Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၄ ရက် မြောက်နေ့ မြင်ကွင်း ...



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၄ ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁

စစ်အာဏာသိမ်းပြီး ၂၄ ရက်နေ့မြောက်သည်အထိ စစ်ကောင်စီဘက်က သပိတ်မှောက်ပြည်သူလူထုကြီးကို ပြန်လည်သွေးဆောင်စည်းရုံးနိုင်တာတွေ လုပ်နိုင်ပုံ မရသေးပါဘူး။ အာဆီယံနဲ့လှည့်ပြီး နိုင်ငံရေးထောက်ခံမှုအကူအညီတောင်းတာကလည်း ခရီးစဉ် မအောင်မြင်ပါ။ အဓိကသတင်းဓာတ်ပုံတွေမှာ ထင်ရှားတာကတော့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်ကို အာဆီယံအစိုးရတွေက လက်ခံတွေ့ဆုံပုံက အလွတ်သဘောဆန်နေတာကြောင့် စစ်ကောင်စီ ပြည်ပဆက်ဆံရေးမှာ အကြပ်ရိုက်နေဆဲ ဖြစ်နေပါတယ်။

၂၄ ရက်နေ့ သတင်းတွေမှာ စစ်ကောင်စီက ကုလကိုယ်စားလှယ်က ရာထူးက သူ့သဘောနဲ့ ထွက်တယ်လို့ ဆိုပါတယ်။ ၀ဏ္ဏမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်ခေါ်တယ်လို့ စာထုတ်ပါတယ်။ အဲသည်ရက်နဲ့တပြိုင်နက်တည်းမှာပဲ ၂၂ ရက်နေ့တုန်းကတည်းက CRPHက ခန့်လိုက်တဲ့ ချင်းတိုင်းရင်းသား ဆရာဝန် ဒေါက်တာဆာဆာက ကုလကိုယ်စားလှယ်အဖြစ် မီဒီယာတွေအားလုံးမှာ အင်တာဗျူးတွေ ပေးတဲ့အပြင် စစ်ကောင်စီနဲ့ ပြည်ပက မြန်မာသံရုံးတွေကိုပါ သတိပေးစကားပြောလိုက်ပါတယ်။ စစ်ကောင်စီက လူထု၏ တရားဝင်အစိုးရမဟုတ်ကြောင်းနဲ့ ပြည်ပက မြန်မာသံရုံးတွေ CDM လုပ်ပြီး CRPH ကို ထောက်ခံမှုပြဖို့ လိုကြောင်း သတိပေးလိုက်ပါတယ်။ ပြည်တွင်း ပြည်ပက လူထုဟာ ဒေါက်တာဆာဆာ၏ ရပ်တည်ချက် သဘောထားနဲ့ ပြောဆိုတင်ပြမှုတွေကို များစွာ နှစ်သက်အားရကြပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေတာကို တွေ့ရပါတယ်။  ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားဟောင်းတွေ အားလုံးက အခုချိန်မှာ မြန်မာပြည်အရေးကို ခွန်စိုက်အားစိုက် ဝိုင်းပြီး တတ်နိင်သလောက် ဝန်းရံဆောင်ရွက်နေကြတာကြောင့် ဒေါက်တာဆာဆာ အခုလို ထွက်ရပ်တည်လာတာ သူတို့အတွက် အင်အားကြီးစွာ ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲတုန်းက စစ်အစိုးရက အာဏာမလွဲပေးလို့ NLD က NCGUB စင်ပြိုင်အစိုးရထောင်ခဲ့ဖူးပါတယ်။ အဲသည်တုန်းက အဝေးရောက်ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက အခု CRPH ရဲ့ နိုင်ငံတကာကိုယ်စားလှယ်ခန့်တာကို အလွန်ဝမ်းသာပြီး ထောက်ခံပါတယ်။ အစိုးရဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ ခန့်ပြီး လွှတ်လိုက်တာထက် လွှ့တ်တော်ကနေ ကိုယ်စားလှယ်သဘော၊ သံအမတ်သဘောလွှတ်တာဟာ အလွန်ကို လုပ်ရ ကိုင်ရ သွားလာရ လွယ်ကူတယ်၊ ဝင်ဆန့်တယ်လို့ သူက ပြောပါတယ်။ မြန်မာပြည်တွင်းကလည်း ဒေါက်တာဆာဆာနဲ့ ဦးထင်လင်းအောင်တို့ကို ထောက်ခံတဲ့ အင်အားပြပွဲတွေ ပြည်တွင်းမှာ ၂၆ ရက်နေ့မှာ လုပ်ကြမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ နည်းမျိုးစုံနဲ့ ဝါဒဖြန့်တာ နိုင်ငံရေးတိုက်ကွက်တွေ ထုတ်သုံးတာကို ဆက်လုပ်နေတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်၏ အတိုင်ပင်ခံဝန်ကြီးရုံးကို ဖျက်သိမ်းတယ်လို့ စာထုတ်တယ်လို့ ဆိုပါတယ်။ လူထုက သနပ်ခါးကင်ပိန်းလုပ်တော့ သူတို့ကလည်း သနပ်ခါးပွဲတော်ဆိုပြီး ကြေညာပြန်ပါတယ်။ ခေတ္တခေါက်သိမ်းထားတဲ့ ၅ထောင်ကျပ်စား မင်းမဲ့စရိုက်အကြမ်းဖက်သမားတွေ ကားတွေနဲ့ ခေါ်ထုတ်ပြီး ဆန္ဒပြပြည်သူတွေ သပိတ်မှောက်ဝန်ထမ်းတွေကို လမ်းတွေမှာ တိုက်ခိုက်ဖို့ ပြန်လည် ပြင်ဆင်နေတယ်လို့ သတင်းထွက်လာပါတယ်။ (ဖေ ၂၅ မနက်မှာ ရန်ကုန်လမ်းမတွေမှာ တိုက်ခိုက်မှုအချို့ လုပ်ပြီးပါပြီ)။ သတင်းမှားတွေ လုပ်ကြံသတင်းတွေကို စစ်ကောင်စီနဲ့ အလိုတော်ရိတွေက ရည်ရွယ်ချက်ရှိရှိ ဆိုရှယ်မီဒီယာမှာ တင်ဆက်နေဆဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၆ မှာ စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီး နောက်ထပ်ရွေးကောက်ပွဲတခု လုပ်ဖို့ ညှိနှို်င်းမယ် ကြေညာထားတာကြောင့် မြန်မာပြည်သူတွေကလည်း အဲသည်နေ့မှာ ပြည်လုံးကျွတ် လမ်းပေါ်ထွက် ကန့်ကွက်ပွဲ ရှုတ်ချပွဲတွေ လုပ်မယ်လို့ တန်ပြန် ကြွေးကြော်ထားလိုက်ပြီ ဖြစ်ပါတယ်။

