Breaking News

ပန်ဒိုရာ - လူစွမ်းကောင်းမျိုးဆက်သစ်

လူစွမ်းကောင်းမျိုးဆက်သစ်
ပန်ဒိုရာ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁

ဒီရက်ပိုင်းမှာ အပြင်သွားရင်သွား မသွားလည်း အင်တာနက်ထဲခေါင်းစိုက်နေတော့ ကလေးတွေကိစ္စ အတော် လစ်ဟင်းပါတယ်။ ရုပ်ရှင်တွေ ဖျော်ဖြေမှုတွေလည်း မကြည့်ဖြစ်တာ ကြာပေါ့။ ကလေးတွေကို သူ့ဖေဖေက Netflix က ရုပ်ရှင်တစ်ကား ရှာဖွေပြီး ပေးကြည့်ထားတယ်။ မနေ့ကတော့ အမေဖြစ်သူကို အတင်း လက်လာဆွဲပြီး မေမေဒီကားကိုကြည့်ရမယ်၊ သမီးတို့ လည်းနောက်တစ်ခေါက် ဖေဖေမေမေနဲ့အတူ ပြန်ကြည့်မယ်၊ ဒီကားက အရေးကြီးတယ် တဲ့။ ဒါနဲ့ပဲ ကြည့်ဖြစ်တယ်ပေါ့။

ဒါရိုက်တာ Robert Rodriguez ရဲ့“We can be Heroes” ဆိုတဲ့ ကလေးရုပ်ရှင်ပါ။ ကမ္ဘာမြေကို ဂြိုဟ်သားတွေက လာတိုက်ခိုက်တာကို ကလေးဟီးရိုး (လူစွမ်းကောင်း) တွေက ပြန်ခုခံပြီး၊ အဖမ်းခံထားရတဲ့ သူတို့မိဘဟီးရိုးတွေကို ပြန်ကယ်ထုတ်ကာ ကမ္ဘာမြေကိုကယ်တင်တဲ့ ဇာတ်လမ်းပါ။ သဘာဝလွန်ဖြစ်ရပ်ကို ရိုက်တဲ့ရုပ်ရှင်တွေမှာ ယုတ္တိဆက်စပ်ရတာ ဟာကွက်တွေရှိတတ်ကြတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ပညာ ဖန်တီးမှုအားဖြင့် ပြီးပြည့်စုံအောင် ကောင်းလှတယ်တော့ မဆိုနိုင်ဘူး။ ဒါပေမယ့် တင်ပြချင်တဲ့ အချက်အလက်ကို သဘောကျတယ်။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့လည်း တိုက်ဆိုင်မှု ပတ်သက်မှု ရှိတာကို ခံစားရတယ်။

ကမ္ဘာကြီးမှာ စူပါပါဝါရှိတဲ့ ဟီးရိုးတွေရှိကြတယ်။ သူတို့တွေက မွေးဖွားလာတဲ့ ကလေးတွေရှိတယ်။ သူတို့မှာလည်း မတူညီတဲ့ စူပါပါဝါ ကိုယ်စီ ရှိကြတယ်။ ခေါင်းဆောင်ဟီးရိုးက မွေးလာတဲ့ မိန်းကလေးတစ်ယောက်ပဲ ဘာအစွမ်းမှ မရှိတာ။ သူက သာမန်လူပဲ။ ဒါပေမယ့် သူက မျိုးဆက်သစ်ဟီးရိုးအုပ်စုရဲ့ မတူညီတဲ့ပါဝါတွေကို ဘယ်လိုသုံးရမလဲဆိုတဲ့ လမ်းညွှန်မှုကို ဆုံးဖြတ်ချက် judgment မှန်မှန် ချနိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်လာတယ်။

သူတို့မိဘမျိုးဆက်တွေ ရှုံးနိမ့်ရခြင်းအကြောင်းရင်းကတော့ “တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းညီညွတ်မှု မရှိခြင်းဟာ အဓိကပဲ” လို့ ဒီရုပ်ရှင်က အတိအလင်း ပြထားတယ်။ အဲဒီဖြစ်ရပ်ကို ကလေးတွေဟာ ဖန်သားပြင်ကနေ live လွှင့်နေတဲ့ သတင်းမှာ မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ တစ်ဦးချင်း အစွမ်းပြနေတဲ့ စူပါဟီးရိုးတွေ တစ်ယောက်ပြီး တစ်ယောက် ဂြိုဟ်သားတွေလက်ထဲ အဖမ်းဆီးခံရပြီး ခေါင်းဆောင်လုပ်တဲ့ ဟီးရိုးဟာ နောက်ဆုံးသူတစ်ယောက်တည်း ကျန်တဲ့အချိန်မှာတော့ သမီးအတွက် စကားတစ်ခွန်းချန်ခဲ့တယ်။

“I promised I wouldn’t be a hero anymore. But I’m still the leader of the Heroics and a good leader leads by example.

