Breaking News

ဒီခေတ် - လူထုတိုက်ပွဲ နဲ့ အောင်ပွဲသို့ သွားရာလမ်း

7Days News Journal (25th Feb 2021) Yangon


ဒီခေတ် - လူထုတိုက်ပွဲ နဲ့ အောင်ပွဲသို့ သွားရာလမ်း

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁

ဒီလူထုတိုက်ပွဲဟာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေးအတွက် တိုက်ကြတယ်ဆိုတာ ဘာမှ အငြင်း ထွက်စရာ မရှိပါဘူး။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး ဒီမိုကရေစီနိုင်ငံထူထောင်မယ်။ ပြည့်စုံအောင် ပြောရရင် မြန်မာနိုင်ငံရဲ့ သမိုင်းရေးအခြေအနေအရ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ ထူထောင်မယ်။
စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းပြီး ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတာ လူထုတိုက်ပွဲ အဆက်ဆက်ရဲ့ ရည်မှန်းချက်လည်း ဖြစ်သလို၊ ဒီနေ့ လူထုတိုက်ပွဲရဲ့ရည်မှန်းချက်လည်း ဖြစ်ပါတယ်။

သက်ဆိုင်တဲ့ အင်အားစုများ
စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ရေးရည်မှန်းချက်လမ်းကြောင်းနဲ့ သက်ဆိုင်နေတဲ့အင်အားစုတွေဆိုတာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့အဖွဲ့အစည်းအားလုံး၊ စစ်အာဏာရှင်အုပ်စိုးမှု အောက်မှာ ရှိနေကြတဲ့ တရားဝင်နိုင်ငံရေးပါတီအားလုံး၊ ပုံစံမျိုးစုံနဲ့ ဖွဲ့စည်းထားကြတဲ့ တိုင်းရင်းသားအင်အားစုများအားလုံး၊ ဒီမို ကရေစီအင်အားစုများအားလုံး၊ ပြည်သူများအားလုံး ပါဝင်ပါတယ်။

သက်ဆိုင်တယ်ဆိုပေမယ့် ဒီနေ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေလည်း ရှိသလို၊ မပါဝင်ကြသေးတဲ့ အဖွဲ့အစည်းတွေလည်း ရှိတာပါပဲ။ ပါဝင်ရင် ပါဝင်မှုအတိမ်အနက်လိုက်လို့ လှုပ်ရှားမှုလမ်းကြောင်းအပေါ် အကျိုးသက်ရောက်မှု ရှိသလို၊ မပါဝင်တာကလည်း သက်ဆိုင်နေတဲ့အဖွဲ့အစည်းတွေမို့လို့ အကောင်းအဆိုး သက်ရောက်မှု ရှိတာချည်းပါပဲ။

နည်းလမ်းများ
တူညီတဲ့လမ်းကြောင်းတခုတည်းမှာ သွားနေကြရင်း ဆောင်ရွက်နေကြတဲ့နည်းလမ်းတွေကို ကြည့်လိုက်ရင် -
၁။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ သွားနေတဲ့ နည်းလမ်း
၂။ ၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်နဲ့ ပြည်သူ့အာဏာ အပ်နှင်းခြင်းခံရတဲ့ လွှတ်တော်နည်းလမ်း
၃။ ၂၀၂၁ လူထုတိုက်ပွဲနည်းလမ်း
ဆိုပြီး နည်းလမ်း (၃) ခုတွေ့ရပါတယ်။

အဲဒီ့နည်းလမ်း (၃) ခုမှာ -
၁။ လက်နက်ကိုင်အဖွဲ့အစည်းများသွားနေတဲ့နည်းလမ်း -
လက်နက်ကိုင်အဖွဲ့အစည်းများ သွားနေတဲ့နည်းလမ်းမှာ အဓိကအားဖြင့် EAOs အဖွဲ့အစည်းတွေ ရှိပါတယ်။ EAOs တွေ ထဲမှာ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAOs)၊ လက်မှတ်ထိုးမထားတဲ့ လက်နက်ကိုင်အ ဖွဲ့အစည်းတွေ(NCA-NS EAOs)ဆိုပြီး ရှိနေပါတယ်။

