မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၂ ရက် မြောက်နေ့ မြင်ကွင်း ...

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁၂ ရက် မြောက်နေ့ မြင်ကွင်း ...
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁ကိုယ်ထူမှ ကိုယ်ထ ကိုယ့်ဖာသာသာ ကာကွယ်ရမယ့် နိုင်ငံတော်
မနေ့က စစ်တပ်က အာဏာသိမ်းတာ ၁၂ ရက်မြောက်တဲ့နေ့ဖြစ်တယ်။ လူထု၏ အာဏာဖီဆန်မှု ကလည်း အရှိန်ရနေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တိုးပြီးတော့ ဖိအားပေးတာ အရေးယူဖို့ ပြင်ဆင်တာတွေ လုပ်လာပါတယ်။ ဒီတခါ သမိုင်းမှာ အဓိကထူးခြားချက်ကတော့ - စစ်တပ်က လူထုမဲနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်နဲ့ အစိုးရကို ဖြုတ်ချတာ အာဏာသိမ်းတာ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့မှ တရားပါတယ်လို့ အကြောင်းပြချက် ဆင်ခြေပေးလို့ ရတဲ့ အမှုမဟုတ်ပါဘူး။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အမေရိကန်အထက်လွှတ်တော်မှာ သမတဟောင်း ဒေါ်နယ်ထရန့်ကို အရေးယူဖို့ ကြားနာနေကြတယ်။ မင်းအောင်လှိုင်လိုပဲ ဒေါ်နယ်ထရန့်ဟာ အာဏာကို ဆုပ်ကိုင်ဖို့ လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မလို့ အမေရိကန်စစ်တပ်နဲ့ ရဲတွေက နိုင်ငံတော်ကို သစ္စာဆိုပြီး ထရန့်ကို သစ္စာမဆိုကြလို့ တိုင်းပြည်ဟာ ပျက်စီးခြင်း မရောက်ခဲ့တာပဲ။ အခု အမေရိကန်အထက်လွှတ်တော်မှာ နှစ်ဘက်သော ရှေ့နေတွေနဲ့ သက်သေခံတွေ အထောက်အထားတွေနဲ့ ကြားနာနေကြပါပြီ။ အာဏာရူး သမတထရန့်၏ လုပ်ကြံမှုတွေနဲ့ သူ့နောက်လိုက်အစွန်းရောက်တွေ၏ လုပ်ရပ်တွေဟာ တိုင်းပြည်နဲ့ ဒီမိုကရေစီအတွက် ဘယ်လောက်တောင် အန္တရာယ်ကြီးလဲဆိုတာ တွေ့နိုင်ပါတယ်။ ဒီမိုကရေစီဘိုးအေ အမေရိကန်တောင် အာဏာရူးတွေ အစွန်းရောက်တွေလက်ထဲ ကျဖို့ ဖြစ်နိုင်သေးရင် မြန်မာပြည်အတွက် ကြီးစွာ သတိထား ဆောင်ရွက်ကြရမယ့် အချိန်ဖြစ်ပါတယ်။
မြန်မာပြည်မှာ လမ်းပေါ်တိုက်ပွဲ ဝန်ထမ်းသပိတ်တိုက်ပွဲတွေက ဆက်ပြီး အရှိန်မြင့်တင်နေကြပါတယ်။ ပြည်လုံးကျွတ် အကုန်အစင် ကျေးလက်မြို့ရွာအနှံ့ အထွေထွေသပိတ်ကြီး အပြည့်အ၀မဖြစ်သေးလို့ လူထုက လမ်းပေါ်မှာ ဆက်ချီတက်နေတာပါ။ ဝန်ထမ်းတွေအကုန်အစင် အာဏာဖီဆန်မှု ပြီးမြောက်နိုင်မှသာလျင် စစ်အာဏာသိမ်းအစိုးရ ဘုန်းဘုန်းကျ ပြိုလဲရမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ တဘက်နဲ့ တဘက် လမ်းပေါ်မှာ အားစမ်းတာ၊ ဖိအားပေးတာတွေ မြင်ရပါတယ်။ ပြီးတော့ ဆိုရှယ်မီဒီယာပေါ်မှာလည်း တဘက်နဲ့တဘက် သွေးတိုးစမ်းတဲ့ လှည့်စားတဲ့ ဗျိုးဟစ်သံတွေနဲ့ ညံနေပါတယ်။ ဒါ့အပြင် စစ်တပ်က ရဲတွေ နဲ့ သူတို့နောက်လိုက်တွေသုံးပြီး ညဘက်တွေမှာ ဖမ်းဟယ် ဆီးဟယ် ခြေလှမ်းတွေ တိုးဖို့ ပြင်လာပါတယ်။
