Breaking News

မောင်ကျော်မော် - ‘တိုက်ရဲပြီး တိုက်တတ်တဲ့ ခေါင်းဆောင်မှု’ အမြန်လိုအပ်နေပါတယ်




မောင်ကျော်မော် -   ‘တိုက်ရဲပြီး တိုက်တတ်တဲ့ ခေါင်းဆောင်မှု’ အမြန်လိုအပ်နေပါတယ်

(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁

၁။ စက်ရုံအလုပ်အရုံတစ်ခုက သပိတ်၊ တက္ကသိုလ်ကျောင်းသားလှုပ်ရှား၊ အရေးအခင်းတွေကနေ စလို့ လူထုတစ်ရပ်လုံး တခဲနက်အုံကြွပါဝင်ကြတဲ့ အရေးတော်ပုံကြီးတွေအထိ အဲဒီသပိတ်၊ လှုပ်ရှားမှု၊ အရေးအခင်းနဲ့ အရေးတော်ပုံကြီးတွေမှာ ပါဝင်ကြတဲ့ ပြည်သူတွေ သွေးမြေကျရတာဟာ ဘယ်လိုမှ မရှောင်မလွဲနိုင်တဲ့ကိစ္စပါ။ အရေးတော်ပုံကြီးတွေရဲ့ လှုပ်ရှားမှုဟာ လည်း အကန့်အသတ်ရှိတယ်ဆိုတာကို သတိပြုမိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။

၂။ ပြည်သူတွေရဲ့လှုပ်ရှားမှုတွေဟာ လက်နက်မပါငြိမ်းချမ်းစွာ ဆန္ဒပြတာကနေ အစချီတာပါ။ ပစ်ခတ်မှုတွေ ဖြစ်ရတာက လည်း ပြည်သူတွေက သွေးဆာရန်စ လို့ (လုံးဝ) လုံးဝ မဟုတ်ဘဲ။ အုပ်စိုးသူက ပြည်သူတွေရဲ့သွေးနဲ့အသက်ကို ဖက်ရွက်လို သဘောထားကြလို့ဖြစ်တယ်။ ဒင်းတို့ကတော့ လျှာအရိုးမရှိတဲ့ အရှက်ကင်းမဲ့စွာ အကြောင်းမျိုးစုံပြမှာပေါ့။ လက်ပန်းတန်း ကကျောင်းသားသပိတ်မှာတော့ ကျောင်းသားတွေက ‘ရေသန့်ဘူးနဲ့ပေါက်လို့’ ရဲက အကြမ်းဖက်ရတာပါတဲ့။ ဘယ်လောက် သေးသိမ်တဲ့ အကြောင်းပြချက်ဖြစ်ပါသလဲ။ တကယ်တော့ အကြမ်းဖက်ဖိနှိပ်ဖြိုခွဲချေမှုန်းဖို့ ‘ရမယ်’ရှာတာပါ။

၃။ ဒင်းတို့ဟာ ပြည်သူတွေရဲ့သွေးနဲ့အသက်ကို ဖက်ရွက်လိုသဘောထားတာမဟုတ်ဘဲ၊ သူတို့လက်အောက်က ကြေးစား ကျွန်မိုက်လက်မရွံ့တွေကိုလည်း လိုအပ်ရင် လိုအပ်သလို ထိုးကျွေးစတေးပစ် ဖို့လည်း ဘယ်တော့မှ လက်မနှေးဘူး။ သိပ်ပြီး တော့ သွေးအေးလက်ယဉ်တယ်။ ဒီလို အဖြစ်ကို အဲဒီကြေးစားကျွန်မိုက်တွေက သဘောမပေါက်ကြဘူး။ သူတို့သခင်ရဲ့ ‘အာဏာမဏ္ဍိုင်’ ကို မိုက်မိုက်ကန်းကန်း အကာအကွယ်ပေးလေ့ရှိတယ်။

၄။ အထက်မှာ တင်ပြခဲ့တဲ့ သမိုင်းလက်တွေ့ အတွေ့အကြုံမျိုးတွေဟာ အခု လက်ရှိ အရှိန်အဟုန်နဲ့ တတိုင်းတပြည်လုံးအနှံ့ ဆူနာမီလှိုင်းလုံးကြီးများလို အုံကြွပေါ်ပေါက်နေတဲ့ (CDM) ပြည်သူ့အရေးတော်ပုံကြီးမှာလည်း မလွှဲနိုင်မရှောင်နိုင်ကြုံတွေ့ ခဲ့ကြရပြန်ပြီ။ သွေးမြေကျခဲ့ရပြီ။ ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ လှုပ်ရှားနေတဲ့ (CDM) ပြည်သူ့လှုပ်ရှားမှုဟာ (၉-၂-၂၀၂၁) ရက်နေ့မှာ သွေးစွန်းခဲ့ရပြီ။ နေပြည်တော်မှာ “ကျောင်းသူ မမြသွဲ့သွဲ့ခိုင်” အသက်ပေးခဲ့ရပြီ။

၅။ “ပြည်သူတွေနာမှာစိုးတယ်၊ ပြည်သူတွေမနာစေချင်ဘူး” ဆိုတဲ့ စေတနာဆန္ဒဟာ ကြားရတဲ့အခါ အင်မတန်မှ ဆွတ်ပျံ့ ကြည်နူးဖွယ်ရာပါပဲ။ ဒါပေမယ့် သမိုင်းနဲ့ အခုကြုံလိုက်ကြရပြီဖြစ်တဲ့ မျက်မှောက်လက်တွေ့က အဲဒီစေတနာဆန္ဒအတိုင်း ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သွေးအသက်နဲ့ အဖြေပေးနေပြီ မဟုတ်ပါလား။