CDM လှုပ်ရှားမှုကို ဆက်ပြီး အရှိန်မြှင့်ဖို့ သပိတ်မှောက်ဝန်ထမ်းတွေကို ရပ်ကွက်အလိုက် ဒေသခံတွေက ထောက်ခံအားပေးကူညီဖို့ ပိုပြီး ဆောင်ရွက်လာကြပါတယ်။ ဝန်ထမ်းစာရင်းတွေ ကောက်ယူပြီး မိမိတို့ဖာသာ ဝိုင်းကြီးချုပ်စနစ် (လူ ၅ စု ၁၀ စု လက်တွဲပြီး) နဲ့ ကူညီ စောင့်ရှောက်ကြဖို့ ပြင်ဆင်နေကြတာ တွေ့ရပါတယ်။ CRPH တိုက်တွန်းသလို ရပ်ရွာအလိုက် အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့ကြတာ၊ စစ်ကောင်စီနောက်ခံထွေအုပ်တွေကို ဖယ်ရှားတာတွေလည်း လုပ်လာကြတာ တွေ့ရပါတယ်။ CDM ဝက်ဆိုက်တွေ CRPH ဝက်ဆိုက်တွေလည်း ထုတ်ပြန်လာကြတာကို တွေ့ရပါတယ်။

၂၄ ရက်နေ့ကတော့ မြန်မာပြည်သူတွေအတွက် စိတ်သက်သာမှု အနည်းငယ်ရတဲ့ နေ့ဖြစ်ပါတယ်။ သို့သော်လည်း နောက်ရက်တွေမှာလည်း မလျော့တန်း နောက်မဆုတ်တန်း လမ်းပေါ်သပိတ် ဝန်ထမ်းသပိတ် CDM ထောက်ပံ့ကူညီမှု မိမိရပ်ရွာကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှုတွေ ဆက်ပြီး လှုပ်ရှားကြရဦးမှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီကလည်း မင်းမဲ့စရိုက်အကြမ်းဖက်သမားတွေနဲ့ တုန့်ပြန်တိုက်ခိုက်နေမှာကတော့ သေချာပါတယ်။