NCA-S EAOs ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၀) ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ အချက် (၅) ချက်ပါ ကြေညာချက်မှာ လူထု တိုက်ပွဲကို ထောက်ခံကြောင်းနဲ့ ပံ့ပိုးကူညီမယ့်အကြောင်း၊ ပြည်တွင်းပြည်ပ အင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အကြောင်း ဖော်ပြထားပါတယ်။ ကြေညာချက်ရဲ့နံပတ်(၄)အချက်မှာ လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည် လို့ အတိအလင်း ဖော်ပြထားပါတယ်။ ကြေညာချက်မှာ ဖော်ပြထားချက်အရ NCA လက်မှတ်ထိုးထားတဲ့ NCA-S EAOs (၁၀) ဖွဲ့ရဲ့နိုင်ငံရေး ရပ်တည်မှုဟာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး လူထုတိုက်ပွဲနဲ့ တသားတည်းရှိတယ်လို့ ဖော်ပြလိုက်တာပါပဲ။

NCA လက်မှတ်ထိုးမထားတဲ့ EAOs တွေထဲမှာ တချို့အဖွဲ့အစည်းတွေက လူထုတိုက်ပွဲနဲ့ပတ်သက်လို့ ကြေညာ ချက်ထုတ်ပြန်တာနဲ့ မိမိတို့ နယ်မြေမှာရှိတဲ့ လူထုတိုက်ပွဲကို အကာအကွယ်ပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျန်ရှိနေတဲ့ EAOs အဖွဲ့တချို့ရဲ့ ဒီနေ့ လူထုတိုက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်တွေနဲ့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ လက်တွေ့ဆောင် ရွက်မှုတွေ မတွေ့ရသေးပါဘူး။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ဆက်လက်ဆုတ်ကိုင်ထားဆဲဖြစ်ပြီး၊ အင်အားအခြေအနေ ဘယ်လိုပဲရှိပါစေ၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တိုင်းမှာ သတိထားစောင့်ကြည့်နေရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ "ယနေ့ ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ၏ ထုတ်ပြန် ကြေညာချက် ၂/၂၀၂၁" ဆိုပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ရဲ့နောက်ဆုံးပိုဒ်မှာ "ဗမာပြည်ကွန်မြူ နစ်ပါတီသည် ဤသို့သောလူထုတိုက်ပွဲပေါင်းစုံကို တလျှောက်လုံး ထောက်ခံပူးပေါင်း ပါဝင်ခဲ့သလို ယခုတိုက်ပွဲကြီးတွင်လည်း မိမိတို့တတ်နိုင်သည့်အခန်းမှ တတ်နိုင်သည့်နည်းနာ ဖြင့် ပါဝင်ဆဲ၊ ပါဝင်နေမည်သာဖြစ် ကြောင်း ကြေညာလိုက်ပါသည်။" … လို့ ဖော်ပြထားပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဖော်ပြချက်ကလည်း ၂၀၂၁ လူထုတိုက်ပွဲနဲ့ တသားတည်း ရပ်တည်မယ်လို့ ဆို လိ်ုက်တာပါပဲ။

၂။ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်နဲ့ ပြည်သူ့အာဏာ အပ်နှင်းခြင်းခံရတဲ့ လွှတ်တော်နည်းလမ်း -
ဒီနည်းလမ်းနဲ့ပတ်သက်လို့ အဓိကဆောင်ရွက်ရမယ့်အဖွဲ့အစည်းက အခုအချိန်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ(CRPH) ပါပဲ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ ပြီးတော့၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏အစီရင်ခံစာ" ဆိုပြီး ထုတ်ပြန်ခဲ့ပါ တယ်။ အစီရင်ခံစာမှာ (၁) ဥပဒေရေးရာကော်မတီ၊ (၂) ပြန်ကြားရေးနှင့် ပြည်သူ့ရေးရာကော်မတီ၊ (၃) တိုင်းရင်းသားရေးရာ ကော်မတီ၊ နဲ့ (၄) နိုင်ငံတကာရေးရာကော်မတီဆိုပြီး ကော်မတီ ၄ ခုဖွဲ့စည်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

CRPH ဆောင်ရွက်နေတဲ့လုပ်ငန်းတွေထဲမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိဖို့ အရေးတကြီးဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။ 

အစီရင်ခံစာထုတ်ပြန်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ဆက်သွယ်ဆောင် ရွက်ရန်အတွက်၊ နိုင်ငံအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရန်အတွက်ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ CRPH ရဲ့နိုင်ငံတကာဆက်ဆံရေးရုံးကို ဖွင့်လှစ်လိုက်ကြောင်းနဲ့ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်ခန့်အပ်တာနဲ့ ကုလ သမဂ္ဂဆိုင်ရာ အထူးသံတမန် ခန့်အပ်တာတွေ လုပ်လာပါတယ်။

