Breaking News

ကိုသက်အောင် - မနှင်းဖြူ

Photo- Crd
မနှင်းဖြူ
ကိုသက်အောင်
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁

မနှင်းဖြူ (၁)
_________

ကျည်ဆန်ဟာ
တစ်တိုင်းပြည်လုံးရဲ့ ဦးခေါင်းကို ဖောက်ဝင်သွားတယ်
မနှင်းဖြူ ။

မင်းညီမလေး သေနတ်အထိခံရတယ်
ငါ့ညီမလေး သေနတ်အထိခံရတယ် ။ 

မနှင်းဖြူ (၂)
_________

ဘယ်ခွေးမှ 
အာဏာမသိမ်းဘူး မနှင်းဖြူ 
ခွေးထက် မိုက်တယ်ဆိုတာ ဒါမျိုးပေါ့ ။

မင်းညီမလေး
ငါ့ညီမလေး 
ငါတို့ တစ်တိုင်းပြည်လုံးရဲ့ ညီမလေး 
သူ့အသက်ကို စတေးလိုက်ရပြီ ။ 

မနှင်းဖြူရေ 
ဒီတိုင်းပြည်မှာ 
မတရားမှုကျည်ဆန်တွေ ဝေဆာလွန်း ။

မနှင်းဖြူ (၃)
_____________________________

လိုအပ်လို့ လျှောက်ကြရ 
လိုအပ်လို့ မြည်ဟည်းရ
လိုအပ်လို့ တောထရတာပါ မနှင်းဖြူ ။

ငါတို့ ဘယ်နည်းနဲ့မှ 
အမှောင်ခေတ်ထဲ ပြန်ရောက်လို့ မဖြစ်ဘူး ။

မနှင်းဖြူ (၄)
____________________________

မနှင်းဖြူ 
နိုင်ငံတော် ဝမ်းနည်းမှုကာလမှာ
မင်း ဘယ်ပျောက်နေလဲ ။

မင်းကို ရှာဖွေတဲ့အခါ ငါ့ကိုယ်ငါ ပြန်တွေ့ရတယ် 
ငါ့ကိုယ်ငါ ရှာဖွေတဲ့အခါ မင်း ဘယ်မှာလဲ ။

အာဏာရူးအစိုးရကို 
ရောက်ရာအရပ်က တော်လှန်ပါ ။

မနှင်းဖြူ (၅)
_________

မနက်ခင်းရဲ့ ပါဆယ်ဗူးကို ဖွင့်လိုက်တိုင်း
အာဏာသိမ်းယူမှုလို့ရေးထားတဲ့ လိင်အင်္ဂါအတုတွေ ။

တရားမဲ့ ပိုက်ကွန်ဟာ 
ငါတို့အပေါ် ဝဲကျလာတယ်

လမ်း​ရဲ့ခန္ဓာကိုယ်မှာ 
အတောင်ပံ​တွေ ပေါက်လာတယ် ။

တရားဓမ္မထံ 
ရုန်းကန် ပျံသန်းကြမယ် မနှင်းဖြူ ။

မနှင်းဖြူ (၆)
_________

လမ်းလျှောက်ပါ 
လက်သုံးချောင်းထောင်ပါ 
သံပုံးတီးပါ ။

တောက်တချက် ခေါက်လိုက်ခြင်းဟာလည်း 
မင်းရဲ့ တော်လှန်ရေး ခြေလှမ်းပေါ့ ။

မနှင်းဖြူ (၇)
_________

တီဗွီဖန်သားပြင်မှာ 
ယူနီဖောင်းနဲ့ ခွေးတစ်ကောင်က မိဘပြည်သူများလို့ မိန့်ခွန်းပြောကြားတယ် ။

ငါတို့ ဖုန်းတွေထဲမှာတော့ 
မိဘပြည်သူများဆီ ဦးတည်ထားတဲ့ သေနတ်ပြောင်းတွေ 
သွေးသံတရဲရဲတွေ
နောက်ထပ် မြသွဲ့ သွဲ့ ခိုင်တွေ ။

-စစ်တပ်ကျေးဇူး မူးလို့ ရှူစရာမရှိဘူး ။ 
 (ဟံသာဝတီ ဦးဝင်းတင်)

မနှင်းဖြူ (၈)
_________

ညီလေးရေ 
မင်းသတင်းတွေကြားရင် မနှင်းဖြူ ငို​အုံးတော့မယ် 
ငါလည်း 
စိတ်မကောင်းခြင်း ကြီးစွာပါ ။

မင်းအသက် ၁၆ နှစ်တဲ့ 
ကမ်းနားလမ်းမှာ ကုန်စိမ်းထမ်းသတဲ့
အခုတော့ 
မင်းဟာ နိုင်ငံတော်ကို ထမ်းတင်သွားတာပါ ။

သားမရတော့ဘူး
အဲ့ဒီနောက်တော့ 
ငါတို့လည်း ဗိုင်းခနဲ လဲကျ
တစ်နိုင်ငံလုံး ကမ်းနားလမ်းတွေ ဖြစ်ကုန်တယ် ။

မနှင်းဖြူရေ 
နိုင်ငံတော်​ သွေးမြေစွန်းပေမှုတွေ ဘယ်လောက်အထိလဲ။

ကိုသက်အောင်