ခင်လွန်း - " အနာဂတ်မှာ ဘုရားပုပုလေးတွေကိုးကွယ်ကြတော့မလား "
ခင်လွန်း - " အနာဂတ်မှာ ဘုရားပုပုလေးတွေကိုးကွယ်ကြတော့မလား "
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၁
-
ဘောလုံးတသင်းမှာ ရှေ့တန်းက
ဘယ်လိုထိုးဖောက်ကြိုးစားကြိုးစား
နောက်တန်းက ဖြဲဖြဲပေးနေရင် သွားပြီ
ဒီအချိန်မှာ ဒူးညွှတ်သွားစေမယ့်
စကားတခွန်းကို မင်းမပြောမိပါစေနဲ့
ဒါမှမဟုတ် ထည့်ထားတဲ့အားကို တထစ်လျှော့သွားစေတဲ့
ကောလဟလသတင်းတွေ
မခိုင်မာတဲ့သတင်းတွေ
နှစ်သိမ့်ဖျောင်းဖျတဲ့စာတွေ
မတင်ကြနဲ့
ဒီအချိန်ဟာ
လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး
ပါးရိုးကြီးတွေအပြိုင်အရိုင်းထလာတဲ့အထိ
အံကိုတင်းတင်းကြိတ်ထားကြရမှာ...
ဒီတကြိမ် စစ်သားတွေကို စစ်တန်းလျားပြန်ပို့ကြရမယ်
စစ်မင်းတွေ စစ်ဘုရင်တွေ
သက်ဦးဆံပိုင် ပဒေသရာဇ်မင်းတွေလို
စေတလုံးပိုင်တွေလက်ထဲက
ငါတို့သွေးသား ငါတို့ညီအကို စစ်သည်လေးတွေကို
ငါတို့ကယ်တင်ကြရမယ်
စစ်ဘုရင်တွေရဲ့သားစဉ်မြေးဆက် ဘဝစည်းစိမ်တွေအတွက်
စစ်ပလ္လင်ထက်ကနေပေးနေတဲ့အမိန့်အာဏာမှန်သမျှကိုရိုက်ချိုးပြီး
ငါတို့သွေးသား ပြည်သူ့စစ်သည်များကို
မှောင်ပိန်းကျအာဏာကျဉ်းနက်ကြီးထဲက
စာနာကြင်နာမှုမေတ္တာတရားတွေနဲ့ ဖိတ်ခေါ်ထွေးပွေ့ပေးရမယ်
ငါ့ညီ ငါ့အကို ငါ့သူငယ်ချင်းစစ်သည်အပေါင်းတို့
စစ်မိန့် ပစ်မိန့်တွေကို
အသိဉာဏ်နဲ့နှလုံးသားပေါင်းထားတဲ့ဗုံသံနဲ့
မင်းအဖေ မင်းအမေ မင်းညီအကိုမောင်နှမ
မင်းဆွေမျိုး မင်းသူငယ်ချင်းမိတ်ဆွေတွေ
အဆက်မပြတ်တီးနေတဲ့ သံပုံးခေါက်သံတွေကြား
တသားထဲ တသံထဲဖြစ်သွားအောင် ပူးပေါင်းလိုက်ရမှာ
တိုင်းပြည်ကောင်းစားချမ်းသာရေး ခေတ်မီတိုးတက်ရေး
ငြိမ်းချမ်းစည်ဖြိုးကြွယ်ဝရေးမှန်သမျှဟာ
မင်းလက်ထဲမှာ မင်းစိတ် မင်းနှလုံးသား မင်းအသိဉာဏ်ပါ
ဘယ်သူတဦးတယောက်က
ကြိုးကိုင်ခြယ်လှယ်အမိန့်ပေးထားမှုအောက်မှမဟုတ်ပါ
ငါ့ညီ ငါ့အကို ငါ့သူငယ်ချင်းစစ်သည်အပေါင်းတို့
မင်းဟာ ယူနီဖောင်းလေးချွတ်
အပြင်ကမမြင်နိုင်တဲ့ ခပ်ထူထူအိတ်လေးထဲထည့်ပြီး
မင်းမိဘ မောင်နှမတွေအိမ်ရှိရာ ရပ်ကွက်လမ်းလေးထဲ
မျက်နှာလေး မျက်နှာလေးအောက်ငုံ့ ခေါင်းငိုက်စိုက်ချလို့
