဖို့အရေး သံမှိုဆွဲ သံဓိဌာန်ချ ပိုခိုင်မာစေဖို့ ရောက်သမျှ မြင်သမျှ ဘုရားတွေမှာ ဆုတောင်း၊ နတ်တွေပသ၊ အဘဘိုးတော်တွေ ယတြာတွေနဲ့ နေ့စဉ်နဲ့အမျှ ကြံဆခဲ့လေသည်။

တငိုငိုတရီရီ (ရယ်ရယ်) အချစ်ရှုံးသမားလေး ဗိုလ်ပုလေးကိုကြည့်ပြီး သနားနေခဲ့တဲ့ သူနဲ့ အရိပ်အမောင်း မတိမ်းမယိမ်း မြန်မာစာ ဆရာမလေးတစ်ယောက်က ယူလိုက်လို့ ဗိုလ်ပုတစ်ယောက် အထီးကျန်ဘဝက ကျွတ်ခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ ကမ္ပည်းထိုးထားသလို ရှိနေခဲ့တဲ့ မဂုဏ်ဆာကို တုံ့ပြန်လက်စားချေဖို့အရေး … စားလည်းဒီစိတ် သွားလည်းဒီစိတ် ရှိနေခဲ့သည်။ တစ်နေ့နေ့ တစ်နေရာရာမှာ မဂုဏ်ဆာနဲ့ မလွှဲသေချာ ပြန်ဆုံမယ်လို့ တထစ်ချ ယုံကြည်ခဲ့ပြီး ရောက်ရာနေရာမှာ ဖားနည်းမျိုးစုံ၊ ပူဇော်ပုံအဖုံဖုံနဲ့ အထက်အဘတွေကို နည်းမျိုးစုံပင့်ကပ်ပြီး ထိပ်တန်းနေရာဆီသို့ တဖြည်းဖြည်း အမြန်ရောက်ရှိသွားကာ ရုပ်ပေါက်လာလေသည်။

အဲ့ဂလိုနဲ့ ဗိုလ်ပု၏ ဘဝ တစ်ဆစ်ချိုးပြောင်းခဲ့ပြီး ဒီနေရာဒီရာထူးရောက်ရင် ဒီလိုလုပ်ကြသည့် ဒေါ်စိန်အေးကျောင်းဆင်း လက်စွဲစာအုပ်အတိုင်း ရသမျှ ခိုးဝှက်သိမ်းယူပြီး အချိန်တိုအတွင်းမှာ ရှေ့က လမ်းပြဆရာအဘများလိုပဲ အချမ်းသာဆုံး ဗိုလ်တစ်ကောင် ဖြစ်လာခဲ့သည်။ အဲ့ဂလို ဗိုလ်ပု နေ့ချင်းညချင်း ရာထူးဂုဏ်တွေမြင့်၊ ရွှေငွေတင့်လာပေမယ့် အခြေအနေ အချိန်အခါအရ နောက်လိုက်ဖြစ်နေသေးတာကြောင့် မဂုဏ်ဆာအနေနဲ့ စိတ်ဝင်စားမှု မရှိဘဲ၊ ထိုအချိန်မှာ ဗိုလ်ပုထက် အခြေအနေကောင်းသော အရပ်သူအရပ်သားများချစ်သော ခေါင်းဆောင်ကြီးတစ်ဦး ဖဝါးအောက် မဂုဏ်ဆာ အခစားပြေးဝင်ပြီး အများအကြိုက် အနီရောင်ဝတ်ရုံကို ခြုံလွှာလိုက်တော့ ဒေါသအချောင်းချောင်းထွက်ကာ အရပ်ပုသလောက် “J” ရှည်သော ဗိုလ်ပုမှာ သူ့ထက် အရပ်မြင့်၊ အနေမြင့်သော အမျိုးသမီးကြီးကိုပါ ရန်သူစာရင်းသွင်းပြီး နှစ်ယောက်စလုံးကို ချေမှုန်းရှင်းဖို့ အပြင်းအထန် တွေးဆကြံပြန်သည်။

အနီအသင်းထဲကို ဇွတ်ဝင်တိုးခဲ့တဲ့ ဂနာမငြိမ်အမာစိန် မဂုဏ်ဆာမှာ သူထင်သလို မှန်းချက်နဲ့ နှမ်းထွက်မကိုက်မှန်းသိတော့ သူသိသူတတ် သူ့သဘောသူ့မနောနဲ့ ဟိုကန်ဒီကန် ပရမ်းပတာ ကန်ချက်တွေကြောင့် အနီကဒ်ရပြီး အနီသင်းမှ ထုတ်ခံရကာ၊ ဗယောက်ဗယက်နဲ့ ကိုယ့်လမ်းကိုယ်ဖောက်တယ်ဆိုပြီး မဂုဏ်ဆာဦးဆောင် အပြာအသင်းတစ်သင်း ဖွဲ့လိုက်ကာ ခေါင်းဆောင် လုပ်ပြလေသည်။ တွက်ရေးက စက်သူဌေး မယ်မင်းကြီးမအဖို့ မပီကလာ ဘိုဂလားနဲ့ အပြောကောင်း လုပ်ကိုင်ပုံ တော်တာကြောင့် အချိန်တိုအတွင်း အရပ်သူအရပ်သားများ၏ ချဉ်ဖတ်ဖြစ်ကာ အတော်ပြာနှမ်းသွားလေသည်။ မဂုဏ်ဆာ အဲ့ဂလို အတုံးအရုံး ကျရှုံးအဖြစ်ကို စောင့်ကြည့်နေသူ ဗိုလ်ပုမှာ ကြိတ်ပြီးပျော်မဆုံး - မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်ခဲ့သူ ဗိုလ်ပုအဖို့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရသလို မဂုဏ်ဆာနဲ့ အမျိုးသမီးကြီးကြား ကွဲအက်မှုကို အပျော်ကြီးပျော်ခဲ့လို့ ပိုပုသွားသလို ထင်ရလေသည်။