ငါ ဟီးရိုးတော့ မဖြစ်တော့ဘူး။ ဒါပေမယ့် ငါဟာ ဟီးရိုးတွေရဲ့ခေါင်းဆောင်ဖြစ်နေသေးတယ်။ ခေါင်းဆောင်ကောင်းဆိုတာ စံနမူနာပြ ဦးဆောင်ရတယ်။”

အဲဒီစကားတစ်ခွန်းကို ပြောပြီး ဂြိုဟ်သားမြောက်များစွာကို ဘယ်လိုမှ မနိုင်တော့ဘူး ဆိုတာသိပေမယ့်လည်း အလွယ်တကူ အလျှော့မပေးလိုက်ဘဲ သူတစ်ယောက်တည်း အတတ်နိုင်ဆုံး အနာခံ ခံတိုက်ပြီး အဖမ်းဆီးခံလိုက်ရတယ်။
အတိတ်မှာ လူစွမ်းကောင်းတွေ ရှိခဲ့ကြတယ်။ ဒါပေမယ့် တစ်ချိန်မှာ ရှုံးနိမ့်သွားရတဲ့အခါ အပြင်က တိုက်ပွဲရဲ့ ရလာဒ်နဲ့တင် ပြောနိုင်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ အတွင်းက စိတ်ဓာတ်ကိုပါ ကျရှုံးခဲ့တာ။ စွမ်းရည်ထက်မြက်သူတွေပီပီ မိမိကသာ လုပ်နိုင်တယ်၊ မိမိနည်းလမ်းကသာ မှန်တယ်လို့ ဂုဏ်ဖော်လိုစိတ်၊ ပြီးတော့ မိမိကသာ အစွမ်းထက်ကြောင်း မမှန်မှန်အောင် ပြသလိုစိတ် ၊ ဒီ့ထက်ဆိုးတာက မိမိမှန်ဖို့အတွက် သူများက မှားယွင်းကြောင်းကိုပဲ အဓိက ဦးတည်မိတတ်တဲ့စိတ် ဟာ လူစွမ်းကောင်းတို့ရဲ့ ညီညွတ်မှုနဲ့ စုစည်းမှုကို ပျက်ပြားစေတယ်။

ဒီရုပ်ရှင်ကပေးတဲ့ သင်ခန်းစာနောက်တစ်ခုကတော့ “တစ်ဦးချင်းဆိုရင် လူစွမ်းကောင်းတွေ။ စုပေါင်းလိုက်ရင်တော့ သူတို့ကို ဘယ်သူကမှ ချေမှုန်းနိုင်စွမ်းမရှိ” တဲ့။ အမြဲမှန်ကန်တဲ့ နိယာမတစ်ခုပါ။ ငြင်းချက်ထုတ်စရာမရှိပါ။
အသက် ၅ နှစ်လောက်ကနေ ဆယ်ကျော်သက်စွန်းစွန်းအထိ အရွယ်တွေဖြစ်ပြီး၊ မတူညီတဲ့ အစွမ်းကိုယ်စီ ရှိကြတဲ့ မျိုးဆက်သစ်ဟီးရိုးလေးတွေဟာ သူတို့ရဲ့သင်ယူမှုတွေ မပြီးဆုံးသေးပေမယ့် စာသင်ခန်းကနေ ဖောက်ထွက်ပြီး မိဘတွေကို ကယ်ဖို့သွားခဲ့ကြတယ်။ ပြန့်ကျဲပြီး ပြီးပြည့်စုံမှု မရှိသေးတဲ့ သူတို့ရဲ့အစွမ်းတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ သုံးဖို့ကိုတော့ ပါဝါမရှိပေမယ့် common sense ရှိပြီး judgment မှန်တတ်တဲ့ မိန်းကလေးက ဦးဆောင်ဆုံးဖြတ်တယ်။ သူ့ဆုံးဖြတ်ချက်တွေ အတော်မှန်လာကြောင်း သက်သေပြပြီးမှသာ သူဟာ အားလုံးရဲ့ ယုံကြည်ကိုးစားမှုကို ခံရတယ်။ လူသားပီပီ ပြီးပြည့်စုံတယ်လို့တော့လည်း မဟုတ်နိုင်သေးဘူး။

