Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၆ ရက် မြောက်နေ့ မြင်ကွင်း




မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၁

စစ်တပ်က အာဏာသိမ်းပြီး ၆ ရက်မြောက်နေ့ ရန်ကုန်မြို့တွင်းမှာ လှုပ်ရှားမှုတွေ ပိုတိုးလာပါတယ်။ လူ့ဘောင်သစ်ပါတီက လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ အိသဉ္ဇာမောင်က ကျောင်းသား လူငယ် အလုပ်သမား လယ်သမားတွေရဲ့ ဦးဆောင်မှုနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြပွဲတွေ လုပ်ဆောင်လာပါတယ်။ သူတို့က - ဘာလက်နက်မှ ကိုင်ပြီးထွက်မလာဘူး ယုံကြည်ချက် ကိုပဲ ကိုင်ပြီး လမ်းမတွေပေါ် ငါတို့ ထွက်လာခဲ့ပြီ လို့ သူ့စာမျက်နှာမှာ ရေးထားပါတယ်။

ရန်ကုန်မြို့အနှံ့မှာ ဖြစ်နေတာကို ဖေ့စ်ဘွတ်ကနေ လိုက်ဗ် လွှင့်ကြပါတယ်။ အဓိကရုဏ်းရဲတွေက လမ်းတွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ လှည်းတန်း-အင်းစိန်လမ်းမမှာ ပိတ်ဆို့ထားတဲ့အကြောင်း မီဒီယာသမားတွေက တောက်လျောက် လိုက်ပါပြီး သတင်းပို့နေတာ မြင်နေရပါတယ်။ စနေနေ့ဆိုတော့ အစိုးရရုံးပိတ်ပြီးတော့ စစ်အစိုးရ၏ ထုတ်ပြန်မှုတွေကို မတွေ့ကြရပါဘူး။

တနင်္လာနေ့က စပြီး အစိုးရရုံးဝန်ထမ်းတွေက #CDM civil disobedience movement အဖြစ် ရုံးမတက်ဘဲ သပိတ်မှောက်ကြဖို့ နှိုးဆော် ပြင်ဆင်နေကြပါတယ်။ အနဲဆုံး ၃ ရက် ရုံးမတက်ကြဘူး။ အလုပ်က ထုတ်ပစ်လို့ မရဘူး။ ကိုဗစ်ကာလမှာ အန့့မရလို့ ရုံးမလာတဲ့အကြောင်း အကြောင်းပြလို့ရတယ်လို့ အချင်းချင်း လက်တို့ထားကြပါတယ်။ ရုံးဝန်ထမ်းအငယ်တွေအတွက် ဖြစ်နိုင်သော်လည်း အရာရှိတွေအတွက် အလုပ်ခွင်ကို သပိတ်မှောက်ဖို့တော့ အစပိုင်းမှာ ခက်မယ်လို့ ထင်မြင်ချက်ပေးပါတယ်။

ပြည်တွင်းပြည်ပက ထောက်ခံအားပေးသူ ကွန်ယက်တွေက သပိတ်မှောက်ဝန်ထမ်းတွေကို ကူညီဖို့ ပြင်ဆင်နေကြောင်း ထုတ်ပြန်ထားကြပါတယ်။ ပြည်တွင်းက ထင်ရှားသူ အနုပညာရှင်အချို့ကလည်း အကူအညီပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကနေ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီအသစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း မိမိတို့ နယ်မြေများက သပိတ်မှောက်ဝန်ထမ်းတွေကို ကူညီပြီး ရပ်တည်ပေးကြဖို့လည်း လိုအပ်ပါတယ်။

အကြမ်းမဖက် ငြိမ်းချမ်းသော စစ်အာဏာရှင်ဖြုတ်ချဖို့ #CDM - ဝန်ထမ်းသပိတ်မှောက် လှုပ်ရှားမှုကို အများစုက တိုက်တွန်းအားပေးနေကြပါတယ်။ နည်းမျိုးစုံ ဘက်မျိုးစုံက ဆန့်ကျင်လှုပ်ရှားမှုတွေကနေ ဝန်ထမ်းသပိတ်မှောက် တိုက်ပွဲ အရှိန်မြင့်ဖို့ကို မျော်လင့်နေကြပါတယ်။

သည်နေ့တော့ သည်လောက်ပဲ တင်ဆက်နိုင်ပါတယ်။