CRPH ရဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာမှာ ရှေ့ဆက်သွား မယ့်လမ်းကြောင်းနဲ့ပတ်သက်လို့ နောက်ဆုံးပိုဒ် အပိုဒ်(၇)မှာ အခုလို ဖော်ပြထားပါတယ်၊ "မည်သို့သော စိန်ခေါ်မှုများ ရှိနေ လင့်ကစား ကျွန်ုပ်တို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးများက ချမှတ်လိ်ုက်သော ပြည်ထောင်စုသဘောတူညီချက်များ(Union Accords)ကို ဆက်ခံလျက် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ခြင်းအားဖြင့် စစ်အာဏာရှင်ဝါဒချုပ်ငြိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးတို့အတွက် ညီနောင်တိုင်းရင်းသား နိုင်ငံရေးအင်အားစုများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။"

ဒါ့အပြင် CRPH ရဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်က ဖေဖော်ဝါရီလ ၉ ရက်နေ့က BBC အသံလွှင့် ဋ္ဌာနကို အခုလို ပြောခဲ့တာပါပဲ၊ "နောက်ပိုင်းမှာ သမ္မတ ရွေးချယ်တင်မြှောက်ရေးနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေ ဖွဲ့စည်း သွားဖို့ ရှိတယ်လို့ ကော်မတီအဖွဲ့ဝင်တဦးလည်းဖြစ်၊ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာဝေဖြိုးအောင်က ပြောပါတယ်။" ဒီသတင်းရဲ့ခေါင်းစဉ်ကို BBC က "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်နဲ့ ပြည်သူ့အာဏာ အပ်နှင်းခြင်းခံရတဲ့ လွှတ်တော်နည်းလမ်းဆိုတာ ၂၀၂၀ ရွေးကောက်ပွဲ မှာ ရွေးချယ်ခံထားရသူ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အစိုးရဖွဲ့တဲ့အထိ သွားရမယ်၊ ဖွဲ့စည်းပြီးတဲ့တရားဝင်အစိုးရကို ပြည်တွင်း ပြည်ပက တရားဝင်အသိအမှတ်ပြုမှုရအောင် လုပ်ရမယ်၊ အစိုးရတရပ်ရဲ့လုပ်ငန်းတွေကို ပီပီပြင်ပြင် ပြတ်ပြတ်သား သားလုပ်ရမယ်ဆိုတာ ပြဋ္ဌာန်းပြီးသား လုပ်ငန်းတာဝန်တွေပါ။

၃။ ၂၀၂၁ လူထုတိုက်ပွဲနည်းလမ်း
လူထုတိုက်ပွဲနည်းလမ်းမှာ ဒီနေ့အဓိကလှုပ်ရှားမှုပုံစံ (၃) မျိုးရှိပါတယ်။

အဲဒီ့ပုံစံ ၃ မျိုးက အလုပ်မဆင်းသပိတ်မှောက်လှုပ်ရှားမှု(CDM)၊ လမ်းပေါ်ထွက်ဆန္ဒပြလှုပ်ရှားမှု နဲ့၊ ည ၈ နာရီ သံပုံး တီးတာနဲ့ အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်ရေးယန္တားကို ငြင်းပယ်ဖီဆန်ပြီး ရပ်ရွာဒေသအခြေခံ လုံခြံရေးအဖွဲ့၊ စီမံအုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့စည်းနေမှု ပုံစံတွေပါပဲ။ လှုပ်ရှားမှု ပုံစံ ၃ မျိုးလုံးဟာ အပြန်အလှန်အမှီပြုပြီး သူ့အခန်းကဏ္ဍနဲ့သူ အရေးကြီးပါတယ်။

အခု တင်ပြခဲ့တာတွေက စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး နဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံထူထောင်ရေး ရည်မှန်းချက် အောင်မြင်ရေးလမ်းကြောင်းမှာ အထင်အရှားတွေ့နေရတဲ့ နည်းလမ်း (၃) ခုပါ။
နည်းလမ်း (၃) ခုနဲ့ သွားနေကြတဲ့အခါမှာ အရေးကြီးဆုံးလိုအပ်ချက်က လက်တွေ့ကျပြီး ခိုင်မာတဲ့လုပ်ငန်းစဉ်တွေ ချ မှတ်ထားနိုင်ဖို့ပါဘဲ။