ဒီနေရာမှာ အနောက်တိုင်းရုပ်ရှင်တွေမှာ အထူးသဖြင့် အက်ရှင်ကားတွေ အတော်များများမှာ အကျပ်အတည်းတွေ့လာရင် သူတို့ယဉ်ကျေးမှုသဖွယ် အမြဲမေးလေ့ရှိတဲ့ မေးခွန်းရိုးရိုးလေး တစ်ခု ရှိပါတယ်။ အဲဒါကတော့ “Do you have a plan?” တဲ့။ အကြံအစည်ရှိလား တဲ့။ ကိစ္စတစ်ခုဖြေရှင်းဖို့ အဲဒါဟာ အရေးအကြီးဆုံး အခြေခံဖြစ်ပါတယ်။ Plan ရှိခြင်းကို strategic ဗျူဟာအဆင့်ဖြစ်စေ၊ situational အခြေအနေအရပြောင်းသွားတဲ့ plan ဖြစ်စေ လိုအပ်တာကို ပထမဆုံး စဉ်းစားရမယ့် အလေ့အကျင့် လိုအပ်တယ် ဆိုတာ ဒီရုပ်ရှင်မှာလည်း ထင်ဟပ်တယ်။ ကျွန်မတို့မှာရော အဲဒီ ယဉ်ကျေးမှုရှိပါသလား ဆိုတာ စဉ်းစားမိတယ်။

ကလေးတွေက Plan ကို အလျှင်အမြန် စဉ်းစားတယ်။ အကောင်အထည်ဖော်ဖို့ ညှိနှိုင်းတယ်။ ခေါင်းဆောင်ကို ယုံကြည်မှုပေးတယ်။ ခေါင်းဆောင်မိန်းကလေးရဲ့ ဟီးရိုးဘွားဘွားဆီရောက်သွားပြီး အတွေ့အကြုံတွေ သင်ယူတယ်။ အမှာစကားတွေကို မှတ်သားတယ်။ နောက်တော့ ဟီးရိုးဘွားဘွားကိုပါ ဂြိုဟ်သားတွေက ဖမ်းလိုက်တယ်။
ဇာတ်လမ်းတစ်ခုလုံးကို ပြန်မပြောလိုတော့ပေမယ့် မှတ်သားမိတဲ့ ဇာတ်ကွက်အနည်းငယ်ကို ဆက်ပြောပြချင်ပါတယ်။ အဖမ်းခံရပြီး ဘာမှမလုပ်နိုင်တဲ့ မျိုးဆက်ဟောင်းမိဘတွေဟာ သူတို့ကလေးတွေ ဂြိုဟ်သားယာဉ်ပျံကြီးထဲအထိ ရောက်လာပြီး လှုပ်ရှားနေတာကို ပိတ်လှောင်ထားတဲ့အခန်းထဲမှာ ဖန်သားပြင်ကတဆင့် မြင်နေရတယ်။ ထိုင်ကြည့်နေရုံအပြင် ဘာမှမတတ်နိုင်ဘူး။ သူတို့ဟာလည်း ကျရှုံးနေတာတောင်မှ အဖမ်းခံထားတဲ့နေရာကနေ ဖောက်ထွက်ဖို့ အတူအကွ စည်းလုံးစွာ ပူးပေါင်းမလှုပ်ရှားတဲ့အတွက် မလွတ်မြောက်နိုင်ပါဘူး။

နောက်တော့ ကလေးတွေထဲမှာ သဘောမတူသူ ၂ ယောက်က အငြင်းပွားပြီး ခွဲထွက်သွားတာကို ပြတယ်။ ကျန်တဲ့ကလေးတွေ လမ်းရှာနေတုန်းမှာပဲ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတော့ အိမ်ပြန်ချင်လို့ ငိုကြတယ်။ လာမိတာမှားပြီ လို့လည်းထင်လာကြတယ်။ မဖြစ်နိုင်တော့ဘူးလို့လည်း ထင်လာကြတယ်။ စိတ်ဓာတ်တွေ ပြိုလဲလာကြတယ်။ အဲဒီအထဲမှာ အရည်တစ်ခုခုရှိရင် အမျိုးစုံပြောင်းနိုင်ပြီး တိုက်ခိုက်စွမ်းလည်းရှိတဲ့ အငယ်ဆုံး ကလေးလေးလည်းပါတယ်။ အိုင်ဒီယာတစ်ခု ရသွားကြတယ်။ ရေမရှိတဲ့အခါ  မျက်ရည်တွေကိုပဲ လိုက်စုပြီး အဲဒီကလေးက သူတို့ကိုပိတ်ထားတဲ့ တံခါးကို ဖွင့်နိုင်တဲ့ သော့တံအဖြစ် ပြောင်းလိုက်တယ်။ အဲဒီမှာ သဘောကျတာတစ်ခုက မျက်ရည်ကနေ key ဖြစ်သွားတဲ့ အဖြစ်ပဲ။ အခက်အခဲကြုံရင်၊ နာကျည်းစရာကြုံရင် မျက်ရည်ကျတာဟာ မရှောင်နိုင်တဲ့ လူ့သဘာဝပါ။ ဒါပေမယ့်လည်း အဲဒီမျက်ရည်ကပဲ ထွက်ပေါက်တစ်ခု အဖြစ် ၊ အင်အားတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တာကို တင်စားချက်တစ်ခုအဖြစ် ခံစားနားလည်မိတယ်။