အခုအချိန်က စိတ်ဓာတ်စစ်ဆင်ရေး တိုက်ပွဲကာလကို ရောက်လာတယ် မြင်မိပါတယ်။ လမ်းပေါ်သပိတ်တိုက်ပွဲသမားတွေ ဝန်ထမ်းသပိတ်တိုက်ပွဲခေါ်သမားတွေက အချိတ်အဆက်မိမိ စည်းလုံးညီညွတ်စွာနဲ့ အရှိန်ကို မြှင့်ကြရမယ်လို့ မြင်မိပါတယ်။ သပိတ်အဖွဲံတွေ အထောက်အကူပြုအဖွဲ့တွေ ပြန်ကြားရေးတွေ ပိုပြီး ချိတ်မိနေကြလိမ့်မယ်လို့ မျော်လင့်ပါတယ်။
စစ်အစိုးရကို ပိုပြီး ဖိအားပေးဖို့က စားသုံးသူသပိတ်ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ပွင့်လင်းတွေက စားသုံးသူသပိတ်အဖြစ် စစ်တပ်ပိုင်လုပ်ငန်းတွေ စစ်တပ်ဆက်စပ်လုပ်ငန်းတွေကို သပိတ်မှောက်ဖို့ နှိုးဆော်ပါတယ်။ ပြီး တော့ မြို့နယ်အလိုက်လုံခြုံရေးကာကွယ်ရေးတွေ ဖွဲ့ကြ စောင့်ရှောက်ကြဖို့လည်း ဆော်ဩပါတယ်။ စစ်အစိုးရအဖွဲ့ဝင်တွေထဲက အရပ်သားတွေ တိုင်းရင်းသားတွေ အလုပ်က ထွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
သည်နေရာမှာ ဖိအားပေးတာတွေအပြင် စစ်အုပ်စုကို နောက်ဆုတ်သွားအောင်လုပ်ဖို့ ရှေ့ကို ပိုတိုးကြဖို့ လိုမယ် ထင်မိတာပါပဲ။ NLD ဌာနချုပ်ကို မကာကွယ်လိုက်နိုင်လို့ စစ်တပ်က ဝင် ကျူးကျော်သိမ်းပိုက်တာမျိုးကို နောက် အဖြစ်ခံလို့ မရဘူး ထင်ပါတယ်။ မြို့နယ်ရပ်ကွက်ကျေးရွာအလိုက် မိမိတို့ ထောက်ခံထားတဲ့ ပါတီရုံးကို အခြေပြုပြီး ဖြစ်စေ ဌာနတခုခုကို ဖြစ်စေ သတ်မှတ်ပြီး မိမိတို့ မြို့နယ်ကို ရပ်မိရပ်ဖတွေ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စီမံဖို့ ကာကွယ်ဖို့ ပြင်ကြရမယ် ထင်ပါတယ်။ လမ်းပေါ်ထွက်သပိတ်သမားတွေ ဝန်ထမ်းသပိ်တ်သမားတွေအတွက် ကျောရိုးအဖြစ် ထောက်ခံပေးတဲ့ ရပ်ရွာအခြေပြုတွေ ဖြစ်ပေါ်လာဖို့ လိုနေပြီလို့ မျော်လင့်မိပါတယ်။ ထွေအုပ်ရုံးတွေ ရဲစခန်းတွေ ဆေးရုံတွေ မီးသတ်ဌာနတွေကိုလည်း ရပ်မိရပ်ဘတွေ ဒေသခံတက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တွေက စောင့်ကြည့်တာ စုံစမ်းတာ ဆွေးနွေးတာ အားစမ်းကြည့်တာတွေ လုပ်ကြရလိမ့်မယ် ထင်ပါတယ်။ မဟုတ်ရင် စစ်အုပ်စုက ကြိုတင်ပြီး အရေးကြီးဌာနဒေသတွေကို ကျုးကျော်သိမ်းပိုက်တာ အကြမ်းဖက်ဖို့ ကြိုးစားတာတွေနဲ့ တိုက်စစ်ဆင်လာမှာ သေချာပါတယ်။
၁၄ ရက်ကနေ ၂၈ ရက်အထိ ဖြတ်တောက်တာ အင်တာနက်လိုင်းတွေ ဖျက်တာတွေ လုပ်မယ်လည်း သတင်းတွေ ပြန့်နေပါတယ်။ တဖက်က ထိုးစစ်ဆင်လာတော့မှ ကာကွယ်တုန့်ပြန်မှာလား အခုကတည်း လက်ဦးအောင် မိမိတို့ ရပ်ရွာကို ကာကွယ်စောင့်ရှောက်ထားကြမှာလားဆိုတာ မေးခွန်းတခု ဖြစ်နေပါတော့တယ်။
ရေးတာက မြင်ကွင်း ရေးရင်းနဲ့ သဘောထားတွေ ပါကုန်တာ ခွင့်လွှတ်ပါ။ ဆက်သွယ်မေးမြန်းသူတွေကိုယ်တိုင်ကလည်း မြင်ရ ကြုံရတာပြောရင်းကနေ သူတို့သဘောထားတွေ သုံးသပ်တာတွေပါ ထည့်ပြောကုန်ကြတာကိုး။
(မိုးမခမီဒီယာ)