လုပ်ငန်းစဉ်များ
လူထုတိုက်ပွဲနဲ့ပတ်သက်ပြီး CDM ကိစ္စ၊ လမ်းပေါ်ဆန္ဒပြပွဲတွေကိစ္စ၊ ပြည်သူ့အုပ်ချုပ်ရေးယန္တားကိစ္စ အစရှိတဲ့ လုပ်စရာ အကြောင်းကိစ္စတွေ အများအပြားရှိပါတယ်။ အဲဒီ့အကြောင်းကိစ္စတွေ လုပ်ဆောင်ရင်းနဲ့ အရေးကြီးတဲ့လိုအပ်ချက်က တိုက်ပွဲ လမ်းကြောင်းကို အထွဋ်အထိပ်သယ်ဆောင်နိုင်ဖို့ လုပ်ငန်းစဉ်တွေ ရှိရပါမယ်။ အခုဆွေးနွေးချင်တဲ့ လုပ်ငန်းစဉ်တွေဆိုတာ တိုက်ပွဲလမ်းကြောင်းကို အထွဋ်အထိပ်သယ်ဆောင်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေအကြောင်းပါ။

လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးဖို့အတွက် လမ်းညွှန်လို သဘောထားသင့်တဲ့ကိစ္စတခု အရင် ပြောပြချင်ပါတယ်။

ဒီနေ့ ၂၀၂၁ လူထုတိုက်ပွဲရဲ့ CDM လှုပ်ရှားမှုကို ကျန်းမာရေးဋ္ဌာနက စခဲ့သလိုပါပဲ၊ လမ်းညွှန်လိုဖြစ်နေတဲ့ သဘောထား တခုဆိုတာကလည်း ကျန်းမာရေးဋ္ဌာနက မေ့ဆေးအထူးကု ဆရာဝန်မကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်ရဲ့ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောခဲ့တဲ့စကားတွေပါ။ ဒေါက်တာဒေါ်မြင့်မြင့်စိန်ဟာ ပြည်မြို့ဆေးရုံက ကိုဗစ်လူနာကို ကုသပေးရင်း ပထမဆုံး ကိုဗစ်ကူးစက်ခံ ရတဲ့ ကျန်းမာရေးဋ္ဌာနက ဆရာဝန်မကြီးပါ။ ကိုဗစ်ရောဂါ သက်သာလာတဲ့အခါ ဆေးရုံမှာတက်နေရင်းနဲ့ပဲ ဘီဘီစီအသံလွှင့်ဋ္ဌာနနဲ့ အင်တာဗျူးလုပ်ပါတယ်။ အလွန်မှတ်သားစရာစကားတွေပါတဲ့ အင်တာဗျူးအကွက်လေးတကွက်ကို မူရင်းအတိုင်း ဖော်ပြပါမယ်။

ဘီဘီစီ - ဆရာမအနေနဲ့က ကိုယ်ကုသပေးတဲ့လူနာဆီကနေ ဗိုင်းရပ်စ်က ကူးနိုင်တဲ့အခြေအနေ အများကြီးဆိုတာ သိတယ်။ ဒါပေမဲ့ ကိုယ်က သူ့ကို ကျူ့ထည့်ရမယ့်အခြေအနေမျိုးပေါ့နော်၊ ပိုက်ထည့်ရမယ့်အခြေအနေမှာလည်း ကောင်းကောင်းမမြင်ရတဲ့အတွက် ကိုယ့်ကိုအန္တရာယ်အကာအကွယ်ပေးနိုင်တဲ့ပစ္စည်းတွေကို ဖြုတ်ပြီးတော့မှ လုပ်လိုက်ရတယ်ဆိုတော့ အဲဒီ့အချိန်မှာ ဆရာမရဲ့ ဆုံးဖြတ်ချက်က အဓိကအားဖြင့် ဟို ဘာကိုမူတည်ပြီးတော့ ဘယ်လိုဆုံးဖြတ်လုပ်ကိုင်လိုက်တာပါလဲ။