သူတို့တွေ ပူးပေါင်းအင်အားနဲ့ ဂြိုဟ်သားတွေကို ဆက်တိုက်ကြတယ်။ နောက်တော့ သူတို့ထဲက တစ်ယောက်ဟာ သူတို့ကြားမှာ စပိုင်လုပ်နေတဲ့ ဂြိုဟ်သားကလေးမလေး တစ်ယောက်ဖြစ်နေတာကို သိလိုက်ရတယ်။ အဲဒါကို ခေါင်းဆောင်က ရိပ်မိပြီးသားမို့ စောစောက ခွဲထွက်ချင်ယောင်ဆောင်တဲ့ ကလေး ၂ယောက်ကို လမ်းကြောင်းနောက်တစ်ခုကနေ ယာဉ်ပျံရဲ့စက်ကိရိယာထိန်းချုပ်တဲ့အခန်းဖက် ဖောက်ထွက်သွားခိုင်းတာပါ။ အဲဒါဟာလည်း Plan ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဂြိုဟ်သားမိန်းကလေးက ကြောက်စရာမွန်းစတားတွေကို ဖန်ဆင်းပြီး ကျန်ကလေးတွေကို တိုက်ခိုက်တယ်။

နောက်ဆုံးတော့ အကြီးဆုံးမွန်းစတားကြီးကို တိုက်ခိုက်ဖို့ လိုအပ်တဲ့အခါ ခေါင်းဆောင်မိန်းကလေးက သူ့အဖေရဲ့စကားကို သတိရတယ်။ “ခေါင်းဆောင်ကောင်းဟာ မိမိကိုယ်တိုင်စံနမူနာပြပြီး ခေါင်းဆောင်ရတယ်” ဆိုတာပါပဲ။ ဘာ ပါဝါအစွမ်းမှ မရှိပေမယ့် စွန့်စားမှုကို ယူပြီး သူကိုယ်တိုင် ရှေ့ထွက် တိုက်ခိုက်တယ်။ ရန်သူကို အောင်နိုင်ပေမယ့် တိုက်ခိုက်ရင်း ပြုတ်ကျပြီး သေမလို့ဆဲဆဲမှာ သူငယ်ချင်း စူပါဟီးရိုးလေးတစ်ယောက်က သူ့ကို ကယ်တင်နိုင်လိုက်တယ်။
ကလေးရုပ်ရှင်တွေပြတဲ့အခါ ကလေးတွေကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်မပေးပဲ အပြင်လက်တွေ့နဲ့ နီးစပ်အောင် ပြတဲ့ဇာတ်ကွက်တွေကို တွေ့ရတယ်။ Plan တွေဟာ ပြီးပြည့်စုံမှု မရှိနိုုင်တာ၊ စူပါဟီးရိုးတွေဖြစ်နေတာတောင်မှ မှားယွင်းပြီး ပြန်တည့်မတ်ရတာတွေကိုလည်း ဒီရုပ်ရှင်က ပြထားတယ်။ အရေးအကြီးဆုံးက ဒီဇာတ်ကားမှာ ခေါင်းဆောင်ဆိုတဲ့ မိန်းကလေးက စူပါပါဝါမရှိတဲ့ သာမန်လူဖြစ်နေတာပါပဲ။ ခေါင်းဆောင်တွေဟာ ဘုရားမဟုတ်ပါဘူး။ ခေါင်းဆောင်ဆိုသူတွေဟာ အမှားအယွင်းနဲ့ အားနည်းချက်တွေ ရှိနေနိုင်သေးတဲ့ သာမန်လူသားတွေပါပဲ။

