Breaking News

အယ်လ်အေမြန်မာကောင်စစ်ဝန်ရုံးက မြန်မာအရေးလှုပ်ရှားသူများကို တွေ့ဆုံရန်ငြင်း၊ ရဲခေါ်ပြီး ဖယ်ရှား



အယ်လ်အေမြန်မာကောင်စစ်ဝန်ရုံးက မြန်မာအရေးလှုပ်ရှားသူများကို တွေ့ဆုံရန်ငြင်း၊ ရဲခေါ်ပြီး ဖယ်ရှား

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁

အောက်ဖော်ပြပါ ကိုလေး (ပြည်သူ့ဂုဏ်ရည်အသင်းဝင်) ၏ ဖေ့စ်ဘွတ်စာအရ ဖေဖော်ဝါရီ ၁၇ က မြန်မာ့အရေးလှုပ်ရှားသူများက အယ်လ်အေ အထပ်မြင့်အဆောက်အအုံတွင် ရုံးစိုက်ထားတဲ့ မြန်မာကောင်စစ်ဝန်ရုံးကို သွားရောက်တွေ့ဆုံရန်ကြိုးစားရာ မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။ ၁၅ထပ်က မြန်မာကောင်စစ်ဝန်ရုံးကို သွားပြီး ၂၀၂၀ ရွေးကောက်ပွဲနိုင် အင်န်အယ်ဒီအစိုးရကိုသာ သစ္စာစောင့်သိဖို့ ပန်ကြားလွှာ ပေးအပ်ဖို့ ကြိုးစားရာမှာ လုံခြုံရေးဝန်ထမ်းက တားဆီးခဲ့ပြီးနောက် ရဲခေါ်ပြီး ဖယ်ခိုင်းတယ်လို့ ကိုလေးက သူ့အတွေ့အကြုံကို ရေးသားထားပါတယ်။

မြန်မာပြည်တွင်း လွှတ်တော်ကိုယ်စားပြုကော်မီတီကတော့ ပြည်ပရောက် မြန်မာသံရုံးဝန်ထမ်းတွေ အင်န်အယ်ဒီပါတီ၏ အစိုးရနဲ့ လွှတ်တော်ကိုသာ သစ္စာစောင့်သိဖို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ် (ဖေ ၁၃ နေ့စွဲထုတ် စာများအရ)။ သို့သော်လည်း ပြည်ပက မြန်မာသံရုံးတွေကတော့ ဘာမှ တုန့်ပြန်တာ မလုပ်ကြပါဘူး။ ဆော်ဒီအာရေးဗျမှာ ထိုင်ထားတဲ့ မြန်မာသံရုံးက အတွင်းဝန် ဦးတင်ယုကတော့ UAE ကမြန်မာတွေ သွားရောက် ပန်ကြားတာကို လက်ခံတွေ့ဆုံတာ လုပ်တယ်လို့ ကြားသိရပါတယ်။ ဂျာမဏီက မြန်မာသံရုံးကတော့ ဒီမိုကရေစီလှုပ်ရှားသူတွေ၏ ဆန္ဒထုတ်ဖော် ပိုစတာကို ဖျက်ဆီးပစ်လိုက်တယ် ဆိုပါတယ်။ မြန်မာပြည်က ပြင်သစ်သံရုံးသံအမတ်က မြန်မာပြည်သားတွေ သံရုံးရှေ့လာဆန္ဒပြတာကို ယဉ်ကျေးစွာ ထွက်ပြီး တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားသံအမတ်ကတော့ သံတမန်အရည်အချင်းပြည့်သော်လည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာသံအရာရှိတွေက ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံလွှတ်တော်နှင့် အစိုးရကို နာခံမည့်ပုံ မရှိတာ သေချာနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

အောက်က စာအပြည့်အစုံကို ဖတ်ကြည့်ပါ။

လော့စ်အိန်ဂျလိစ်မြို့ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာပြည်ချစ်သူများ

ကျွန်ုပ်တို့ တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာမိသားစုများသည် ပြည်သူ‌ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရလက်ထက်တွင် ကောင်စစ်ဝန်ချုပ်နှင့်တကွ ရုံးအဖွဲ့သားအားလုံးကို ခင်မင်ရင်းနှီးစွာ ဆက်ဆံလာခဲ့ကြသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။

ယခု ၄ ဆက်မြောက် ကောင်စစ်ဝန်ချုပ် ဦးကျော်စွာလက်ထက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်ခေါင်းဆောင်တသိုက်က နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူသွားခဲ့ပါသည်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအများစုက တခဲနက်ရွေးကောက်တင်မြှောက်ထားခဲ့ကြသော ပြည်သူ့ကိုယ်စားလှယ်လောင်းများအား ဖမ်းဆီးချုပ်နှောင်ကာ စစ်တပ်ကအာဏာလုထားသည့်အတွက် မဲဆန္ဒရှင် မြန်မာပြည်သူများနှင့်ထပ်တူ ပြည်ပရောက်မြန်မာပြည်ဖွား တိုင်းရင်းသားများသည်လည်း လွန်စွာမှပြင်းထန်သည့် စိတ်ခံစားမှုများနှင့်အတူ အာဏာလုစစ်ရာဇဝတ်သားများအား နည်းမျိုးစုံဖြင့်ဆန့်ကျင်နေကြရပါသည်။