ဒေါက်တာဒေါ်မြင့်မြင့်စိန် - ကျမတို့အလုပ်က ဒီပိုက်ကိုရအောင်ထည့်မယ်ပေါ့။ အသက်ရှင်ဖို့လမ်းကတော့ ပိုက်ထည့်ရင်လည်း သေချာပေါက် ရှင်မယ်ဆိုတာ မရှိပေမယ့် ကျမတို့အလုပ်က အဲဒီ့အချိန်မှာ ထည့်ရမှာ၊ ဒီကျူ့ကို ရအောင် ထည့်ရမယ့် သဘောရှိ တယ်။ ကျု့ထည့်ပြီးတော့ ဝင်သွားရင်ရော ရှင်မှာလား ဆိုတော့၊ မသိဘူး။ တချို့လည်း ဒီလိုပဲ စက်တင်ပြီးတော့ သေသွားတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီ့အခိုက်အတန့်မှာတော့ ကျမတို့က ကျူ့ဝင်အောင် ထည့်ရမယ်ဆိုတဲ့အလုပ်ကို ကျမတို့ လုပ်ရမှာ၊ အဲဒီ့ အတွက် ကြောင့် ပထမတကြိမ်ကြိုးစားတယ်၊ မရဘူး။ 

 ကျမတို့ရဲ့စိတ်ထဲမှာတော့ ဒီကျူ့ကို ဝင်အောင် ထည့်မှာဘဲနော်၊ ဝင်အောင် ထည့်ရမယ့်အလုပ်၊ ဒါကိုပဲ ထည့်ရမယ်ဆို တဲ့ဟာကိုပဲ ကျမတို့ စိတ်ထဲမှာ ရှိတယ်။ ဒါပေမယ့် ၂ ကြိမ်ကြိုးစားပြီးတဲ့အချိန်မှာတော့ ကျမက ရှင်းရှင်းပြောရလို့ရှိရင် မေ့ဆေး ဆရာဝန်တယောက်က ၂ ကြိမ်မှ အသက်ရှုပိုက်ကို ထည့်လို့မဝင်ဘူးဆိုရင် ကျမက နောက်တယောက်ကို ပြောင်းရမှာ။ ဒါပေမဲ့ နောက်တယောက်ကလည်း ကျမရဲ့ဂျူနီယာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ကျမက သူတို့အားလုံးရဲ့ဟာကို သူတို့ရဲ့ ကူးစက်နိုင်မှု တွေအတွက်ကို ကျမ စိုးရိမ်သွားတာပေါ့လေ။ ဆိုတော့ လူနာက ဝလည်း ဝတယ်၊ ခက်လည်း ခက်တယ်ဆိုတော့ ကျမကိုယ်တိုင် ခံစားပြီးတဲ့အချိန်မှာ နောက် အဲဒီ့အချိန်မှာပဲ လူနာရဲ့အခြေအနေက ထပ်ထပ်ပြီးတော့ ဆိုးရွားလာတာရှိတယ်။ ဆိုတော့ကျတော့ ကျမတို့က နောက် အသက်ရှုနည်းလမ်းတခုပေါ့နော်၊ ပိုက်မထည့်ဘဲနဲ့ အောက်စီဂျင်ဆက်ပေးတယ်။ ဒါပေမဲ့ လူနာဟာ ကောင်းမလာ ဘူး။ ဆိုတော့ အဲဒီ့အခိုက်အတန့်မှာတော့ ကျမတို့က ကျမတို့တာဝန်ကို လုပ်လိုက်တယ်။

ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်ရဲ့အင်တာဗျူးကနေ ရလိုက်တဲ့အသိကတော့ အချိန်တချိန်မှာ အလုပ်တခုကို လုပ်ကို လုပ်ရမယ်ဆိုရင် လုပ်ကို လုပ်လိုက်ဖို့ပါပဲ။ အဲဒီ့အတွက် သေမှာလည်း မကြောက်သလို၊ အဲဒီ့အလုပ်ကနေ အကျိုး ဆက်ဘာဖြစ်မလဲဆိုတာလည်း ထည့်စဉ်းစားပြီး တွေဝေနေလို့ မရတော့ပါဘူး။

ဒီနေ့လူထုတိုက်ပွဲရဲ့အခြေအနေကလည်း လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ လုပ်ကိုလုပ်ရမယ့် အလုပ်တွေ ရှိနေပါပြီ။ အဲဒီ့အတွက် သေမှာလည်း ကြောက်လို့မရ၊ ထောင်ကျမှာလည်း ကြောက်လို့မရ၊ အခုလောလောဆယ် ဝိ်ုင်းပြီး အပြစ်တင် ကြမှာလည်း ကြောက်လို့မရ၊ နောင်မှာ အပြစ်တင်ခံရမှာလည်း ကြောက်လို့မရ၊ လုပ်ကိုလုပ်ရမယ့်အလုပ်ကို လုပ်ကိုလုပ်ရပါ လိမ့်မယ်။ အဲဒီ့ လုပ်ကိုလုပ်ရမယ့် လုပ်ငန်းစဉ်တွေ ဆိုတာကတော့ -