ခေါင်းဆောင်ကောင်းတွေဟာ မိမိကိုယ်တိုင် ရှေ့ထွက်ပြီး စံပြဖြစ်ရတယ်။ အဲဒီအခါမှာ စွန့်လွှတ်မှုတွေ စွန့်စားမှုတွေ ရှိလာရတယ်။ ငွေကြေးဥစ္စာ ဆုံးရှုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ အသက်ကိုစွန့်တာတွေ အပြင် လူကောင်းသူကောင်းတွေ တန်ဖိုးအထားဆုံးဖြစ်တဲ့ ဂုဏ်သိက္ခာကိုတောင် သိလျက်နဲ့ အထိခိုက်ခံပြီး စွန့်စားမှုယူရတဲ့ ခေါင်းဆောင်ကောင်းမျိုးတွေ ဒီကမ္ဘာမြေမှာ ရှိတယ်လို့ ကျွန်မတော့ ယုံကြည်တယ်။

ဇာတ်သိမ်းမှာတော့ တကယ့်တကယ်မှာ ဂြိုဟ်သားတွေဟာ တကယ့်ရန်သူမဟုတ်ဘဲ မျိုးဆက်သစ်တွေဟာ တာဝန်လွှဲပြောင်းယူဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာကို စမ်းသပ်တဲ့ မိတ်ဆွေတွေဖြစ်နေပါတယ်။ ဂြိုဟ်သားတွေဟာ သူတို့ရဲ့ ဂြိုဟ်မှာတော့ မျိုးဆက်သစ်တွေက ခေါင်းဆောင်ပါတဲ့။ စပိုင်လုပ်တယ်ဆိုတဲ့ ဂြိုဟ်သား ကလေးမလေးက သူတို့ဂြိုဟ်ရဲ့အကြီးအကဲပါ။ သူ့ကို ဂြိုဟ်သားအကြီးတွေက ဦးညွတ်လိုက်ကြပါတယ်။  လူ့ကမ္ဘာမြေမှာလည်း မျိုးဆက်သစ်ကလေးတွေက ခေါင်းဆောင်နေရာယူဖို့ တိုက်တွန်းအားပေးတယ်။

She’s leading by example.
The takeover is happening.
The takeover of power, from your parents.
It’s not enough to be strong, powerful or magic. If you do not use your strengths together and with good judgment, you are doomed.

လူသားမျိုးဆက်သစ်ဟီးရိုးလေးတွေဟာ သတ္တိနဲ့ စွမ်းရည်တင်မက စည်းလုံးမှုရဲ့တန်ဖိုးကို အသုံးချနိုင်တာကြောင့် အောင်မြင်ခဲ့ရတယ်။ မတူကွဲပြားတဲ့ ပါဝါအစွမ်းတွေကို သူ့နေရာနဲ့သူ အသိအမှတ်ပြု စီမံခန့်ခွဲနိုင်ပြီး ဆုံးဖြတ်မှု မှန်ကန်တာကြောင့် အောင်မြင်ခဲ့ရတယ်။ ဒါကြောင့် ခေါင်းဆောင်နေရာကို လက်လွှဲယူဖို့ အဆင်သင့်ဖြစ်ကြောင်း စာမေးပွဲစစ်ဆေးပြီး ဖြစ်ပါတယ်လို့ နိဂုံးချုပ်ထားပါတယ်။
အသက် ၂၀ ကျော်လူငယ်တွေက ဝန်ကြီးအဆင့်အထိ တာဝန်ယူတဲ့ နိုင်ငံမျိုးတွေ ဥရောပမှာ ရှိနေပါပြီ။ ကျွန်မတို့နိုင်ငံမှာလည်း ဒီတစ်ခါ ပြည်သူ့အစိုးရသစ်ဖွဲ့ရင် အရေးပါတဲ့ ဦးဆောင်နေရာတွေမှာ လူငယ်တွေ ပိုမိုပါဝင်လာရင် ကောင်းမယ်လို့ စိတ်ကူးယဉ်မိတယ်။ They can be Heroes ပါ။ လူငယ်တွေကို လူကြီးတွေက ဝန်းရံပံ့ပိုးပေးတဲ့အခါ ကျွန်မတို့ရဲ့ ညစ်နွမ်းခဲ့တဲ့ အရောင်တွေတော့ သူတို့ဆီကိုပါ စွန်းထင်းအောင် လုပ်မိသလို မဖြစ်စေဖို့ သတိထားရမယ်လို့ ထင်မိပါတယ်။ မျိုးဆက်သစ် လူစွမ်းကောင်းလေးတွေ တာဝန်လွှဲပြောင်းယူဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတာကို ကျွန်မတို့ မျိုးဆက်ဟောင်းတွေက ကဖျက်ယဖျက် မလုပ်ခြင်းဖြင့် ပါဝင်ကူညီရင်း ကြည့်ကြရအောင်လား။

ပန်ဒိုရာ
၂၅၊၂၊၂၀၂၁

- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။