၆။ ဒါကြောင့် အကြိမ်ကြိမ်သွေးစွန်းနာကျင်နေရတဲ့ အဆိုးသံသရာစက်ဝိုင်းကို အပြီးအပြတ် ဖြတ်တောက်ပစ်ဖို့ မလွဲမသွေ လိုအပ်ပါတယ်။

၇။ အုပ်စိုးသူတွေက သူတို့အုပ်စိုးမှုကို အခြေအမြစ်ကနေ ထိခိုက်လာတဲ့အခါ၊ ထိထိမိမိ ကိုင်လှုပ်လာတဲ့အခါရောက်ပြီဆိုရင် အရက်စက်ဆုံး အရိုင်းစိုင်းဆုံး တဲ့ လူမဆန်တဲ့နည်းမျိုးစုံနဲ့လူထုလှုပ်ရှားမှုတွေကို အဆက်မပြတ် တန်ပြန်ပြုမူတော့တာပဲ။ သူတို့ချုပ်ကိုင်ထားတဲ့ စည်းကမ်း၊ အမိန့်၊ ဥပဒေ၊ တရားရုံး၊ ရဲတပ်၊ လုံထိန်းတပ်၊ တုတ်၊ ဒိုင်း၊ မျက်ရည်ယိုဗုံး၊ မီးသတ်ကား၊ ရာဘာကျည်ကနေ နောက်ဆုံး မှာ စစ်တပ်ကိုထုတ်သုံးပြီး လူထုလှုပ်ရှားမှုတွေကို ပက်ပက်စက်စက် ချေမှုန်းတာပါပဲ။ “တပ်ကို သုံးကို မသက်သာဘူးသာမှတ်” ဆိုတဲ့ စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ့ ကြိမ်းဝါးသံအတိုင်း ယနေ့စစ်အုပ်စု ထိပ်သီး ဗိုလ်မင်းအောင်လှိုင်က လက်တွေ့ပစ်ခတ်လာခဲ့ပြီ။ ရဲလို့ အမည်ပဲခံခံ၊ တကယ်ရဲပဲဖြစ်ဖြစ် စစ်အုပ်စုဟာ သူတို့ရဲ့ တဇောက် ကန်းလက်မရွံ့တွေကို ‘ရဲယူနီဖောင်း - စစ်ယူနီဖောင်း - အရပ်ဝတ် - ချိတ်လုံချည် - သင်္ကန်း’ ဘာမဆို ဝတ်ပေးပြီး ဘာမဆို အမိန့်ပေးစေ ခိုင်းကြတာဖြစ်တယ်။ ဟိုကောင်တွေကလည်း ပေးတဲ့အမိန့်အတိုင်း မိုက်မိုက်ရူးရူးလုပ်မြဲလုပ်တယ်။

၈။ ဒါကြောင့် “ ရူးပြီးရဲနေတဲ့ မိုက်ရူးရဲ စစ်အာဏာရှင် ဗိုလ်မင်းအောင်လှိုင်နဲ့နောက်လိုက်တချို့” ရဲ့ လူမဆန်တဲ့ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲမှုတွေကို ‘ပြည်သူနာမှာ - ပြည်သူနာမှာစိုးတယ်’ ဆိုတာကို အကြောင်းလှလှပြပြီး နောက်ဆုတ်၊ အညံ့ခံ၊ အလျှော့ ပေးလို့ ဘယ်လိုမှမဖြစ်ပါဘူး။ ဒီတော့ ကျနော်တို့မှာ ရွေးချယ်စရာက အကျအဆုံးနည်းနိုင်သမျှနည်းအောင် အသေအချာ တွက်ချက်ပြီး ကျနော်တို့ရဲ့အင်အားနဲ့အရှိန်အဟုန်ကို ဆထက်ထမ်းပိုးတိုးပြီး နည်းလမ်းမှန်သမျှကို ဖွင့်လှစ်ကာ ရဲရဲရင်ဆိုင် ကြရပါလိမ့်မယ်။ တခွင်တပြင်လွှမ်းခြုံကာ ‘တိုက်ရဲပြီး တိုက်တတ်တဲ့ ခေါင်းဆောင်မှု’ အမြန်လိုအပ်နေပါပြီ။

၉။ ‘သွေးမစွန်းတဲ့၊ သွေးမြေ မကျဖူးတဲ့ လူထုလှုပ်ရှားမှု’ ဆိုတာ ဘယ်တိုင်းပြည်ရဲ့ သမိုင်းလက်တွေ့မှာမှ မရှိပါဘူး။ ကိုလိုနီ ခေတ်ကနေ ဒီနေ့အထိ ကျနော်တို့တိုင်းပြည်ရဲ့ လူထုလှုပ်ရှားမှုသမိုင်းလက်တွေ့ဖြတ်သန်းမှုက ယခင်ကလည်း မရှိခဲ့ကြောင်း၊ ယခုလည်း မရှိကြောင်း အခိုင်အမာသက်သေပြသနေပါတယ်။
 
၁၀။ ဒါကြောင့် ခေတ်အဆက်ဆက်မှာ ပြည်သူတွေ အကြိမ်ကြိမ်သွေးစွန်းနာကျင်နေရတဲ့ အဆိုးသံသရာစက်ဝိုင်းကို လုံးဝ (လုံးဝ)အဆက်ဖြတ်ပစ်ဖို့ဆိုရင် “စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင်ဖျက်ဆီးချေမှုန်းပစ်ဖို့ကလွဲပြီး အခြားမရှိ ပါကြောင်း လေးနက်တည်ကြည်စွာဖြင့် တင်ပြအစီရင်ခံအပ်ပါတယ်။

ရိုသေစွာဖြင့်
မောင်ကျော်မော်
၉ ဖေဖေါ်ဝါရီ ၂၀၂၁