အချစ်ကြီးတော့ အမျက်ကြီးသော ဗိုလ်ပုအဖို့မှာ မဂုဏ်ဆာတစ်ယောက် အဲ့ဂလောက် ပျက်ဆီးကျရှုံးသွားတာကို မကျေနပ်နိုင်သေး။ သူ့အိပ်မက်က ဒီဘဝမှာ နှစ်ယောက်အတူတူပျက်ပြီး နောင်ဘဝ ဖြစ်လေရာဘဝမှာ “လောက်ပဲဖြစ်ဖြစ်၊ နွားချေးပိုးပဲဖြစ်ဖြစ်” ဆုံဆည်းပေါင်းဖက်ချင်သည်။ ဒီအတွက် နေမထူးသေမထူး ဘာမှမထူးသော ဒီဘဝကို အမြန်စွန့်ဖို့ မကြံကောင်း မစည်ကောင်း အကြံကြီးကြံကာ နောက်ဆုံးတော့ အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်ဖို့ ဆုံးဖြတ်လိုက်သည်။ ဗိုလ်ပု ကျူးလွန်တဲ့ ရာဇဝတ်မှုက အရပ်သူအရပ်သားတွေ ရွေးချယ်တင်မြှောက်ထားသော - ဗိုလ်ပု တခါတလေ ပုံမှန်စိတ်၊ စိတ်ကောင်းဝင်နေရင် သူ့အပေါ် စာနာညှာတာတယ်လို့ တွေးမိတတ်သော အစ်မကြီး ဦးဆောင်သော အရပ်သူအရပ်သားများ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ရုတ်တရက် ထမီခြုံ … အဲ ခြုံခိုတိုက်ပြီး ဒီအရပ်ဒေသမှာ သူအကြီးဆုံးဆိုပြီး ခုံမြင့်မြင့်ပေါ်တက်ချင်သည့် နေရာလုယူသည့် အကြမ်းဖက် ကျူးလွန်မှုဖြစ်လေသည်။

အရပ်ထဲက လူများက ဗိုလ်ပု၏ ရူးကြောင်ကြောင် မတော်မတရား ကြံစည်မှုကို ခွင့်မလွှတ်နိုင်ဖြစ်ကာ ညစဉ်ညတိုင်း ဗိုလ်ပုနဲ့ အပေါင်းပါးများပေါ် ကျရောက်နေသော မိစ္ဆာစိတ်ကို သံပုံးဒန်အိုးဒန်ခွက် တွေ့သမျှအကုန်တီးကာ မောင်းထုတ်ကြလေသည်။ ဒီလိုအခြေအနေမှာ ဗိုလ်ပုက အချိန်မီ သူ့နောက်ဆုံးကျည်ဆံတစ်ထောင်ကို ထုတ်ပစ်ကာ ဖင်တကြွကြွ မဂုဏ်ဆာကို သူနဲ့လက်တွဲဖို့ ကြိုဆိုကမ်းလိုက်လေတော့ ငွေပြရွှေပြ နေရာရမယ်ဆိုရင် အရောင်ပြောင်းလွယ်သော ပုတ်သင်ညို မဂုဏ်ဆာက နှစ်ခါမခေါ်ရ၊ ဗိုလ်ပု အကြိုလွှတ်လိုက်တဲ့ “_____” ယာဉ်ပေါ် စွေ့ကနဲ့တက်ကာ တူနှစ်ကိုယ်ခရီးချီဖို့ လိုက်ပါလေသည်။

ဗိုလ်ပုဦးဆောင်သော မဂုဏ်ဆာ လိုက်ပါသွားမည့် ခရီးက အခုမှ ပျားရည်စမ်း Honeymoon ကာလ သူတို့အဖို့တော့ စိတ်ကူးယဉ် အိပ်မက်များနဲ့ပေါ့။ တကယ်လက်တွေ့မှာ သူတို့၏ ခရီးဆက်မည့် အမှောင်ခရီးလမ်းတလျှောက် ဆူးငြောင့်ခလုတ်များများထိဖို့ ၃၆၀ အရပ်မှာရှိနေကြသော အရပ်သူအရပ်သားများက တဒုန်းဒုန်း တဝုန်းဝုန်း သံစုံတီးခတ်မှုများနဲ့ အထက်ဘဝဂ်ညံ၊ သူတို့ဦးတည်သွားနေသည့် အောက်အဝီဇိ ဂိတ်ဆုံးမှတ်တိုင်အထိ ပွက်လော်ညံ အားပေးနေသည်မှာ သူတို့ဘဝနိဂုံးအတွက် a closing song ဖြစ်နေတော့သည်။ ။


ဘယ်ဂလိုပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကြီးသော ဗိုလ်ပု နှင့် မဂုဏ်ဆာတို့ နောင်ခရီး ဒီတွင်ပဲ ဇာတ်ပေါင်းနိဂုံးချုပ်လေသည်။