၁။ CRPH က ပြည်ထောင်စုအစိုးရ ဖွဲ့ကို ဖွဲ့ရပါလိမ့်မယ်။
အစိုးရဖွဲ့တာနဲ့ပတ်သက်ပြီး လူထုတိုက်ပွဲအရှိန်အဟုန်တက်နေတုန်းမှာ အမြန်ဆုံးဖွဲ့ဖို့သင့်ပါတယ်။ နောက်ဆုံးထား ဖွဲ့ရမယ့်ရက်ကတော့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ နေ့ပါ။ အစိုးရဖွဲ့တဲ့အခါ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်က ဖွဲ့တယ်ဆိုပြီးပဲ ဝိုင်း အပြစ်တင်တင်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ် Legitimacy နဲ့ပဲဖွဲ့ဖွဲ့၊ လူထုထောက်ခံမှု Mandate နဲ့ပဲဖွဲ့ဖွဲ့၊ ပြည်ထောင်စု အစိုးရဖွဲ့ဖို့နဲ့ အစိုးရတရပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ပြတ်ပြတ်သားသားလုပ်ဖို့က အခု ရောက်ရှိနေတဲ့ အခြေ အနေမှာ CRPH အနေနဲ့ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်အလုပ်ပါ။

၂။ CRPH က ပြည်ထောင်စုအစိုးရ ဖွဲ့ဖို့ အချိန်ကာလကျော်သွားတဲ့အထိ မဖွဲ့ခဲ့ရင်၊ စစ်အာဏာရှင်စနစ် အကုန်အ စင်ဖျက်သိမ်းရေး နဲ့ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ရေး ရည်မှန်းချက်လမ်းကြောင်းနဲ့ သက်ဆိုင်နေတဲ့အင် အားစုတွေ စုစည်းပြီး လူထုတိုက်ပွဲနဲ့အတူ လူထုကပေးတဲ့ Mandate နဲ့ ပြည်သူ့အစိုးရတစ်ရပ် ဖွဲ့ကို ဖွဲ့ရပါလိမ့်မယ်။

ပြည်သူ့အစိုးရဖွဲ့နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရပါလိမ့်မယ်။ ပြည်သူ့အစိုးရဖွဲ့လို့ ရင်ဆိုင်ရမယ့်အခြေအနေ အားလုံးကို ရင်ဆိုင်ဖို့ပါပဲ။

၃။ ပြည်ထောင်စုအစိုးရလည်း မဖွဲ့နိုင်၊ ပြည်သူ့အစိုးရလည်း မဖွဲ့နိုင်ရင်၊ ဒီနေ့လူထုတိုက်ပွဲမှာ ပါဝင်တဲ့မျိုးဆက်အသီး သီးက နောက်တဆင့် နည်းဗျူဟာလမ်းစဉ်အတွက် တိုက်ပွဲပုံသဏ္ဍန်မျိုးစုံ ဆက်လက်တိုက်ပွဲဝင်ကြရပါလိမ့်မယ်။

နောက်တဆင့် နည်းဗျူဟာလမ်းစဉ်အတွက်လည်း အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရပါလိမ့်မယ်။

ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်ရဲ့စကားနဲ့ပဲ ပြန်ချုပ်ရရင်၊ လူနာ သေမလား ရှင်မလား မသိ၊ ရောဂါပိုးကူးစက်ခံ ရမလား၊ မခံရဘူးလား မသိ၊ ဒီအခြေအနေ ဒီအဆင့်မှာ အသက်ရှုပိုက်ထည့်ရမယ်ဆိုရင် ပိုက်ထည့်ကိုထည့်ရမယ်။

ဒီနေ့ မြန်မာ့နိ်ုင်ငံရေးအခြေအနေကလည်း အစိုးရ ဖွဲ့ရမယ့်အချိန်မှာ အစိုးရဖွဲ့ကို ဖွဲ့ရမယ်၊ ဒါမှမဟုတ် တိုက်ပွဲသဏ္ဍန်မျိုး စုံနဲ့ တိုက်ရမယ့်အချိန်မှာ တိုက်ကိုတိုက်ရမယ်။ ။

ဒီခေတ်