သို့ပါသောကြောင့်၊ အမိမြေအား ကိုယ်စားပြုကာ တာဝန်ထမ်းဆောင်နေကြသည့် သံရုံးဝန်ထမ်းများအား မိမိတို့၏ဆန္ဒသဘောထားကို တင်ပြလိုခဲ့ပါသည်။ ထို့ကြောင့်၊ ဒုကောင်စစ်ဝန်ချုပ် ဦးသန့်စင်ဦးထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း လုံးဝမပြုခဲ့ပါ။ ဖေဖေါ်ဝါရီလ ၁၆ ရက် (အင်္ဂါနေ့)က ရုံးချိန်အတွင်း ရုံးသို့ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ကောင်စစ်ဝန်ချုပ် ဦးကျော်စွာက ပြန်လည်ဖြေကြားခြင်း လုံးဝမရှိခဲ့ပါ။

ဖေဖော်ဝါရီလ ၁၇ ရက်၊ နေ့လည် ၁ နာရီခန့်က ကောင်စစ်ဝန်ချုပ်ရုံးသို့ လူကိုယ်တိုင် သွားရောက်ပြီး တောင်းပိုင်းကယ်လီဖိုးနီးယား မြန်မာပြည်ချစ်သောမိတ်ဆွေများ၏ သဘောထားစာတစ်စောင်ပေးရန် ကြိုးစားခဲ့ရာ၊ ရုံးခန်းသို့အတက် ဓါတ်လှေခါးတွင် လုံခြုံရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းက မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ဖုန်းဆက်ပေးခဲ့ပါသည်။ ထို့နောက်၊ ကျွန်ုပ်တို့အား ခေတ္တစောင့်ပါရန်ပြောသောကြောင့် စောင့်ဆိုင်းနေစဉ် မိနစ်အနည်းငယ်ခန့်အကြာတွင် ရဲအရာရှိ ၄ ဦးရောက်ရှိလာပြီး ကောင်စစ်ဝန်ချုပ်ရုံးက တိုင်ကြားလိုက်သောကြောင့် လာရကြောင်း၊ ကျွန်ုပ်တို့အား အဆောက်အဦးအတွင်းမှ ထွက်ခွာသွားကြရန် မေတ္တာရပ်ခံကြောင်း မွန်ရည်စွာပြောဆိုပါသည်။ ကျွန်ုပ်တို့မှာ လွန်စွာအံ့ဩသွားကာ ကောင်စစ်ဝန်ချုပ်ရုံးက ခဏစောင့်ပါဆိုသောကြောင့် စောင့်နေခြင်းသာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ရာ၊ ရဲအရာရှိများမှာလည်း အံ့အားသင့်သည့်အမူအရာဖြင့် နားလည်မှုလွဲနေပြီဟုပြောကာ ကျွန်ုပ်တို့အား တောင်းပန်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြပါတော့သည်။ စာပေးရေးအစီအစဉ်လည်း အထမမြောက်ဖြစ်ခဲ့ရပါသည်။

နိုင်ငံကိုကိုယ်စားပြုနေကြသည့် သံဝန်ထမ်းများသည် မြန်မာပြည်သားချင်း တွေ့ဆုံဆွေးနွေးရမည်ကို အဘယ်ကြောင့်အလွန်အမင်းကြောက်ရွံ့နေကြလေသနည်း။ သံတမန်ဂုဏ်သိက္ခာကိုပင် မစောင့်စည်းနိုင်လောက်အောင် ကောက်ကျစ်စဉ်းလဲသည့် လုပ်ရပ်များကို အဘယ်ကြောင့် လုပ်ဆောင်နေကြရလေသနည်း။ ကျွန်ုပ်တို့လွန်စွာ စဉ်းစားမတတ်အောင် အံ့ဩနေမိပါသည်။

သေချာသည်မှာ လော့စ်အိန်ဂျလိစ် ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများသည် ပြည်သူရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်ပျက်ကွက်သည့်အပြင် အာဏာလုစစ်အုပ်စု အခြေခိုင်မာရေးကိုသာအားပေး ထောက်ပံ့နေကြသူများဖြစ်သည်။ တနည်းအားဖြင့် စစ်အာဏာရှင်အား ကျားကန်ပေးထားသော ဒေါက်တိုင်များဟု ဆိုရပေမည်။

ထို့ကြောင့်၊ ကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများအပါအဝင် ၄င်းတို့နှင့်ဆက်နွယ်ပတ်သက်သူများအား အမေရိကန်နိုင်ငံအစိုးရက မြန်မာစစ်အုပ်စုဝင်များအပေါ် ချမှတ်ထားသည့် အရေးယူဒါဏ်ခတ်မှုများသို့ စာရင်းပေးပို့ တိုင်ကြားသွားမည်ဖြစ်ပါသည်။ အမိမြေချစ်သော မိတ်ဆွေများအနေဖြင့်လည်း အောက်ပါ Link များသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြပါသည်။

အောက်ဖော်ပြပါအီးမေးလ် သို့မဟုတ် Google Form သို့မဟုတ် "Citizen of Burma Award" Facebook Page ၏ Messenger တို့မှတဆင့် သတင်းပေးပို့နိုင်ကြပါသည်။
blacklist@citizenofburmaaward.org
သို့မဟုတ်
https://forms.gle/UJStj2yMGCEQJNkV9 (Gmail account only ဂျီမေးလ်အကောင့်ရှိသူများသာ)

# ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့ရန် ပြင်ဆင်ထားခဲ့သည့် မူရင်းစာကိုလည်း ယခု Post နှင့်အတူ အောက်တွင် ပူးတွဲတင်ပြလိုက်ပါသည်။