Breaking News

စေတ - ချီတက်ကြ

Photo- Crd
ချီတက်ကြ

စေတ

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁


အလိုမတူအမှောင်နံရံထူထူအတွင်း

ချောက်နက်နက်ကြီးထဲ

ချက်ချင်းပဲ ဆွဲချခံလိုက်ရတဲ့နိုင်ငံ

ပြည်သူ့နံနက်ခင်းဟာ

တမဟုတ်ချင်းပဲ ပျောက်ကွယ်သွားခဲ့ရတယ်

ဒါဟာ ပြည်သူ့မြင်ကွင်းထဲမှာ

တခါနှစ်ခါပင်မကတော့ဘူးမဟုတ်လား

သံတိုင်တွေကာဆီးမထားလည်း

လူတွေဟာ အမြဲတန်းလိုလို

ဝါဒနဲ့အကျဉ်းသားတွေလည်းဖြစ်ကြရ

ဝါဒမဲ့အကျဉ်းသားတွေလည်းဖြစ်နေကြရ

အရှေ့တောင်အာရှက 

နာဇီလက်သစ်တွေရဲ့ကြုံးဝါးသံက

ကျယ်လောင်လွန်းစွ 

မိုးချုံးသံဟာ အမှောင်ထဲမှာဆူညံနေတယ်

ဒါပေမဲ့ 

မိုးချုန်းသံဆိုတာ ယာယီခဏတာမျှသာပဲ

ချက်ချင်းပဲ

ပျောက်ကွယ်သွားရမှာပဲမဟုတ်လား

ချက်ချင်းပဲ

လမ်းမတွေပေါ် လူပင်လယ်လှိုင်းတွေထပ်လို့

လူငယ်တွေဟာ 

လူငယ်တေးသွားကိုလူငယ်လိုသီဆိုကြတယ်

အလံတွေကိုလွှင့် အသံကုန်ဖွင့်တယ်

ချီတက်ကြ

ဝန်ထမ်း လယ်သမား အလုပ်သမား ကျောင်းသား

အားလုံးလောက်နီးနီး လမ်းတွေပေါ်မှာ 

ချီတက်ကြ

"အလုပ်သမားထုအားလုံး ညီညွတ်ကြ

နှောင်ကြိုးကလွဲရင် ဆုံးရှုံးစရာဘာမှမရှိ"

ကားလ်မာက်စ်ရဲ့အလုပ်သမားလူတန်းစားအတွက်

ပြောကြားခဲ့တဲ့အဆိုအမိန့်တခုကကမ္ဘာကျော်ခဲ့တယ်

ချီတက်ကြ

ဒီမိုကရေစီအလံတော်သစ်ဆီ

ချီတက်ကြ 

ဒီနေ့

G - Z တွေရဲ့ တုံ့ပြန်မှုဟာလည်း 

လန်ထွက်နေတယ်

ချီတက်ကြ

(Baby Boomers, X , Y မျိုးဆက်တွေလည်း

မနေနိုင်ပါဘူး)

ချီတက်ကြ

ဒီနေ့ပြည်သူအားလုံးက

စစ်အာဏာရှင်စနစ်ကို

အမြစ်ကအပြီးအပိုင်ဆွဲနှုတ်မယ့် 

တေးသွားတွေကိုသီကျူးရင့်လို့။          ။

စေတ