ကုပ်ချောင်းချောင်းလေးပြန်လာခဲ့ရတာ ငါတို့စာနာမိရဲ့
တန်းစီချိန်အမီ စစ်ဖယ်ရီကားစီးဖို့ကိုလဲ
ဘယ်လိုမျက်နှာနဲ့သွားရပါ့မလဲအခက်အခဲ
ငါတို့သိပါရဲ့
မင်းမိဘ မောင်နှမတွေကြား
ထမင်းအတူစားဖို့တောင် ခက်နေပေရော့မယ်
မင်းငယ်ဆရာ ဘုန်းတော်ကြီးဆီ သွားဖူးဖို့လဲ
မင်းခမျာ ခက်နေပေရော့မယ်
လမ်းမှာခဏခဏဆုံတတ်တဲ့ အတန်းပိုင်ဆရာမ
မင်း မျက်နှာမပြရဲဖြစ်တော့မယ်
ဘောလုံးအတူကန်တဲ့သူငယ်ချင်းတွေရဲ့အကြည့်အောက်မှာ
မင်းမှာ နေစရာမရှိ ဖြစ်ရှာတော့မယ်
အော် မင်းချစ်သူကောင်မလေး
ဘယ်လိုများတွေးနေမလဲ တွေးနေလဲလို့
မင်း မမေးရဲမစမ်းရဲ ဖြစ်တော့မယ်
တကယ်တော့
မင်းမိဘ မင်းမောင်နှမ မင်းဆွေ မင်းသူငယ်ချင်း
မင်းဆရာ မင်းချစ်သူ ဆရာတော်အရှင်ဘုရားများ
အားလုံးက မင်းကို နားလည်စာနာနေကြတယ်
မင်းတို့ဟာ
ထမင်းကို အမိန့်အောက် စားနေရတယ်
မိဘကို အမိန့်အောက် ချစ်ရတယ်
ချစ်သူကိုတောင် အမိန့်အရချစ်ကြရ
အမိန့်အရဆိုရင်
ဗုဒ္ဓဘုရားတောင် သူတို့တွေနဲ့မျက်နှာတူအောင်
ထုဆစ်ပေးနေရတယ်
နောင်ဆို မြန်မာပြည်ကဘုရားပုံတော်တွေအားလုံး
ဘုရားပုတွေ ဖြစ်ကုန်ကြပေတော့မယ်
သူပုတော့ ဘုရားလဲပုရမယ်ဆိုတဲ့အမိန့်အောက်
ငါ့ညီ ငါ့အကို ငါ့သူငယ်ချင်း
မင်းတို့ ငါတို့သာမက
ဒို့သားစဉ်မြေးဆက်တွေ
ဦးချကော်ရော် နေရတော့မယ်
ငါ့ညီ ငါ့အကို ငါ့သူငယ်ချင်းစစ်သည်အပေါင်းတို့
ငါတို့မင်းတို့အားလုံး ဒီအဖြစ်က ရုန်းထွက်ဖို့လိုမလား
မြော်မြင်စဉ်းစားကြရမယ်
ဒို့တသက်မက နောင်အနာဂတ်အရှည်အတွက်
သိပ်ခက်ခက်ခဲခဲစဉ်းစားမနေရဘူးထင်တယ်
မင်းဘက်က
စစ်ဘုရင်တွေရဲ့သားစဉ်မြေးဆက် ဘဝစည်းစိမ်တွေအတွက်
စစ်ပလ္လင်ထက်ကပေးနေတဲ့အမိန့်အာဏာမှန်သမျှကိုရိုက်ချိုး
ဒို့တွေ အမြန်ဆုံး ပူးပေါင်းတိုက်ပွဲဝင်ကြတော့မယ်
မင်းကို မင်းမိဘ မင်းမောင်နှမ မင်းသူငယ်ချင်း မင်းချစ်သူ
အားလုံး အားလုံး
ပြည်သူအားလုံးက
အသန့်စင်အဖြူစင်ဆုံး စာနာမှုစိတ်နှလုံးသားနဲ့
ဖိတ်ခေါ်နေတယ်
ပြည်သူချစ်သောတပ်မတော်သားဆိုတာ
မတရားသော အမိန့်ဟူသမျှ ဖီဆန်ရဲတဲ့သတ္တိစစ်စစ်ရဲ့
သမိုင်းမှတ်ကျောက်အဖြစ် အဆုံးအဖြတ်ဆိုတာ
ဒီနေ့မင်းလက်ထဲက မင်းကိုယ်တိုင် စီရင်ရမယ့်တရားပဲညီအကိုတို့။ ။
ခင်လွန်း
ဖေဖော်ဝါရီ ၆၊ ၂၀၂၁
ညနေ - ၅း ၀၀ နာရီ